Monday, April 19, 2010

မီးပြန်လာပြီ











မြန်မာပြည်နဲ့ပါတ်သက်ရင် လျှပ်စစ်မီးအကြောင်း ပြောပေါင်းလည်း များလှပြီ။
ပြောတိုင်းလည်း မရိုးနိုင်။ နေ့စဉ်ကြုံရတဲ့ ဒုက္ခကိုး။ နှစ်ပေါင်း၂၀ကျော်အတွင်း
မီးတောင် နပ်မှန်မှန်လာအောင် မလုပ်နိုင်တဲ့ ကိုယ်ရွှေစစ်ဗိုလ်ချုပ်များကိုလည်း
ပို့စရာ မေတ္တာက ကုန်တာကြာပြီ။

ရွေးကောက်ပွဲကိုသာ နောက်တကြိမ်ဖြစ်အောင်လုပ်ဖို့ တတ်နိုင်ကြတယ်။
မီးတော့လာအောင် မလုပ်နိုင်ရှာဘူး။ ပြည်သူတွေကို စေတနာမရှိမှန်း
သိပြီးသားပါ။ ဒီကြားထဲ နေပြည်တော်တခုထဲ ကွက်ပြီး မီးမှန်ကြောင်းလုပ်ပြ
နေသေးတယ်။ ထားပါတော့ ။

မြန်မာပြည်ကလာတဲ့ ၂နှစ်သားအရွယ် ကလေးပေါက်စတယောက်နဲ့သူ့အမေ
အိမ်မှာရောက်နေပါတယ်။ စကားပြောတတ်စပေါ့။ စရောက်တဲ့ရက်မှာပဲ သူပျင်းမှာ
စိုးလို့ ရုပ်မြင် သံကြားဖွင့်ပြလိုက်တော့ “ဟေး… မီးပြန်လာပြီဟေး” လို့ ထအော်ပါတယ်။
ပြီးမှ သူကြိုက်တဲ့ ကာတွန်းကားကိုဆက်ကြည့်ပါတယ်။

ထမင်းစားချိန်ရောက်တော့ အမေဖြစ်သူက "ဟော…မီးပျက်သွားပြန်ပြီ "လို့ပြောပြီး
ရုပ်မြင်သံကြားကိုပိတ်၊ ထမင်းကြွေးပါတယ်။ ဆရာသမားက သူအင်မတန်ကြိုက်တဲ့
ကာတွန်းကား အပိတ်ခံလိုက်ရတာကို အေးအေးဆေးဆေးနဲ့လက်ခံပြီး ထမင်းစား
ရှာပါတယ်။

သားအမိနှစ်ယောက်လုပ်နေပုံက ဘာမှဖြစ်မနေတဲ့အတိုင်း ပုံမှန်ပါ။ မြန်မာပြည်မှာက
မီးပျက်တယ်ဆိုတာ ပုံမှန်ကိစ္စပဲကိုး။ လူတိုင်းက လက်မခံချင်လည်း ခံနေရတဲ့နေ့စဉ်
ကိစ္စကြီးကိုး။ နှစ်ပေါင်းများစွာ ဒီပုံမှန်ကြီးနဲ့ ရှင်သန်နေထိုင်ရတဲ့လူတွေနဲ့ ဆုံရတဲ့အခါ။
တိုင်းပြည်နဲ့လူမျိုးအတွက် စိတ်မကောင်းဖြစ်မိတယ်။

့" ဒီမိုကရေစီမရရင်နေ.. မီးပုံမှန်လာရင်ပြီးရော"ဆိုတဲ့ မိတ်ဆွေတဦး ဒေါသတကြီးနဲ့
ညည်းတွားတဲ့အသံကို ပြန်ကြားမိတယ်။

ငယ်စဉ်ဘ၀ကကြားခဲ့ဖူးတဲ့ “ဆန်တပြည် ဆယ်ပြား ဦးနုလာမှစား” ဆိုတဲ့ စကားကို
ရှစ်လေးလုံးကာလမှာ တခါပြန်ကြားခဲ့ရသေးတယ်။ ရွေးကောက်ပွဲကာလ မဲဆွယ်တဲ့အခါ
သုံးကြတဲ့စကားဖြစ်မှာပါ။ အခုလည်း ရွေးကောက်ပွဲထပ်လုပ်ကြလိမ့်ဦးမယ်။ ဆန်နဲ့
မဲဆွယ်ကြမယ့်အစား လျှပ်စစ်မီးနဲ့မဲဆွယ်ရင် ကောင်းလိမ့်မယ်လို့ အကြံပြုပါရစေ။

