Sunday, August 14, 2011

သရဲတွေ ပြေးကုန်ပြီ အချစ်လေး














တောင်ပေါ်မြို့လေး။ အေးရတဲ့အထဲ။ ဒီနေ့ညမှာ မိုးတွေရွာ ။ သရဲတွေ
ပြေးကုန်ပြီ အချစ်လေး။ လောကမှာ ဘုရားသ္ခင်တွေ သိပ်ပေါတယ်။
အ၀တ်အစားသစ်တွေနဲ့ မင်းဆီကိုလာဖို့ ပြင်ထားတယ်။ အေးစက် စို
စွတ်တဲ့ မိုးရေတွေထဲ မင်းဆီကို လာခဲ့မယ်။ ဘာမှ မကြောက်နဲ့ အချစ်
လေး။ သရဲတွေ ပြေးကုန်ပြီ။

ဒီ နီညိုရောင်ဂီတာဟာ ဟောင်းသလောက် ကောင်းတဲ့ သမိုင်းဝင်ဂီတာ
တလုံးကွဲ့။ ဒီကဗျာကိုတော့ ဘိုဆန်ဆန် “ဘလူးစ်ကဗျာ” လို့ပဲ ခေါ်ကြစို့။
ဒီကဗျာဟာ ဂီတာနဲ့တီးပြီး ရေးထားတဲ့အရာ။ သီချင်းဖြစ်သွားတဲ့ ဒီကဗျာ
ဟာ အမေရိကန်တောင်ပိုင်းက လူမည်းကျွန်တယောက်နဲ့လည်း အကြောင်း
ပါခဲ့တယ်။ နောက်တကြိမ် ရွေးကောက်ပွဲထပ်ဝင်မယ်ဆိုတဲ့သမ္မတ အိုဘား
မားနဲ့ ဘာမှမဆိုင်ဘူး။ “ဘလူးစ်ကဗျာဟာ” ဒီသီချင်းရဲ့နာမည်ပါ။ သေချာ
ပေါက် စောင့်နေ။ မိုးအေးနေလည်း ကိုယ်ရောက်အောင်လာခဲ့မယ်။

ဒီ ဘလူးစ်သီချင်းကို ကရင်လူထွားကြီး စိန်စတင်းဆိုသူ တီးတယ်။ သူဟာ
မြန်မာပြည် ဘီဘီကင်း မဟုတ်ဘူး။ ဆိုင်းဆရာ စိန်စတင်းလည်း နေရာမှား
ပြီး မွေးတဲ့အထဲမှာ ပါတယ်။ ဘာမှ မပူနဲ့ ။ ဟောဒီမှာ...တုန်ခါနေတဲ့ ကိုယ့်ရဲ့
အချစ်ကိုသာ ကိုးကွယ်ပါ။ ဂီတဟာ ဒို့ရဲ့ဘာသာတရား။ ဒို့ရဲ့ အစိုးရ။ ဒို့ရဲ့
ကောင်းကင်ဘုံ။ ဂီတဟာ မင်းနဲ့အတူအိပ်တဲ့ မွေ့ယာကြီးပေါ့ကွယ်။ သရဲ
တွေ ပြေးကုန်ပါပြီ အချစ်လေးရဲ့ ။ အသက်ကို ပုံမှန် ပြန်ရှူလိုက်ပါတော့။

ဘုရားကျောင်းတွေထဲ သွားရမှာ မင်းကြောက်တဲ့အခါ။ လုံးဝ ယုံကြည်စိတ်
ချလို့ မရနိုင်တဲ့ ဘာသာရေးသမားတွေနဲ့ မင်းမတွေ့ချင်တဲ့အခါ။ ကိုယ်ညတိုင်း
ဂီတာတီးနေကျ အရက်ဆိုင်ကိုသာ လာခဲ့ပါ။ မိုးရေတွေနဲ့ ညမှာ ဘလူးစ်ကဗျာ
သီချင်းကို ဆိုကြမယ်။ ကွယ်လွန်သူ ဂီတာသမားတွေလည်း ရောက်လာမယ်။
သရဲတွေ ပြေးကုန်ပါပြီကွယ်။

တချို့လူတွေက လိမ်လည်ဖို့အတွက် တရားသူကြီးလုပ်တယ်။ တချို့ကလည်း
ဘာအပြစ်မှမရှိပဲ ထောင်ထဲမှာနေဖို့ လောကထဲကို ရောက်လာတယ်။ တချို့က
ဘတ်စ်ကား မှားစီးဖို့၊ အချိန်ကို မှားကြည့်ဖို့ လောကထဲကို ရောက်လာတယ်။
ကိုယ်ကတော့ ဂီတာကိုတီးဖို့ ပြီးတော့ မင်းနဲ့ပွေ့ဖက်ပေါင်းသင်းဖို့ ရောက်လာ
တယ်။ တချို့လူတွေက သရဲတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်။

