Tuesday, February 15, 2011

ကိုရီးယား နောက်ကြောင်းပြန်











လွန်ခဲ့တဲ့ ၂နှစ် အခုလိုအချိန်က ကိုရီးယားကို ရောက်ခဲ့တယ်။ ထိုစဉ်က
ရိုက်ခဲ့တဲ့ပုံတွေ တနေ့ကပဲ အမှတ်မထင် ပြန်တွေ့ရာက အခုလို နောက်
ကြောင်းပြန်ဇတ်လမ်း ပေါ်ပေါက်လာတော့တယ်။ အခုရှုပ်မှ နောင်ရှင်း။
ကိုရီးယားဆိုတာ တောင်ကိုရီးယားကို ပြောတာနော်။ မြောက်ကိုရီးယား
ကတော့ သွားချင်ပေမဲ့ မရောက်ဖြစ်သေးပါဘူး။

အပေါ်မှာမြင်ရတဲ့ပုံက ဆိုးလ်မြို့ တော်ရဲ့  ဆင်ခြေဖုံးမြို့ နယ်တခုက
လူစည်ကားရာ အရပ်ပေါ့။ နေသာတယ်ဆိုပေမဲ့ ကိုရီးယားဆောင်းရဲ့ 
အေးချက်ကတော့ နားရွက်တောင် ကြွေသွားမလား မှတ်ရတယ်။
မှတ်ထားကြ။ ကိုရီးယားကို ဆောင်းရာသီ သွားမလည်ကြနဲ့။ ဆောင်း
ရဲ့ အလှကို သူတို့ရုပ်ရှင်တွေထဲမှာပဲ အရသာခံကြ။










အေးတဲ့ဒေသရဲ့ သဘာဝအရ စွတ်ပြုတ်တွေ သောက်ကြတယ်။ အပေါ်
မှာမြင်ရတာ စွတ်ပြုတ်အိုးတွေပေါ့။ ကိုရီးယားတွေက ခွေးသားကြိုက်
တယ်။ ခုတ်ထစ်ပြီး ဆိုင်ပေါ်တင်ရောင်းနေတဲ့ ခွေးသားတွေ ဓါတ်ပုံ
တော့ ရိုက်ထားတယ်။ ချစ်ပိတ်သတ်ကြီး ရင်တုန်မှာစိုးလို့ မပြတော့ပါ
ဘူး။ ကိုရီးယားမိတ်ဆွေက ခွေးသားစားမလားလို့ မေးပါသေးတယ်။
သူတို့ရဲ့ အထူးဟင်းလျှာကို မိတ်ဆက်ပေးချင်လို့ မေးတာပါ။ ငါကလည်း
ယဉ်ယဉ်ကျေးကျေးပဲ ငြင်းခဲ့ပါတယ်။











ကိုရီးယားတွေချက်တဲ့ သူတို့ရဲ့ အစားအစာတွေကို တခြားနိုင်ငံတွေမှာ
မကြာခဏစားဖူးတယ်။ ကိုရီးယားမှာစားရတာက ပိုအရသာရှိသလိုပဲ။
ရေမြေသဘာဝ ကွာတယ်ဆိုတာ ဒါကိုပြောတာနေမှာ။ အခုချိန်ထိ မြန်
မာပြည်ကလို အုန်းနို့ခေါက်ဆွဲမျိုး တခါမှ မစားဖူးသေးဘူး။











ရောက်ခဲ့ဖူးတဲ့ တိုင်းပြည်တွေထဲက တက်ခဲ့ဖူးတဲ့ အိမ်သာတွေထဲမှာ
ကိုရီးယားက ဆပ်ပြာသုံးစွဲမှုလို ထူးခြားတာမျိုး မတွေ့ ဖူးပေါင်။ ငါ့မှာ
လက်ဆေးချင်တာတောင် ခပ်လန့်လန့်။











ကိုရီးယားတွေ အရက်ကြိုက်ကြတယ်။ ရာသီဥတုကလည်း အေးလှ
သကိုး။ အမျိုးသမီးတွေလည်း အရက်ကြိုက်တယ်။ ကိုရီးယားတွေနဲ့
အရက်သောက်ရတာ ပျော်ဖို့ကောင်းတယ်။ စတာ နောက်တာတွေရှိ
တော့ ရင်းနှီးမှုပိုရတယ်။ မူးရင်လည်း ကုန်းပိုးပြီးပို့ကြတယ်။ ကိုရီးယား
ဇတ်လမ်းတွေမှာ မြင်ဖူးကြမှာပေါ့။ အဲဒါ တကယ်ပဲ။ အပေါ်က ပုံက
အရက်ဆိုင်လမ်းကြားတခုရဲ့  နေ့လည်ခင်း မြင်ကွင်းပါ။ ဆိုင်တွေ မဖွင့်
ကြသေးဘူး။














