3 months ago
Monday, September 12, 2011
မီးတောက်မယ့် မြစ်
“လက်ရုံးမီးတောက်” ဆိုတဲ့စကား ကြားဖူးကြမှာပေါ့။ လက်ရုံးဆိုတာက
လက်မောင်း။ လက်မောင်းကို ဘယ်သူက မီးလာရှို့လို့ မီးတောက်ရသလဲ။
တင်စားချက်သဘော ပြောကြပုံရပါတယ်။ အလကားနေရင်းတော့ လက်
မောင်းကြီး မီးထ မတောက်ပါဘူး။
ဘုန်းတန်ခိုးကြီးမားတဲ့သူမို့ လက်ရုံးက မီးတောက်တယ်လို့ ဟိုးအရင်
အခါက ယုံကြတယ်။ လက်မောင်းကြွက်သား အားကောင်းတော့ မီးထ
တောက်မတတ် သန်စွမ်းတယ်လို့ တင်စားတာဖြစ်မယ်။ လျှပ်စစ်ဓါတ်
အား မပေါ်ခင်ခေတ်တုန်းကပေါ့။ မီးတချက် တောက်ဖို့အရေး ခက်ခဲ
နေသေးပုံရပါတယ်။
ဟော..။ အခုအခါမတော့ ဧရာဝတီမြစ်ကြီး မီးထတောက်မတတ် အသံ
တွေ ထွက်နေပြန်ပါပကော။ ဘယ်နဲ့ကြောင့်ပါတုံး။ အစိုးရမင်းများက
ဧရာဝတီကို လည်မျိုကနေ ညှစ်ပြီး လျှပ်စစ်ဓါတ်တွေ ထုတ်မလို့ ဆိုကိုး။
ဧရာဝတီက မီးမတောက်ခင် ပြည်သူတွေရဲ့ ဒေါသမီးကအရင် တောက်
နေကြပြီ။ အင်း....ရွှေပြည်ကြီးမှာ ပြဿနာတခုတော့ စလာပြန်ပေါ့လား။
စကားစပ်လို့ လူအများသိတဲ့ ပျက်လုံးတခုကို ကြားညှပ်ပြီး ပြောလိုက်ပါဦး
မယ်။ “သတင်းစာကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ်” ဆိုတာလိုပေါ့။
အခုလည်း ဧရာဝတီမြစ်ကြီး ဓါတ်တွေလိုက်နေပြီ။ လျှပ်စစ်ဝန်ကြီး ဦးဇော်
မင်း ဆိုသူကလည်း မလျှော့ဘူးတဲ့။ ဧရာဝတီမြစ်တရိုး လျှပ်စစ်တွေ ဖြိုးစေ
မတဲ့။ လျှပ်စစ်ဓါတ်နဲ့ပတ်သက်ရင် မြန်ပြည်တခွင် လာမယှဉ်လေနဲ့ သူသာ
လျှင် အသိဆုံးပါတဲ့။ သူ့ခင်မျာလည်း ဓါတ်အတော် လိုက်နေရှာတယ်။
“ဧရာဝတီကို ကယ်တင်ကြ” ဆိုတဲ့ ကြုံးဝါးသံနဲ့ သဘာဝပတ်ဝန်းကျင်
ထိမ်းသိမ်းလိုသူတွေကလည်း တဘက်မှာ လက်မောင်းကြွက်သား ညှစ်
ပြနေကြပြီ။ အခုဆို နံပတ်ဆယ့်တစ် သတင်းဂျာနယ်ကလည်း သတ္တိ
ကောင်းကောင်းနဲ့ ဧရာဝတီကို မထိလေနဲ့ ကလောင်နဲ့တွယ်မဟဲ့ ဆိုပြီး
ရှေ့ကို တလှမ်းတိုးလာနေပြီ။ စာပေအနုပညာသမားတွေလည်း ဧရာ
ဝတီအရေး ရှေ့ကိုတိုးကြပြီ။
လွှတ်တော်ထဲမှာလည်း မပွင့်တပွင့်နဲ့ ပြောဆိုသံတွေ ကြားနေရပြီ။ အွန်
လိုင်း လှုမှုကွန်ယက်တွေမှာလည်း ဧရာဝတီချင်း မိုးမွှန်နေပြီ။ ဒေါ်စုက
လည်း တချက်ဝင်“ကစ်”ထားတယ်။ ပြည်ပမှာ တရုတ်သံရုံးကို ဆန္ဒပြတာ