ဘ၀ဟာ မတိုလည်း မတိုဘူး။ မရှည်လည်း မရှည်ဘူးကွဲ့။ အေးတဲ့ညမှာ သီချင်း
ဆိုကြမယ်။ ဒီကမ္ဘာထဲ လေတွေတိုက်နေတာ ငါတို့ ဂီတာတီးနေကြလို့ပေါ့။
သရဲတွေရှိတဲ့ကမ္ဘာထဲ မိုးရွာတဲ့ဒီည တောင်ပေါ်မြို့လေးက အရက်ဆိုင်ထဲမှာ
သီချင်းတွေဆိုဖို့ မင်းဆီကို လာနေပြီ။ စောင့်လက်စနဲ့ စောင့်နေပါအချစ်လေး။
ကိုယ်လာတဲ့လမ်းမှာ သရဲတွေ ကခုန်လို့ ။ သူတို့လည်း ဂီတကိုမက်မော ဒို့လိုပဲ
ပျော်ကြတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, August 11, 2011

လူမှုရေးကိစ္စ















မိတ်ဆွေတဦးက ပြောဖူးတယ်။ လူမှုဆက်ဆံရေးမှာ ခပ်ခွါခွါဆက်ဆံတာ
အကောင်းဆုံးပဲတဲ့။ တစိမ်းဆန်တဲ့စကားပဲလို့ မှတ်ချက် ချခဲ့ဖူးပါတယ်။
သူက သင်္ဘောသားလူထွက် တဦးပါ။ သင်္ဘောပေါ်မှာ လပေါင်းများစွာ
ဒီလူတွေနဲ့ပဲ ပင်လယ်ထဲ အကြာကြီးကျက်စားခဲ့ဖူးတဲ့ လူပေါ့။ “သင်္ဘော
သားဘ၀က ထောင်သားဘ၀နဲ့ သိပ်မကွာဘူးဟ”လို့လည်း ဆိုဖူးပါတယ်။

သူဆိုလိုတာက ထောင်ထဲမှာပဲ ဖြစ်ဖြစ်၊ သင်္ဘောပေါ်မှာပဲ ဖြစ်ဖြစ် လူမှု
ဆက်ဆံရေးနယ်ပယ်က သိပ်ကျဉ်းလွန်းတယ်။ ငြင်းရခက်တဲ့ဆက်ဆံ
ရေးမျိုး။ နေ့စဉ်နေတိုင်း ဆုံချင်ချင်၊ မဆုံချင်ချင် ဒီလူတွေနဲ့ပဲ ဆုံနေရတယ်။
ဆက်ဆံနေရတယ်။ အနေအထိုင် မတတ်ရင် “ဂေါက်သွားမယ်” ဆိုပဲ။

ဒီနေရာမှာ “အနေအထိုင် မတတ်ရင်” ဆိုတဲ့စကားက ပညာပိုင်းဆိုင်ရာ
စကား ဖြစ်သွားပါပြီ။ နေနည်း ထိုင်နည်း တတ်ကျွမ်းဖို့လိုတယ်။ တတ်ရုံ
တင်မက ကျွမ်းကျင်ဖို့ပါလိုတယ်ဆိုတဲ့ သဘောပါ။ လူတိုင်းနဲ့အဆင်ပြေ
အောင် အကုန်လုံးကို လိုက်ပြီး မျက်နှာချိုသွေးနေရမှာလား။ ဒါမှမဟုတ်
ဖါသိဖါသာ ခပ်တည်တည်နဲ့ နေရမှာလား။ အခုတမျိုး တော်ကြာတမျိုး
လုပ်နေရမှာလား။ ဟန်ဆောင်ကောင်းဖို့ အဓိကလား။

မိတ်ဆွေ ပြောတာကတော့ ခပ်ခွါခွါဆက်ဆံရေးက ရေရှည်တည်တန့်ပါ
သတဲ့။ အတွေ့အကြုံသမားက ပညာစကားပြောခဲ့တာကို အတွေ့အကြုံ
နည်းစဉ်အခါက လက်ခံဖို့ မလွယ်ကူခဲ့ပါ။ “ကိုယ့်စေတနာအတိုင်း ရောင်
့ပြန်ဟပ်လိမ့်မယ်” ဆိုတဲ့အယူအဆကို သဘောကျလို့ စေတနာရှိတဲ့အတိုင်း။
စိတ်အရင်းအတိုင်းပဲ ဘ၀မှာ နေထိုင်ခဲ့ပါတယ်။ “အထာ” မထားဘူးပေါ့လေ။
“အစိမ်းလိုက်” ပဲ ဆက်ဆံခဲ့တယ်ပေါ့။