ကိုရီးယားရထားတွေက ကျယ်ကျယ်လွင့်လွင့်ရှိတယ်။ သန့်သန့်ရှင်းရှင်း
ရှိတယ်။ ကြော်ညာတွေနဲ့ မျက်စိနောက်မနေဘူး။ ကိုရီးယားအကြောင်း
ပြောမယ်ဆိုရင် ကိုရီးယားမလေးတွေအကြောင်း အပါအ၀င် တော်တော်
များများ ပြောဖို့ရှိသေးတယ်။ အခြေအနေ ကြည့်သေးတာပေါ့။ ကဲ..ကဲ...
ကျန်းမာကြပါစေ..။ အာညောင်ကာဆေးယိုး...။

(ဓါတ်ပုံ ၊ ငါ့လက်ရာတွေပေါ့ကွာ...)

Sunday, February 13, 2011

၈၂း၃၀း၁၈ အီဂျစ်ဂုဏ်ပြု











" အလ္လာဟ်... အာ့ခ်ဘာ" ဘုရားသ္ခင်သည် ကြီးမြတ်တော်မူ
ပေ၏ ။ ရင်တမမနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ရတဲ့ အီဂျစ်
တော်လှန်ရေး။ အောင်ပြီ...အောင်ပြီ...အောင်ပြီ...။ " အလ္လာဟ်..
အာ့ခ်ဘာ" ဘုရားသ္ခင်သည် ကြီးမြတ်တော်မူပေ၏ ။

နှစ်ပေါင်း၃၀ကြာ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့ ၈၂နှစ်အရွယ် အာဏာ
ရှင် မူဘာရက်။ ပြည်သူတွေရဲ့ ဆန္ဒကို နောက်ဆုံးအချိန်ထိ နည်းမျိုး
စုံနဲ့ ကလိန်ကကျစ်လုပ်ဖို့ ကြိုးစားခဲ့သူ။ ၁၈ရက်ကြာ နေ့ညမဆဲ
လူထုတိုက်ပွဲ နွှဲခဲ့လို့ အာဏာကို စွန့်ခဲ့ရပြီ။

ဒီတိုက်ပွဲမှာ လူသုံးရာကျာ် အသက်ပေးခဲ့ရတယ်။ ဖေဖေါ်ဝါရီ
၁၁ ရက်။ သောကြာနေ့ ။ ညနေခင်း ၀တ်ပြုချိန်။ ကိုင်ရိုမြို့ 
တော်က လွတ်မြောက်ရေးရင်ပြင် သပိတ်စခန်းမှာ ခဏတာ
တိတ်ဆိတ်သွားခဲ့တယ်။ ဆန္ဒပြသူတွေရဲ့  ရင်ထဲမှာ ခဏတာ
အေးချမ်းခဲ့တယ်။ သူတို့ရဲ့ စိတ်အာရုံတွေကို တမန်တော်မြတ်
ဆီပို့ပြီး ခဏတာ စုစည်းခဲ့ကြတယ်။

မနေ့က ၁၇ရက်ကြာတဲ့အထိ အာဏာရှင်က မလျှော့တမ်း
ထိမ်းချုပ်နေတုန်းမို့ အီဂျစ်ပြည်သူတွေရဲ့  ဒေါသကို ကြွသ
ထက်ကြွအောင် ဆွပေးသလိုဖြစ်ခဲ့တယ်။ သောကြာနေ့မှာ
လူထုအင်အား ပိုများလာခဲ့တယ်။

မြို့ တော်ရဲ့ လမ်းမတွေပေါ်မှာ တင့်ကားတွေ၊ စစ်သားတွေ
အချိန်ပြည့်ရှိနေတယ်။ ဒုသမ္မတကလည်း ဆန္ဒပြမှုတွေ ရေ
ရှည်ဖြစ်လာတာကို အစိုးရက စိတ်ရှည်မှာ မဟုတ်ဘူးလို့
ချိန်းခြောက်ထားတယ်။