တွေ ရှိလာပြီ။ ပြည်တွင်းမှာလည်း “ရိုးရိုးပြောမရရင် လမ်းပေါ်တက်ပြောရ
လိမ့်မယ်” ဆိုတဲ့ လေသံတွေ ပစ်နေကြပြီ။ လက်မောင်းလှဲတဲ့ အားစမ်းပွဲ
တခုတော့ ဧရာဝတီမြစ်ပေါ်မှာ ကျင်းပနေလေပြီ။
ဘယ်သူ့ လက်ရုံးက မီးထတောက်မလဲဆိုတာ ကြည့်ရသေးတာပေါ့။
လောလောဆယ်တော့ ဧရာဝတီမြစ်ခင်မျာ လည်မျိုကို အညစ်ခံနေရရှာ
တယ်။ မြစ်ဆုံက ရေကာတာ ဖွင့်ပွဲကိုပဲ မြင်ရမလား။ ဘာလင်တံတိုင်းကို
ဖြိုသလို ရေကာတာ ဖြိုပွဲကိုပဲ ကြုံရမလား။ ဟိုမရောက် ဒီမရောက်နဲ့
တို့လို့တန်းလန်းကြီးပဲ ဖြစ်နေမလား။
ကဗျာဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ပြောတာတခုနဲ့ နိဂုံးချုပ်လိုက်ပါ
တော့မယ်။ “တတိုင်းပြည်လုံးမှာ လျှပ်စစ်မီးတွေလင်းပြီး ဧရာဝတီမြစ်
ကြီး ပျောက်သွားမယ့်အရေးတော့ လုံးဝ အဖြစ်မခံနိုင်ဘူး။ အမှောင်ထဲ
မှာပဲ ဆက်နေသွားမယ်။ ဧရာဝတီတော့ အပျောက်မခံနိုင်ဘူး” တဲ့။ အော်...
လျှပ်စစ်....လျှပ်စစ် ။ ဧရာဝတီမြစ် မီးထတောက်မယ့် အဖြစ်ပါကလား။
(ရုပ်ပုံ ၊ ဂူဂလ်)
Sunday, September 11, 2011
အော်သံများ
အခုတလော ပြန်သံတွေ ကြားနေရပါပြီ။ ပြန်သူတွေကို အသံထွက်ပြီး အား
ပေးကြတဲ့ အသံရော၊ အသံတိတ်နည်းနဲ့ အားပေးကြတဲ့ အသံရော၊ အဆင်း
ဘီးတတ်တဲ့ အသံရော၊ သူများ အပြန်ကို ခြေထိုးခံလိုက်တဲ့ အသံရော စုံလို့..
စုံလို့ ။ ရှေ့မှာ ဒီအသံတွေ ဆက်ပြီး ကြားနေရဦးမယ်။
အခုလည်း မြန်မာမိတ်ဆွေတဦးက အတင်းဖိတ်လို့ သူတို့အိမ် အလည်သွားရ
တော့ ဒီအသံတွေကိုပဲ တချိန်လုံး ကြားခဲ့ရတယ်။ သူ့အိမ်မှာ တခြားမြန်မာတွေ
လည်း ရောက်နေတာကိုး။ ထုံးစံအတိုင်းပါပဲဗျား။ ဟိုလူကတော့ ပြန်တော့မယ်။
ဟိုလူကတော့ ရောက်တောင် ရောက်သွားပြီ။ သူကတော့ အာဏာရှင် ရှိနေ
သရွှေ့ ဘယ်တော့မှ အညံ့ခံမှာ မဟုတ် ဆိုတာမျိုးတွေ နားပူအောင် ကြားခဲ့ရ
ပါတယ်။
တခြားအကြောင်း စကားပြောင်းကြည့်လည်း မရပါဘူး။ မြန်မာတွေ စုံတော့
လည်း မြန်မာအကြောင်းပြောကြတာ တကယ်တော့ မဆန်းဘူးပေါ့လေ။
ခေတ်စားနေတဲ့အကြောင်း အဓိကထားပြီး ပြောကြတော့မှာပေါ့။ ဘယ်လို
ဖြစ်သွားတယ် မသိ။ အဲဒီအိမ်မှာ အမျိုးသားတွေက တစု ၊ အမျိုးသမီးတွေက
တစု ဖြစ်သွားကြတယ်။
အမျိုးသမီး၊ အမျိုးသား တနေရာစီမှာ အုပ်စုကွဲပြီး ပြောဆိုနေကြပေမဲ့ ပြောတဲ့