ဦးနုသာကွယ်လွန်သွားခဲ့တယ်။ ဆန်တပြည် ဆယ်ပြားခေတ်ဆိုတာက မြန်မာပြည်မှာ
မရှိခဲ့ပါဘူး။ လျှပ်စစ်မီးလည်း ဆန်ကြွေးကြော်သံလိုဖြစ်မှာ စိုးရပါသေးတယ်။

မြန်မာကလေးငယ်တွေ မီးပျက်တာကို သည်းခံတတ်တဲ့အဖြစ်မျိုး မြင်ရတာ စိတ်
မကောင်းပါဘူး။ ကိုယ့်မှာလည်း အပြစ်ရှိသလိုခံစားရပါတယ်။ မီးပြန်လာပြီဟေးလို့
ပျော်ပြီးအော်နေတဲ့ ကလေးတွေရဲ့ အနာဂါတ်က ဘယ်လိုအနာဂါတ်မျိုးပါလိမ့်။
စဉ်းစားပေးကြပါဦး။

(ရုပ်ပုံ ဂူဂလ်)

4 comments:

Kaung Kin Ko said...

လူကြီးတွေလည်း အော်ရတာပဲဗျ။ ဟီးဟီး

ကလူသစ် said...

သမီးနဲ့တုန်းကလဲ အဲ့ကလိုပဲ။ ရန်ကုန်မှာ မီးပျက်တယ်၊ မီးလာတယ်ဆိုတာ ပြထားပြီးတော့ စလုံးပြန်ရောက်တော့ သူ့ကို အိပ်စေချင်ရင် “ဟော မီးပျက်သွားပြီ” ဆိုပြီး ညာချရတာ။ ဘာမှမပြောဘူး။ အဟုတ်ထင်နေတာ။ ရန်ကုန်က ကလေးတွေဆိုရင်တော့ ပြောမနေနဲ့တော့ဗျာ။ ဒါပေမဲ့ သိတ်တော့ အဆိုးမမြင်ပါနဲ့ဗျာ။ မြန်မာပြည်မှာ ၂၄နာရီ မီးမှန်နေပါပြီ။ တနိုင်ငံလုံးကို မီးလာချိန် တနှစ်စာပေါင်းလိုက်ရင် စုစုပေါင်း ၂၄နာရီ။

သက်ဝေ said...

ဒီလိုနဲ့ နိုင်ငံရေး ဦးတည်ချက်ထဲ မှာတော့
ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး ဆိုပဲ...း((

ကိုအာချောင် said...

အကိုတို့ဆီမှာတော့ မသိဘူး...
ဒီမှာတော့...
လျှပ်စက် မီး လာရင် ပျော်ရတဲ့ အပျော်...။
ရေ လာရင် ပျော်ရတဲ့ အပျော်...။
လက်ကိုင် ဖုန်း လိုင်းမိရင် ပျော်ရတဲ့ အပျော်...။
ဖုံးဆက်တဲ့အခါ လူကြီးမင်းနဲ့လွဲရင် ပျော်ရတဲ့ အပျော်..။
ဆန် တွေ နိုင်ငံခြားပို့ဖို့ ပိတ်တဲ့အခါ ပျော်ရတတဲ့ အပျော်...။
ဈေးထဲမှာ ငါး၊ပုစွန် တွေ တွေ့ရတဲ့အခါ ပျော်ရတဲ့ အပျော်...။
အပျော် ၊ အပျော် ၊ အပျော် တွေ ...
ကြုံရင် ကြုံသလို ပျော်ရတဲ့ အပျော်..."တွေ"...။
ခောတ်မှီတိုးတက်ငြိမ်းချမ်းသာယာဝပျောစက်မှုထွန်း ကား တဲ့ ကျနုပ် တို့ နိုင်ငံတော်အသက်စစ်စစ် ကြီးမှာ အများကြီးပဲ....။ ဟိ ဟိ ဟိ...