ငြိမ်းချမ်းတဲ့ လူထုတိုက်ပွဲကို ဘယ်အချိန်မှာ အကြမ်းဖက်
ဖြိုခွဲမလဲ။ စစ်တပ်က အစိုးရနဲ့ပြည်သူအကြား ဘယ်လောက်
ကြာအောင် ကြားနေပေးနိုင်မလဲ။ အစိုးရလက်ကိုင်ဒုတ်တွေရဲ့ 
တိုက်ခိုက်မှုအသစ်တွေ ဘယ်လိုပေါ်လာဦးမလဲ။

"အို....ထာဝရဘုရားသ္ခင်..အလ္လာဟ်ရှင်တော်မြတ်"
အာဏာရှင်ကို ဖြုတ်ချရေး အသက်ပေးသူတွေ မျက်မြင်
ကိုယ်တွေ့ ရှိခဲ့ပြီ။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေလည်း အဖမ်း
ခံထားရပြီ။ ကျွန်တော်မျိုးတို့ရဲ့ လှုပ်ရှားမှုကို တကမ္ဘာလုံး သိ
နေပြီ။ ကြည့်နေပြီ။ နောက်မဆုတ်ဘူး။ နောက်မဆုတ်ဘူး။
ဘယ်တော့မှ နောက်မဆုတ်တော့ဘူး။ ကျွန်တော်မျိုးတို့ရဲ့ 
တော်လှန်ရေးကို ထာဝရဘုရားသ္ခင် စောင့်ရှောက်တော်မူပါ။
" အလ္လာဟ်... အာ့ခ်ဘာ"

ဘုရားရှင်ကို ၀တ်ပြုခဲ့တဲ့ သောကြာနေ့ ညမှာပဲ အီဂျစ်က
အာဏာရှင် ဟူစနီ မူဘာရက် သမ္မတအဖြစ်က စွန့်လွှတ်
သွားခဲ့ပါတယ်။ အီဂျစ်ပြည်သူတွေရဲ့  ပျော်လွန်းလို့ ငိုကြတဲ့
ပုံတွေကို မျက်ရည်ဝဲပြီး ထိုင်ကြည့်နေခဲ့တယ်။

အို....အမိမြန်မာပြည်...သင်သည် ကံဆိုးလှပေစွ...။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, February 10, 2011

ဝိရောဓိ
















နိုင်ငံခြားမှာ နေတာကြာပေမဲ့ ထမင်းနဲ့ဟင်းကို ကြိုက်နေတုန်း။
မြန်မာ့ရှေးသီချင်း မဟာဂီတဆိုတာကြီးကို မကြိုက်ဘူးဆိုပေမဲ့
ဒိုးပါတ်ဝိုင်းနဲ့ နတ်ဆိုင်းကို ကြိုက်တယ်။

လုံချည်ဝတ်တာနဲ့ ခေါင်းဖြီးတာကို မကြိုက်ဘူးဆိုပေမဲ့ ဘောင်း
ဘီဖင်ကြပ် မ၀တ်ချင်ဘူး။ ဆံပင်အရှည် မထားချင်ဘူး။ (အရင်
က သုံးပေကျော်အောင် ထားခဲ့ဖူးတယ်)။

လက်ပတ်နာရီ မကြိုက်ဘူး။ ဘုရားရှိခိုးတာ မကြိုက်ဘူးဆိုပေမဲ့
ဘယ်အချိန်ရှိပြီလဲလို့ မေးရတာ ကြိုက်တယ်။ ဘုရားကိုလာတဲ့
ကောင်မလေးတွေကို ငေးရတာ ကြိုက်တယ်။(အရမ်းလှအောင်
ဝတ်မထားဘူး။ ဒါပေမဲ့ ကြည့်လို့ကောင်းအောင် ၀တ်ထားကြတယ်)

နိုင်ငံရေးမှာ တပါတီစံနစ်ကို မကြိုက်ဘူးဆိုပေမဲ့ ပါတီတွေများ
နေရင်လည်း မကြိုက်ပြန်ဘူး။ ဆိတ်သားဟင်း မကြိုက်ဘူး။
ဂျော်နီလမ်းလျှောက်လည်း မကြိုက်ဘူး။ ဒါပေမဲ့ အရက်သောက်
တာ ကြိုက်တယ်။ မညှီအောင်လုပ်ထားတဲ့ ဆိတ်သားကင်ဆို
ကြိုက်တယ်။ မုန့်ဟင်းခါးစားရင် ငှက်ပျောအူပါတာ ကြိုက်တယ်
ဆိုပေမဲ့ အဲဒါတွေက သွားကြားညပ်တတ်တော့ မကြိုက်ပြန်ဘူး။