အကြောင်းကတော့ ဒါပါပဲ။ အပြန်လမ်း အကြောင်းပါပဲ။ အမျိုးသမီးဝိုင်းမှာ စိတ်
ဝင်စားမိတာ တခုက သူတို့တွေမြန်မာပြည်ကို လွမ်းတဲ့အကြောင်း ခံစားချက်ပါ
တဲ့ အသံတွေ ပိုထွက်နေတာပါ။
မနက်မိုးလင်းတာနဲ့ ပဲပြုတ်သည်အသံ မကြားရပဲ အိပ်ရာထခဲ့ရတဲ့ အဖြစ်ကို
ငိုမိတဲ့သူလည်း ပါရဲ့။ မနက်တိုင်း အလှပြင်ပြီး မုန့်ဟင်းခါးထွက်စားရတဲ့ အရ
သာ စသဖြင့် ခံစားချက်တွေ အလုအယက်ကို ထုတ်ပြောနေကြတာပါ။ အချုပ်
ကို ဆိုရသော်။ သူတို့တွေ ပြန်ချင်နေတယ်။ ဒီမှာ မရနိုင်တဲ့ အရသာတွေကို
ပြန်ပြီး ခံစားချင်နေတယ်။ တကယ်တော့ မဆန်းပါဘူး။ ဇာတိမြေလွမ်းသူတိုင်း
ဒီလိုပဲ ဖြစ်ရမှာပေါ့။
ပြောချင်တာက အသံတွေအကြောင်းပါ။ အမျိုးသမီးတွေက ဈေးသည်တွေရဲ့
အော်သံ၊ ရောင်းသံတွေကိုပါ အကြီးအကျယ် လွမ်းနေကြပါတယ်။ ပါးစပ်က
လည်း သူတို့လွမ်းတဲ့ ဈေးသည်အော်သံတွေအတိုင်း အော်ပြကြပါတယ်။
သူတို့တွေက ဈေးရောင်းသလို အော်ကြတော့ အမျိုးသားဝိုင်းကလည်း စိတ်
ဝင်စားသွားတယ်။ သူတို့ကလည်း သတိရတဲ့ ဈေးသည်အော်သံတွေ အော်ပြ
ကြပြန်တယ်။
မိတ်ဆွေရဲ့အိမ်ဟာ ဈေးသည်အော်သံ မျိုးစုံနဲ့ ညံနေပါလေရော။ ကားသမားက
အော်တဲ့အသံ။ အိုးတိုက်ဖွဲပြာသည် အော်သံ။ မုန့်လက်ဆောင်းသည်ရဲ့အသံ။
အညာသား မိသားတစုလည်း ပါသမို့ သူတို့ဒေသက ဈေးသည်တွေရဲ့ အသံ။
မော်လမြိုင်သားကလည်း မော်လမြိုင်ဈေးသည်သံ။ ရွှေတိဂုံဘုရားက ပန်းသည်
မလေးတွေရဲ့ အသံ။ အပ်ချည်လုံးရောင်းသူရဲ့ အသံ။ သင်္ဘောပေါ်မှာ ဆေးလိုက်
ရောင်းတဲ့ အသံ။ ရထားဘူတာတွေက ဈေးသည်တွေရဲ့အသံ။ ဓါးသွေးသမားရဲ့
အသံ။ ကြက်တွေ အပြိုင်တွန်ပြီး ခွေးတွေ အပြိုင်အူကြသလို ဈေးသည်သံတွေနဲ့
မွှန်ထူသွားပါတယ်။ သူတို့လည်း ဒီလိုအော်ကြပြီး ကျေနပ်သွားပုံရတယ်။ ပြုံးလို့။
အိမ်ပြန်ရောက်တဲ့အထိ အဲဒီအော်သံတွေ နားထဲမှာ ကြားမိနေတယ်။ သူတို့တွေ
လွမ်းလည်း လွမ်းလောက်ပါပေရဲ့။ ဈေးသည်တွေခင်မျာမှာ သူ့ကုန်ပစ္စည်းလေး
ရောင်းရဖို့အရေး လူအများ စိတ်ဝင်စားလောက်မယ့် အသံကို ဖန်တီးပြီး အော်
ဟစ်ရတာလေ။ အော်နေရုံနဲ့တင် မပြီးဘူး။ ရပ်ကွက်တကာ၊ လမ်းတကာ လှည့်ပြီး
ရောင်းကြရရှာတာ။ နေပူ၊ မိုးရွာ၊ လမ်းဆိုး လမ်းကျိုးတွေကြားမှာ အော်ဟစ်ပြီး