ကုလားဟင်းကို တခါတခါ စားချင်ပေမဲ့ ကုလားပြည်ကို တခါ
တလေတောင် သွားချင်စိတ်မရှိဘူး။ (လမ်းဘေးမှာ အီးပါကြ
တယ်ဆိုလို့) ငါရိုက်ထားတဲ့ ဓါတ်ပုံကို ခွင့်ပြုချက်မတောင်းပဲ
ယူသုံးရင် မကြိုက်ဘူးဆိုပေမဲ့ ငါကိုယ်တိုင် ဂူဂယ်က ပုံတွေကို
ခွင့်ပြုချက်မယူပဲ ထင်တိုင်းကျဲတယ်။

ဒီစာကို ဆက်ရေးချင်သေးတယ်ဆိုပေမဲ့ ပျင်းတာနဲ့ ဒီမှာပဲ ရပ်
လိုက်တော့မယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, February 5, 2011

ကကြမလား
















မကဖူးတဲ့သူ မရှိဘူးလို့ထင်တာပဲ။ ဘုန်းကြီးတွေတောင် လူဘ၀က
ကဖူးကြလိမ့်မယ်။ ချိုမိုင်မိုင်ဆိုတာ လူ့အကရဲ့  အစပေါ့။ တဖြည်း
ဖြည်းနဲ့ ချိုမိုင်မိုင်အဆင့်ကနေ ချဉ်မိုင်မိုင်၊ ငန်မိုင်မိုင်၊စပ်မိုင်မိုင်တွေ
ဖြစ်လာပြီး ဒိုးဒိုးဒွန့်ဒွန့်နဲ့ ကွေးကွေးကောက်ကောက်တွေ ကလာ
ကြတာ။ ဒါပေမဲ့ တကယ်တမ်း ကတတ်တဲ့သူကျတော့ နည်းနေ
ပြန်ရော။

တေးသွားနဲ့လိုက်ပြီး ဟိုလှုပ်၊ဒီလှုပ် လုပ်နေတာကို ကတယ်လို့
ခေါ်သလား။ ဒါဆိုရင် ကတတ်ပြီလား။ အကပညာကို လေ့လာ
သင်ယူ တတ်ကျွမ်းထားတဲ့သူ ကမှပဲ တကယ့်အကလို့ ခေါ်တာ
လား။ ၀ါသနာရှင်အဆင့်နဲ့ ကျွမ်းကျင်သူအဆင့် ကတာခြင်း
မတူနိုင်ပေမဲ့ ကတာဟာ ကတာပါပဲ။

ပြောချင်တာက လူဟာ မကြာမကြာ ကနေဖို့လိုအပ်တယ်
ဆိုတာပါ။ လူအများစုက အဆိုများပြီး အကနည်းကြတယ်။
ကတာက အလုပ်ပိုရှုပ်လို့ ဖြစ်လိမ့်မယ်။ သီချင်းဆိုတာကတော့
အိမ်သာတက်ရင်းပဲ ဖြစ်ဖြစ်၊ စက်ဘီးနင်းရင်းပဲ ဖြစ်ဖြစ်၊ ဟင်း
ချက်ရင်းပဲ ဖြစ်ဖြစ် လုပ်လို့ရပေမဲ့။ ကတာကတော့ အဲသလို
လုပ်ရင် သိပ်အဆင်မပြေလှဘူး။

ပြောချင်တာက ဆိုလည်းဆို ကလည်းက လုပ်ကြရင် လူ့
ဘ၀ကြီး ပိုပြီးသာယာလာနိုင်တယ် ဆိုတာပဲ။ အခုခေတ်
က အလုပ်ပိုရှုပ်တဲ့ခေတ်ဆိုတော့ စိတ်လည်းပိုရှုပ်တယ်။
အရှုပ်တွေကို ရှင်းကြတဲ့နည်းတွေထဲမှာ တရားထိုင်၊ ဖဲရိုက်၊
ဘုရားသွား၊ အရက်သောက်၊ ပုတီးစိပ်၊ရုပ်ရှင်ကြည့်ဆိုတာ
တွေလို တေးဂီတနဲ့ ကတာဟာလည်း ထိရောက်တဲ့နည်း
တခုပဲလို့ မိတ်ဆွေတို့ကို ထပ်ပြီး သတိပေးလိုက်ပါတယ်။

ခေတ်က ပိုရှုပ်လာတော့ သီချင်းဆိုတာလောက်နဲ့တင် မရ
တော့ဘူး။ အဆိုရော အကရော တွဲပြီးရှင်းမှ တော်ကာကျမယ့်
အနေအထားရောက်လာပြီလို့ ဆိုလိုချင်တာပါ။ အခုကိုပဲ ကွန်
ပြူတာရှေ့ မှာ တရက်တရက် အချိန်တော်တော်ပေးပြီး ထိုင်
နေရတာ အညောင်းမိတတ်လာပြီကိုး။ ကမှဖြစ်တော့မယ်
ကိုယ့်လူ။