ဈေးရောင်းနေကြရတာ။ ဒီအော်သံလေးကို အားပြုပြီး လူတွေဝယ်ချင်အောင်
လုပ်ကြရတာကိုး။
ကြုံဖူးတာတွေရှိတယ်။ ငယ်ငယ်က လမ်းထဲကိုဝင်လာတဲ့ ဈေးသည်ကြီးတဦး
အ၀တ်အစားဟောင်းတွေနဲ့ ပလပ်စတစ်ပစ္စည်းတွေလဲတာ။ သူ့ခေါင်းမှာရွက်
ထားတဲ့ တောင်းကလည်း အကြီးကြီး။ အမြင့်ကြီး။ တဖြေးဖြေးချင်း လမ်းထဲ
ကို အော်ရင်း ၀င်လာတုန်း။ ဗြုန်းဆို ခွေးတကောင်က ၀င်ဆွဲပါလေရော။ ထိမ်း
မရ သိမ်းမရနဲ့။ ခွေးကိုက်ခံရတဲ့အပြင် သူ့တောင်းကြီးလည်း မှောက်သွားလို့
ပစ္စည်းတချို့ ပျက်သွားခဲ့တယ်။ သနားလိုက်တာ။ အိမ်က သူ့ကိုခေါ်ပြီး ဆေး
ထည့်၊ ရေတိုက် လုပ်ပေးလိုက်ပါတယ်။
ဒီအကြောင်းတွေ သိပ်မရေးချင်ဘူး။ ဒို့ပြည်မှာက ဇတ်နာတာတွေ သိပ်များ
တယ်။ ပြောမယ်ဆိုရင် ရင်နင့်စရာဇတ်လမ်းတွေ အများကြီးရှိတယ်။ လမ်း
တကာလှည့်ပြီး ဈေးသည်တွေ အော်ရောင်းနေတဲ့အဖြစ်က ဆင်းရဲတဲ့ တိုင်း
ပြည်တွေမှာပဲ ရှိတာ။ အခုနောက်ပိုင်း တိုက်တွေများလာတော့ လမ်းထဲမှာ
လျှောက်ပြီး ရောင်းရုံတင်မက လှေကားကျဉ်းကျဉ်းတွေကိုပါ တက်ပြီးရောင်း
ကြရရှာသတဲ့။
ဈေးသည်တွေရဲ့အသံကို လွမ်းတာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့
အဖြစ်တွေကို ကိုယ်ချင်းစာမိစေချင်တယ်။ ဘယ်သူက ဒီလို ရောင်းချင်ပါ့မလဲ။
ပြည်တော်ပြန်များ ဒီအချက်လောက်ကိုပဲ ကောင်းကောင်းစဉ်းစားမိရင် ပြည်သူ
တွေအတွက် အကျိုးရှိလိမ့်မယ် ထင်ပါရဲ့ ။
(ရုပ်ပုံ ၊ အေပီ)
Friday, September 9, 2011
မော်စီတုန်းအား သတိရခြင်း
မော်စီတုန်းဟာ ဘော်လုံးဝါသနာပါတယ်။ အသားညိုညို။ စကားနည်း
နည်း။ သူများတွေလို အရက်လည်း မကြိုက်။ ဆေးလိပ်လည်း မကြိုက်။
လက်ဘက်ရည်ဆိုင် ထိုင်တာလည်း မကြိုက်။ ရယ်စရာလည်းသိပ် မပြော
ဘူး။ သူ့အဖေနာမည်က ဦးကျော်ရင်။ အများကခေါ်တော့ “မီးပုံးပျံ”တဲ့။
သူ့အမေက ချင်းနဲ့ရှမ်းနဲ့ စပ်တယ်။ (နာမည်တော့ မေ့နေပြီ)
ငါတို့ကတော့ ကိုယ့်ထက်အသက်ကြီးလို့ မော်စီတုန်းကို “ကိုစီတုန်း”လို့
ခေါ်တယ်။ သူ့အဖေကိုတော့ “ဦးမီးပုံး”လို့ခေါ်တယ်။ မော်စီတုန်း အိမ်က
နေ ပျောက်သွားရင် သူ့အမေက “စီတုန်းရေ...စီတုန်းရေ”လို့ တလမ်းလုံး
ကြားအောင် အော်ခေါ်တတ်တယ်။ ဦးမီးပုံးက ချင်းစပ်တဲ့ အမျိုးသမီးကို