ကိုင်း..ဒါဆိုရင် ဘယ်မှာ ကကြမလဲ။ ဘယ်လို ကကြမလဲ။
ကြုံတဲ့နေရာမှာ ကြုံသလိုပဲ ကကြမလား။ ဟုတ်ကဲ့။ ဒီနည်း
က အကောင်းဆုံးလို့ ထင်ပါတယ်။ ဒစ္စကိုသွားပြီး ကတာ
လည်း တမျိုးကောင်းတာပါပဲ။ အေရိုးဘစ်ကစားရင်း ကတာ
လည်း ကောင်းတာပါပဲ။

ခက်တာက မြန်မာပြည်က လူအများစုက ကရမှာ ၀န်လေး
တတ်ကြတဲ့ အချက်ပဲ။ ကတဲ့အလေ့အကျင့် သိပ်မရှိကြလို့
ဝန်လေးတယ်လို့ ထင်ပါတယ်။ သင်္ကြန်လိုအခါရောက်မှ မူး
သလိုလို၊ ရူးသလိုလိုနဲ့ ရောရောယောင်ယောင် ကတတ်ကြ
တာကိုး။ အလေ့အကျင့်ဆိုတာ လေ့ကျင့်ပြီးယူရတာမျိုးပါ။

ကတဲ့ အလေ့အထမရှိသူတွေက ကိုယ့်ကိုကိုယ် မကတတ်
ဘူးလို့ သတ်မှတ်ထားကြတော့ ကရမှာကို ရှက်ကြတယ်။
ကြောက်ကြတယ်။ ကကြရအောင်လို့ခေါ်ရင် ငါ မကတတ်
ဘူးလို့ ပြောတတ်တယ်။ ကိုယ့်ထက်ပိုပြီး အကကောင်းသူ
တွေရှေ့ မှာဆို လှုပ်ဖို့တောင် မတတ်တော့သလို ဖြစ်ကုန်တယ်။

တကယ်တော့ ငါကလည်း ကတတ်လို့ ရေးနေတာ မဟုတ်ဘူး။
ကမှဖြစ်မယ့်ခေတ်ကို ရောက်လာလို့ နှိုးဆော်လိုက်တာပါ။
နောက်မှပဲ ကကျိုးကကွက်တွေအကြောင်း ဆက်ရေးမယ်။
သီချင်းသံကြားရင် ခဏထပြီး ဟိုလှုပ်ဒီလှုပ် လုပ်ကြည့်စမ်းပါဦး။
ပျော်ဖို့ကောင်းတယ်။ ဟဲ..ဟဲ..။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, February 2, 2011

ယုန်
















ယုန်နှစ်ဆိုလို့ ကဗျာတပုဒ်ကို သတိရမိတယ်။ သွားလေသူ
ကဗျာသမား မောင်ချောနွယ်ရဲ့  “ ကိုက်လမ်း ” ဆိုတဲ့ နာမည်
ကြီး ကဗျာတပုဒ်ပါ။ လူအများ သိပြီးသားဆိုပေတဲ့ တိုက်ဆိုင်မှု
နဲ့ အမှတ်တရအဖြစ် မောင်ချောနွယ်ကို ထပ်မံဂုဏ်ပြုလိုက်ပါတယ်။
ကိုချောနွယ် ရောက်ရာအရပ်မှာ ပျော်ပါစေ။

“ ကိုက်လမ်း ”

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေ ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ
ခု...
လူနဲ့ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ...
ငါ့သစ္စာတရားဟာ ငါ့အသက်ကိုယူသွားကြပေါ့ ။ ။

(မောင်ချောနွယ်)


ယုန်ကိုချစ်လို့ မွေးကြသူတွေ မကြာခဏ တွေ့ ဖူးတယ်။
ယုန်သားကိုကြိုက်လို့ ချက်စားကြသူတွေလည်း မကြာခဏ
တွေ့ ဖူးတယ်။ ယုန်နှစ်ရဲ့ အစမှာတော့ တရုတ်သမ္မတကြီး
အမေရိကားကို ရောက်လာတယ်။ အီဂျစ်မှာ လူထုကြီး အုံကြွတယ်။
မြန်မာပြည်မှာ လွှတ်တော်ပေါ်တယ်။ ဒေါ်စု အင်တာနက်သုံးတယ်။
မင်းကိုနိုင်တို့လည်း အခုထိ မလွတ်သေးဘူး။