ကြိုက်ရုံမက ခြင်းခပ်တာကိုလည်း ကြိုက်တယ်။ ညနေဆို မီးပုံပျံကြီး ခြင်း
ဝိုင်း ရောက်နေပြီ။
မော်စီတုန်းမှာ အကိုတယောက်ရှိတယ်။ “သံချောင်း“ တဲ့။ အပြေးသမားပါ။
တိုင်းနဲ့ပြည်နယ်အဆင့်ရောက်အောင် အပြေးသန်တဲ့ ကိုသံချောင်း။ သီချင်း
ဆိုလည်း ကောင်းတယ်။ မေ့နေလို့။ ကိုသံချောင်းတို့အဖေ ဦးမီးပုံးက မယ်ဒ
လင်လည်း တီးသဗျ။
မော်စီတုန်း။ သံချောင်း။ မီးပုံးပျံဆိုပြီး နာမည်တွေကသာ ဆန်းနေကြတာပါ။
လူတွေက ခပ်အေးအေး သမားတွေ။ ကိုယ်စိတ်ပါရာ လုပ်ပြီး သူ့အရှိန်နဲ့သူ
ဟုတ်နေကြတဲ့သူတွေပါ။ ရပ်ကွက်ထဲ ဘယ်သူ့ကိုမှ အညိုအညင်ပေးနေကြ
တာ မဟုတ်။
မော်စီတုန်းတို့အိမ်မှာ ၀က်နှစ်ကောင် မွေးထားတယ်။ တိုက်ကြက်တွေလည်း
ငါးကောင် ခြောက်ကောင်လောက် ရှိတယ်။ မော်စီတုန်းရဲ့ထူးခြားချက်တခုက
အားရင် ၀က်တွေကြက်တွေဆီ သွားပြီး ပွတ်လား သပ်လားနဲ့ စကားတွေပြော
နေတတ်တာပဲ။ သူ့အကောင်တွေကလည်း မော်စီတုန်းစကား နားလည်ကြပုံ
ရတယ်။ ခေါင်းတညိမ့်ညိမ့်နဲ့ ငြိမ်လို့။
မော်စီတုန်းဟာ အပျော်တန်းအဆင့် ကြက်တိုက်သမားလည်းဖြစ်တယ်။ သူ
အလယ်တန်းကျောင်းသားဘ၀က တခြားရပ်ကွက်မှာ ပိုက်ဆံကြေး ကြက်
သွားတိုက်တုန်း အဲဒီကြက်ဝိုင်း အဖမ်းခံရပါလေရော။ မိဘတွေက ရဲစခန်းမှာ
လိုက်ရွေးရပြီးကတည်းက မော်စီတုန်း ကြေးစားကြက်သမား မလုပ်တော့ဘူး။
သူ့အမေကလည်း သူ့ကြက်တွေကို “ဟင်းချက်ပစ်မယ်”လို့ ရာဇသံ ပေးထား
တာကိုး။
တရုတ်ပြည်မှာ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်း ခေတ်စားနေချိန် မွေးလို့
လား မသိ။ မိဘများကလည်း အလွယ်တကူ၊ အပျော်သဘော၊ ချစ်စနိုးနဲ့ မော်
စီတုန်းလို့ခေါ်ကြရာက နာမည်ရင်း “ကျော်ဇင်”ဆိုတာတောင် သိတဲ့သူ မရှိသ
လောက်ဖြစ်ရတယ်။ မော်စီတုန်းကတော့ ကွန်မြူနစ်ဆိုတာလည်း စိတ်မ၀င်စား။
တကယ့် မော်စီတုန်းအကြောင်းကိုလည်း မသိ။ တရုတ်နဲ့လည်း တစက်မှ မတူ။
ငယ်ငယ်က မတူဘူးလို့ မှတ်ထားတာ အခုပြန်ကြည့်လိုက်တော့မှ ရဲဘော်ကြီး
မော်နဲ့ ကိုစီတုန်းနဲ့က နဖူးပြောင်တာချင်းလည်း တူ။ ပါးဖေါင်းတာချင်းလည်း
တူလို့ပါလား။ အပေါ်ကပုံမှာ ကိုစီတုန်းနဲ့ အတော်တူနေတာ တွေ့ရတယ်။
အခုတော့ ကိုစီတုန်းတယောက် ဘာဖြစ်နေတယ် မသိဘူး။ ဆယ်တန်းကို
သုံးခါလောက်ကျလို့ ဆက်မဖြေတော့ပဲ ၀ပ်ရှော့မှာပဲ ၀င်လုပ်သလိုလို။ အဝေး