အားလုံး ကျန်းမာကြပါစေ ။ ငါလည်း ဒါပဲတတ်နိုင်တယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, February 1, 2011

ရွှေမန်းသူရဲ့  လွှတ်တော်ခရီး











မြင်ရတဲ့ပုံကတော့ လွှတ်တော်အ၀င်မှာ ရွှေမန်းသူရဲ့ အောက်ပိုင်း
ကို မသင်္ကာလို့ ရှာဖွေစစ်ဆေးနေကြတဲ့ ပုံပါပဲ။ လွှတ်တော်ဥက္ကဌ
က ဦးရွှေမန်း ဆိုလေတော့ ရွှေမန်းသူဆိုတာ ဥက္ကဌနဲ့ ဘယ်လို
ဆက်စပ်နေသလဲ စဉ်းစားဖို့လိုလိမ့်မယ် အိုင်ဆေး ကိုနှင်းမောင်။

ပထမအချက်က ဦးရွှေမန်းဟာ မန္တလေးသား မဟုတ်ပဲ မန္တလေး
ရဲ့ နိမိတ်ပုံကို ယူထားတဲ့အတွက် တချိန်ချိန်မှာ မန္တလေးသား
စစ်စစ်တွေနဲ့ ရှင်းရနိုင်ဖွယ်ရှိတယ်ဆိုတာပဲ။ (မန္တလေးသားတွေ
ကလည်း အစွဲအလမ်းက ကြီးပါဘိသနဲ့။)

ဒုတိယအချက်ကတော့ ဦးရွှေမန်းရဲ့ မိဘများဟာ အလင်္ကာ
ကျော်စွာ ရွှေမန်းတင်မောင်ကို အပြင်းအထန်ကြိုက်ခဲ့ပုံရတယ်
ဆိုတဲ့အချက်ပဲ။ ဒါကြောင့် မွေးလာတဲ့သားလေးကို ရွှေမန်းလို့
နာမည်ပေးခဲ့ပုံရတယ်။ ဒါမှမဟုတ် ဦးရွှေမန်းကိုယ်တိုင်က
မင်းသားရူး ရူးခဲ့ပုံရတယ်။ ဒီအချက်ကလည်း သစ္စာ၊မေတ္တာ၊
ရွှေမန်းသဘင်အဖွဲ့ နဲ့ အချိန်အခါသင့်ရင် ရှင်းကြရလိမ့်ဦးမယ့်
အချက်ပဲ။

ပုံမှာမြင်ရတဲ့ ရွှေမန်းသူကားကြီးဟာ မန္တလေးသူ စီးပွါးရေးလုပ်
ငန်းရှင်တဦးကပဲ ပိုင်လေသလား။ မန္တလေးသူကို အရူးအမူး
စွဲလမ်းခဲ့ဖူးတဲ့ စီးပွါးရေးလုပ်ငန်းရှင်တဦးကပဲ ပိုင်လေသလား။
လွှတ်တော် ဥက္ကဌဦးရွှေမန်းကပဲ ပိုင်လေသလား စဉ်းစားစရာပဲ။

သေချာတာကတော့ ရွှေမန်းသူဟာ လွှတ်တော်ကိုယ်စားလှယ်
တွေကို တင်ဆောင်လာခဲ့တယ်။ လွှတ်တော်အ၀င်မှာ အရှာ
အဖွေခံရတယ် ဆိုတဲ့အချက်ပဲ။ ဒါဟာ ရွှေမန်းသူကို မယုံကြည်
လို့ရှာဖွေတာဖြစ်မယ်။ ရွှေမန်းသူဟာ စိတ်မချရဘူးပေါ့။ ဒီနေ
ရာမှာလည်း အငြင်းပွါးစရာဖြစ်နေတာက။ သူ့ကိုစိတ်ချလို့ပဲ
လွှတ်တော်ကိုယ်စားလှယ်တွေကို တင်လာခိုင်းပြီးမှ ဘာကြောင့်
လွှတ်တော်အ၀င်မှာ သူ့ရဲ့ အောက်ပိုင်းကို ရှာရသလဲဆိုတာပဲ။
(တကယ်တော့ ရွှေမန်းသူရဲ့ အောက်ပိုင်းတင်မက အပေါ်ပိုင်းပါ
ရှာကြမှာပါ။)