ပြေးကားပဲ မောင်းနေသလိုလို။ သင်္ဘောပဲ လိုက်သွားသလိုလို။ စစ်ထဲပဲ ၀င်
သွားသလိုလို။ အပြေးသမား ကိုသံချောင်းရော၊ ခြင်းသမားကြီး မီးပုံးပျံရော
မော်စီတုန်းအမေ ဒေါ်ချင်းစပ်ရော ဘယ်လိုအခြေအနေ ရှိနေကြတယ် မသိ။
ခင်ဖို့ကောင်းတဲ့ မိသားစုမို့ သတိရနေတတ်ပါတယ်။ မနေ့တုန်းက တရုတ်
ခေါင်းဆောင် မော်စီတုန်းအကြောင်း ရုပ်ရှင်ကြည့်မိရာက သတိတွေရပြီး
ဒီစာကို ထရေးလိုက်မိတာ။
မော်စီတုန်း မဟုတ်တဲ့သူတွေက တရုတ်ပြည်အကြောင်း၊ ဥက္ကဌကြီး မော်
အကြောင်းနဲ့ ကွန်မြူနစ်ဝါဒကို စိတ်ဝင်တစား ပြောဆိုနေကြတာ တွေ့ရတိုင်း
ကိုစီတုန်းကို သတိရနေတတ်ပါတယ်။
(ရုပ်ပုံ ၊ ဂူဂလ်)
Thursday, September 8, 2011
မိုးတအုံ့အုံ့
ဘာကြောင့်ရယ်မသိ စာကလေးတွေ အနိမ့်ပျံ ။ ဒို့မြို့ပြင်တခိုမှာ
မိုးတွေက တအုံ့အုံ့ ။ တညလုံး ရွာခဲ့တဲ့ မိုး။ မြေတခွင်လုံး ရွှဲရွှဲစို။
သစ်ရွက်စိမ်းစိမ်းတွေမှာ မိုးရေစက်တွေ တလက်လက်။ စိမ်းစိမ်း
ရယ်တဲ့မှ စိုနေတဲ့ မနက်ခင်း ။ ခဲပုပ်ရောင်တိမ်ထုကြီး ကောင်းကင်
မှာ ညိမ်လို့။ ဒီမနက်ခင်း ခပ်မှိန်မှိန်မှာ။
အော်နေကျ ငှက်တွေ ဒီမနက်တော့ အသံတိတ်။ ငါ့လိုပဲ အိပ်ရာ
ထဲမှာ ကွေးနေကြသလား။ ငါ့ရဲ့ပြုတင်းပေါက်ကြီး။ ဒီပြုတင်းပေါက်
ကြီးကပဲ ငါငေးနေ။ ငါမြင်တာ ငါချရေး။ လေအေးတွေ နှေးနှေးတိုက်။
သစ်ရွက်တွေ ဖြေးဖြေးလှုပ်။ မိုးစက်တွေ ပြုတ်ကျသွား။
သစ်ပင်အောက်က ရှဥ့်နှစ်ကောင် ကယောင်ချောက်ခြား ထလို့ ခုန်။
မိုးတအုံ့အုံ့ မနက်ခင်း။ ကော်ဖီကလည်း သောက်လို့ကောင်း။ မနက်
စာကို ပလာတာစားတယ်။ သကြားနဲ့ပါဘုရား။
ပြောရင်းဆိုရင်း မိုးတွေရွာ။ မိုးသံက တရှဲရှဲ ။ ငှက် သုံးလေးကောင်
ထလို့ အော်။ မိန်းမကြီးတယောက် ထီးဆောင်းရင်း ခွေးကျောင်းထွက်။
ခွေးနှစ်ကောင်။ မြေစိုစိုမှာ ပျော်ပါး။ ကားတစီး မောင်းထွက်သွား။ ရေသံ
တွေ ရှဲကနဲ ကြား။ မိုးတဖွဲဖွဲ မနက်ခင်း။ ငါ့လောကကြီး ရွှဲရွှဲစို။ သီချင်း
တပုဒ်တော့ ဖွင့်ထားဦးမှ။ ဒီစာကို ဒီမှာရပ်မယ်။ ဖုန်းခေါ်သံ ကြား။
(ရုပ်ပုံ ၊ ဂူဂလ်)
Sunday, September 4, 2011
နှစ်အိမ်ကျော်က တယောမယ်
သူ့နာမည်ကား ယနေ့တိုင် မသိနိုင်သေး။ ကိုယ်နေဟန်ထား ရှည်
သွယ်လျှား၍ ဆံကေသာ နက်မှောင်၊ နှာတံက ချွန်ချွန်၊ လမ်းလျှောက်
လျှင် သွက်သွက်၊ လူချင်းဆုံသော် အမြဲပြုံးပြ နှုတ်ဆက်ကြလျှင် သူ၏
အသံကား ခပ်သြသြတည့်။
ညနေ ညနေ။ အားကစားရုံ၌ စက်ပေါ်တက်၍ ပုံမှန်ပြေးသော ထိုမိန်း
ကလေးအား ခင်မင်မတတ် သတိထားမိတာ ကြာနေပါပေါ့။ အတော်
ကြည့်ကောင်း၍ တွေ့သည့်အခါတိုင်း ပျော်မိကြောင်း။
လွန်လေသော တနှစ်ကျော်။ ဆောင်းဦးပေါက် တရက်၌ လမ်းဒေါင့်
တွင်တကြိမ် ဆုံကြစဉ်က သေတ္တာနက်တလုံး လက်မှာဆွဲလျှက် ခပ်
သွက်သွက်ပင် ပြုံးကာနှုတ်ဆက် ကားပေါ်ကိုတက် ၀ူးကနဲ မောင်း
ထွက်သွားသည်မှာ ရုပ်ရှင်လေလား... တကယ်လား။
မကြာပါချေ။ သူ၏အိမ်ရှေ့ ဖြတ်မိသည်၌ သေတ္တာနက်အကြောင်း
ကောင်းကောင်းသိမြင် “တအင်အင်” မြည်သော တယောထိုးသံ
သူ့အိမ်အတွင်းမှ လျှံထွက်လာသည် ကြောင်အော်သည်ထက် ဆိုး
လေသတတ်။
ပုံမှန်ဆိုသလို သူ့အိမ်ရှေ့အဖြတ် နေ့စဉ်နီးပါး ကြားရတတ်သည်
တယောကို ထိုး၍ တယောက အော်သံ နားမခံသာသော်ငြား အနု
ပညာအမှုကို ကြိုးစားပြုနေသည်ပဲဟု သူမမြင်အောင် ပြုံး၍ အားပေး
ခဲ့ပါသည်။
တဆောင်းကျော်လို့ နှစ်ဆောင်းအ၀င်။ မနေ့က မနက်ခင်းတွင်ကား ။
အားပါးပါး..။ သူ့အိမ်နားအရောက် လျှောက်နေသည့်ခြေလှမ်း ရပ်၍
သွား၏ ။ သီချင်းတပိုဒ်အသံ လျှံကျလာသည် ဂန္တ၀င်တေးသွား အပီ
တည်း။
ဤမိန်းကလေးကား လျှော့တွက်၍ မရ။ ဘယ်နေ့ ဘယ်အချိန်၌ သူ့တ
ယောသံအား ငွေအတော်ပေးကာ စင်ပေါ်တွင် သွား၍ငေးရမည် မသိ။
နောင်ဝယ်တနေ့ လမ်း၌တွေ့သော် ပြုံးရုံတင်မက မိတ်ပါဆက်၍ ခင်မင်
အောင်ပင် ပေါင်းတော့မည်ဟု စိတ်မှာသုံးသတ် ဆုံးဖြတ်ထားသည်
ကောင်း၏ မဟုတ်လား အဆွေတော် ။
(ရုပ်ပုံ ၊ ဂူဂလ်)
Saturday, September 3, 2011
မိုးဘွဲ့
အမှတ်မထင်မိုးတွေကြောင့်
စွယ်တော်ပန်းလေး ကြွေရ
ဆရာတော်ဘုရား ခရီးဝေးကိုကြွ
မိသားစုတချို့ ကွဲကွာရ
ဝေးနေသူတချို့ ပြန်ဆုံရ
မရှောင်နိုင်သူတို့ ရွှဲရပြီ ။
မိုးတွေက ဗြုန်းဆို ရွာချတော့
လမ်းဘေးဆိုင်တွေ အမြန်သိမ်း
ကားတွေ ဟွန်းတီး မီးဖွင့်မောင်းကြ
အခန်အနားအစီအစဉ်လည်း နောက်ကျ
လူတချို့က မိုးကို မြည်တွန်တောက်တီး
မိုးရွာတာကိုပဲ တအံ့တသြဖြစ်
မစောင့်နိုင်သူတို့ စိုကြပြီ ။
အမှတ်မထင်မိုးတွေကြောင့်
အရက်သောက်ချင်စိတ်ပေါက်