ဆိုတော့ကာ...။ နောက်ဆုံးအနေနဲ့ ကောက်ချက်ချရရင်။ ရွှေမန်း
သူ လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ဆောင်လာတုန်း လမ်း
မှာ ဖေါက်ခွဲတိုက်ခိုက်တာ ခံရရင် ပြဿနာမဟုတ်ဘူး။ နေပြည်
တော်နဲ့ လွှတ်တော်ကိုတော့ တိုက်ခိုက်တာ မလိုချင်ဘူး ဆိုတဲ့
သဘော။ လွှတ်တော်ကိုယ်စားလှယ်တွေ လမ်းမှာသေချင် သေ
ဆိုတဲ့သဘောပေါ့။

ရွှေမန်းသူဟာ လွှတ်တော်ကို စွန့်စွန်းစားစားနဲ့ လာခဲ့ရတယ်လို့
ပဲ ပြောရတော့မယ်ထင်တယ် တယားနာ ပိတ်သတ်ကြီးရေ..။

(ဓါတ်ပုံ ၊ အေပီ)

Sunday, January 30, 2011

အီဂျစ်ကို ဘီယာနဲ့မြည်းခြင်း












အလုပ်အားတဲ့ရက်မှာ ထူးခြားတဲ့ကမ္ဘာ့အရေးအခင်း တခုခု ရှိနေ
တာ ကောင်းတယ်။ အပြင် မထွက်ဖြစ်တော့ဘူး။ ငွေကုန်သက်သာ
တယ်။ အိမ်မှာပဲ ချစ်ဇနီးချက်သမျှ ထိုင်စား။ ဘီယာသောက်၊ ၀ိုင်
သောက်၊ ၀ီစကီကြိုက်တဲ့ မိတ်ဆွေလာရင် ၀ီစကီပါသောက်။ ရုပ်
မြင်သံကြားကိုဖွင့်။ ရှုဒေါင့်မျိုးစုံက တင်ပြနေကြရှာတဲ့ ကမ္ဘာ့အရေး
အခင်းကို ထိုင်ကြည့်။ အရသာခံ။ ဝေဖန်။ လေကန်။ မဆိုးဘူးဟဲ့။
တော်တော် အရသာရှိသကွယ်။

အခုလည်း အီဂျစ်မှာ ကမ္ဘာပျက်နေပြီ။ လူထုတိုက်ပွဲကြီး အပီဆင်နွှဲ
နေပြီ။ အာဏာရှင် မူဘာရက် မဆင်းသေးဘူး။ ပေကပ်ကပ် လုပ်နေ
တယ်။ လူထုကတော့ မရဘူး။ အကုန်ရရင်ရ မရရင် ဘာမှမလိုချင်ဘူး။
ညမထွက်ရ အမိန့်လည်း “ညောင်း” ပဲ။ မတားနဲ့ တော့။ သည်းခံလာ
တာ ကြာပြီ။ မူဘာရက် လစ်တော့။ မအေဘေး အာဏာရှင်။ တိုင်းပြည်
ကို နင်မပိုင်ဘူးဟဲ့။

ရုပ်မြင်သံကြားမှာပြတာတွေ သိပ်ကြည့်လို့ကောင်းတယ်။ ဘီယာတွေ
တလုံးပြီးတလုံးဖွင့် အီဂျစ်အရေးအခင်းနဲ့ ထိုင်မြည်း။ သတင်းသမား
တွေတင်ပြတာကောင်းရင် ချီးကျူး။ ပုံမလာရင် ထဆဲ။ ကြော်ညာလာ
ရင် နောက်သတင်းဌာန တခုပြောင်းဖွင့်။ ဘီယာလည်း နောက်တပုလင်း
ထပ်ဖွင့်။

အရေးထဲ ကိုယ်ကြိုက်တဲ့ ဘတ်စ်ကက်ဘောအသင်းနှစ်ခုက အီဂျစ်နဲ့
အပြိုင် ဒီနေ့မှ လာကစားနေသေးတယ်။ အမေရိကန်ကလည်း အီဂျစ်
ကို ဘယ်လိုပြောရမယ်မသိ ဖြစ်နေရှာတယ်။ ရပ်တည်ချက်လွဲရင်
အကြီးအကျယ် ပြဿနာတက်သွားမယ်။ လူထုက မကျေနပ်လို့သာ
ထအော်နေကြတာ။ သူတို့လှုပ်ရှားမှုက နောက်ဆုံးမှာ ဘယ်ကိုဦး
တည်သွားမလဲဆိုတာ သိကြတာမဟုတ်ဘူး။