ဆေးလိပ်ဖွါချင်စိတ်ပေါက်
မိုးရေအောက်မှာ
လမ်းလျှောက်ချင်စိတ်ပေါက်
မိုးတွေကိုငေးရင်း
အိပ်ရာမှာ တက်ခွေ
ဟိုဟာကိုပဲ လွမ်းသလို
ဒီဟာကိုပဲ လွမ်းသလို
ငါ့ရှုခင်းတွေ ရေစိုကုန်ပေါ့ ။
အမှတ်မထင်မိုးတွေဟာ
ကြည့်နေရင်း
အမှတ်မထင် တိတ်သွားတယ် ။
(ရုပ်ပုံ ၊ ဂူဂလ်)
Thursday, September 1, 2011
ပင်လယ်စာ
ပင်လယ်အောက်မှာ
ကံကြမ္မာက နှစ်မြှုပ်လိုက်တဲ့ သင်္ဘောတွေ
သင်္ဘောတွေထဲမှာ
ကံကြမ္မာခေါ်ရာ လိုက်ခဲ့တဲ့ ခရီးသည်တွေ
ခရီးသည်တွေမှာ
ကံကြမ္မာအတွက် ပေးချေခဲ့တဲ့
သင်္ဘောလက်မှတ်တွေ ကိုယ်စီနဲ့
ပင်လယ်အောက်မှာ ငြိမ်သက်လို့ ။
ပင်လယ်ပေါ်မှာ
ပျားရည်ဆမ်းကြမယ့်သူတွေ
အပျော်ခရီး သင်္ဘောစီးလာကြသူတွေ
ဟိုပစ္စည်း ဒီကိုပို့
ဒီပစ္စည်း ဟိုကိုပို့တဲ့ ကုန်တင်သင်္ဘောတွေ
ငါးပဲရရ ဖါးပဲရရ ဖမ်းဟ ဖမ်းဟဆိုတဲ့
ပင်လယ်မုဆိုး သင်္ဘောတွေ
အဆီတ၀င်းဝင်းနဲ့ သင်္ဘောအလာ
လုယက်ဖို့ ချောင်းနေတဲ့
ပင်လယ်ဓါးပြတွေ
ဘေးမသန်းပဲ အေးချမ်းလှသည်သီချင်းနဲ့
ရေသူမကို ရှာဖို့
ရွက်လွှင့်လို့ လာသူတွေ
ငါးမန်းတောင်ဟင်းချို သောက်မှ
အားရှိတယ်လို့ ထင်သူတွေ
လင်းပိုင်ကို ကယ်မှ
လူရာဝင်မယ် ထင်သူတွေ
ကံကြမ္မာကို ဖဲတချပ်လို သဘောထား
ဖြန်းကနဲ ရိုက်ချမယ့်သူတွေ
ပင်လယ်ပေါ်မှာ
ခရီးနှင်နေကြ ။
ပင်လယ်ဘေးမှာ
ဟေးလားဝါးလားနဲ့
ထွားကြိုင်းနေတဲ့ ကမ်းခြေမြို့တွေ
အေးရာအေးကြောင်း
ရှိတာနဲ့ပဲ လှအောင်ဝတ်ထားတဲ့
ကမ်းခြေရွာတွေ
ဒီမြို့ ဒီရွာတွေ
ကံကြမ္မာကို ပုံမှန်အခွန်ဆောင်ဖို့
တခါတလေ မေ့ ။
ပင်လယ်ပြင်ကြီး အစာမကြေ
ရင်ပြည့်ရင်ကယ် ဖြစ်တဲ့အခါ
မုန်တိုင်းတွေကို အန်ထုတ်
ပတ်ဝန်းကျင်ကို ရန်လုပ်
ကံကြမ္မာဓါး အချွှန်အထက်တွေနဲ့
မြင်မြင်ရာ ထိုးခုတ်ပစ်တော့တယ် ။
မိုးလေ၀သ သတင်းက
“သာယာတဲ့နေ့ပါရှင်”လို့ ကြေညာတဲ့အခါ
ဒီပင်လယ်ကိုပဲ
လူတွေက
ငယ်ရည်းစားလို
အားမနာ ပါးမနာ ပေါင်းသင်းလို့ ။
ပင်လယ်ကြီးကလည်း
ခရီးထွက်သွားတဲ့ သူ့လင်သား
အိမ်ပြန်အလာကို ကြိုသလို
အလှဆုံး ဖြီးလိမ်းပြင်ဆင်လို့
လူတွေကို ဧည့်ခံနေပြန်ရော ။
ဇတ်လိုက်ကျော် ကံကြမ္မာကတော့
အရက်မူးလွန်တယ်ဆိုပြီး
လစာမဲ့ခွင့် ယူထားသတဲ့ ။
(ရုပ်ပုံ ၊ ဂူဂလ်)
Subscribe to:
Posts (Atom)