အီဂျစ် စစ်တပ်ကလည်း ဘယ်ဘက်ရပ်မယ် မသိဘူး။ အီဂျစ်
အရေးထပ်ပြီးရှုပ်ရင် ကမ္ဘာ့အရေး ထပ်ပြီးရှုပ်လိမ့်မယ်။ အာရပ်
ကမ္ဘာက လျှော့တွက်လို့မရဘူး။ မူဆလင်လည်း ဖြစ်နေပြန်။
မူဆလင်အစွန်းရောက်တွေကလည်း ကမ္ဘာ့ ဟော့ရှော့တွေ
ဖြစ်နေပြန်။ အင်း.. ပွဲက ကြည့်ကောင်းဦးမယ်။

အခုကိုပဲ ဘီယာနဲ့မြည်းလို့ တော်တော်ကောင်းနေပြီ။ အိမ်နီး
ချင်းတွေထဲက တချို့ က လာစည်းရုံးတယ်။ သပိတ်မှောက်ကြ
စို့တဲ့။ ဘာကိုမှောက်မှာတုံးဆိုတော့ မူဘာရက်ကို မှောက်ကြမယ်
တဲ့။ ချမ်းရ အေးရတဲ့အထဲ အီဂျစ်သံရုံးရှေ့ ဆန္ဒသွားပြဖို့လာစည်း
ရုံးနေကြတယ်။ သူတို့အားလုံး တယောက်မှလည်း အီဂျစ်သွေး
ပါတာမဟုတ်ဘူး။

ငါတို့တိုင်းပြည်မှာ လွှတ်တော်ခေါ်တော့မှာမို့ မအားသေးဘူးလို့
ပြောပြီး ဘီယာဆက်သောက်နေရတယ်။ လွှတ်တော်ဆိုလို့
ငယ်ငယ်က လွှတ်တော်ဆိုတာကို နားမလည်ဘူး။ ရုပ်ရှင်ထဲ၊
ကာတွန်းတွေထဲ သတိထားမိတာက လူဆိုးတွေက အမျိုးသမီး
ကို ဆွဲလားရမ်းလားလုပ်ရင် အမျိုးသမီးက ပြန်အော်တဲ့ အသံလို့ပဲ
သိထားတယ်။ လွှတ်တော်.. လွှတ်တော်..လွှတ်နော်..ဆိုလားပဲ။
အခုမြန်မာ့လွှတ်တော်နဲ့ ဘယ်လိုကွာမယ်တော့ မသိဘူး။

အမျိုးသမီးဆိုလို့ အီဂျစ်မှာ အားတက်ဖို့လည်းကောင်း၊ စိတ်
မကောင်းဖြစ်ဖို့လည်းကောင်းတာက လူထုဆန္ဒပြပွဲမှာ အမျိုး
သမီးတွေ မပါသလောက် နည်းနေတာကို စိတ်ထိခိုက်ရတယ်။
မူဆလင်တိုင်းပြည်ရဲ့ သဘာဝပဲ ဖြစ်မယ်။ ဒါပေမဲ့ ငါးရက်မြောက်
နေ့ဆန္ဒပြပွဲတွေမှာ ခေါင်းမြီးခြုံအမျိုးသမီးတွေ ဟိုတကွက် ဒီတ
ကွက် တွေ့ လာရတော့ ၀မ်းသာမိတယ်။

တကယ့်သတ္တိခဲ အမျိုးသမီးတွေပဲလို့ ချီးကျူးမိတယ်။ သတင်းမီ
ဒီယာတွေကို သူတို့ရဲ့ ခံစားချက်တွေ ရဲရဲဝင့်ဝင့် ထုတ်ပြောနေ
ကြတယ်။ သူတို့ကိုကြည့်ပြီး မြန်မာအမျိုးသမီးတွေ ကံကောင်း
တယ်လို့ တွက်ရတယ်။ ခေါင်းမြီးခြုံစရာ မလိုယုံမက ပန်းတောင်
အုံလိုက် ပန်လိုက်သေး။

ထားပါတော့။ အီဂျစ်အရေးဟာ ငါ့အတွက်တော့ ဘီယာနဲ့ မြည်း
လို့ တော်တော်ကောင်းခဲ့တယ်။ အီဂျစ်ပြည်သူတွေ ပိုကောင်းတဲ့
အစိုးရမျိုးနဲ့ ကြုံရပါစေလို့ပဲ ဘီယာမူးမူးနဲ့ ဆန္ဒပြုလိုက်ပါတယ်။

(ရုပ်ပုံ၊ ဂူဂလ်)