ခင်မင်သူများနဲ့ ရင်းရင်းနီးနီး ပျော်ပျော်ရွှင်ရွှင် အဆင့်ကနေ ချစ်ချစ်ခင်ခင်
့ဖြစ်လာရအောင် နီးနီးကပ်ကပ် ဆက်ဆံခဲ့ပါတယ်။ ကိုယ့်ဟာ သူ့ဟာ မခွဲ
အတူတူ တသားထဲ နေထိုင်ခဲ့ပါတယ်။ ကိုယ့်အိတ်ထဲက ပါပါသွားတာကို
ပါတယ်လို့ လုံးဝ မမြင်ခဲ့ပါဘူး။ နာတယ်လို့လည်း လုံးဝ မခံစားရခဲ့ပါဘူး။
သူတို့နဲ့အတူ ရင်းနီးပျော်ရွှင်ရေးသာ ပဓါန။ ကျန်တာ အကုန်လုံး သာမည။
အဆုံးမှာတော့။ မှတ်မှတ်ရရ တဦးစ နှစ်ဦးစက လွဲလို့။ ကျန်လူတွေအကုန်
လုံးနဲ့ ရေရှည်မှာအဆင် မပြေခဲ့ပါ။ ၀မ်းနည်းစရာ။

ချစ်ဇနီးကလည်း လွန်စွာမှပင် သဘောကောင်း၊ မနောကောင်း။ လင်ယောက်ျား
စိတ်ချမ်းသာရေးသာ အဓိကထားသူမို့။ ကိုယ့်မိတ်ဆွေ မှန်သမျှ၊ သူ့မိတ်ဆွေလို့
ခံယူပါတယ်။ ကိုယ့်ထက်လည်း သည်းခံ၊ စိတ်ရှည်ပြီး ကူညီတတ်သူပါ။ နောက်
ဆုံးမှာတော့ “စိတ်ရင်းအတိုင်း အစိမ်းလိုက်ဆက်ဆံရေးမူဝါဒ” ကို ကိုယ်တင်
မက ချစ်ဇနီးကပါ လက်မြှောက် အလျှော့ပေးလာရတာ စိတ်မကောင်းစရာပါ။
ချစ်သူ ခင်သူများနဲ့“နီးချင်ကာမှ ဝေး” ဆိုသလို ဖြစ်လာရပါတယ်။ အိမ်ကို
ဘယ်မိတ်ဆွေမှ ခေါ်မလာရေးမူဝါဒကို ချမှတ်ကျင့်သုံး ရတဲ့ အဆင့်အထိ
ရောက်လာခဲ့ပါတယ်။

အခုချိန်မှာတော့ မိတ်ဆွေ သင်္ဘောသား လူထွက်ကြီးရဲ့ ဆုံးမစကားကိုပဲ
အပြန်ပြန် အလှန်လှန် ကြားယောင်နေမိပါတော့တယ်။ ဒါပေမဲ့ “ခပ်ခွါခွါ”
ဆိုတဲ့ စကားကြီးက တစိမ်းမဆန်ဘူးလားဗျာ။ နောက်မိတ်ဆွေတဦးက
လည်း ခပ်မာမာ၊ ခပ်ပြတ်ပြတ် ဆုံးမဖူးတာရှိပါသေးတယ်။ “ဆယ်ပြား
လောက်ပဲ တန်တဲ့သူကို ဆယ်ပြားဖိုးလောက်ပဲ ဆက်ဆံရတယ်ဟဲ့” ဆိုပဲ။
တစိမ်းမဆန် လွန်းပေဘူးလား။ ရင်းနှီးပွင့်လင်းတာဟာ ပြဿနာတခုလား
ဆိုတာလည်း ပြန်လည်စမ်းစစ်လာရပါပြီ။ ပြဿနာက ကိုယ့်ဆီမှာပဲ အခြေ
ခံနေသလား ဆိုတာလည်း အမေးသာရှိ အဖြေမရှိ ဖြစ်လာနေပါပြီ။

အတွေ့အကြုံတွေ ရှိလာပေမဲ့လည်း စိတ်ရင်းအတိုင်း ဆက်ဆံရေးမူကိုတော့
မစွန့်လွှတ်ချင်သေးတာ အမှန်ပါ။ “ခပ်ခွါခွါနည်း” “ဆယ်ပြားဖိုးနည်း”တွေထက်
ကောင်းတာလေးများ ရှိသေးတယ်ဆိုရင်လည်း လမ်းညွှန်ပေးကြပါဦးလား
အရပ်ကတို့ရယ်။

(ရုပ်ပုံ၊ ဂူဂလ်)

Tuesday, August 9, 2011

အကောင်းမြင်သမားနဲ့ နောက်တပွဲ



















ဒေါက်တာ ကောင်းမြင်သူဟာ မြန်မာ့အရေး သိပ်ကိုကျွမ်းကျင်သူတဦးအဖြစ်
နိုင်ငံတကာ ပညာရှင်လောကမှာ ထင်ရှားကျော်ကြားပါတယ်။ နိုဘလ်ဆုလည်း
အကြိမ်ကြိမ်မှန်းထားပြီး အကြိမ်ကြိမ်လွဲနေသူ တဦးပါ။ မြန်မာပြည်မှာ ပြီးခဲ့တဲ့
နှစ် ရွေးကောက်ပွဲပြီးခါစက မြ၀တီသံရုပ်ဖုန်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်
ကို တင်ဆက်ခဲ့ဖူးပါတယ်။ ပရိတ်သတ်ကြီးရဲ့ အတင်းအဓ္ဓမ တောင်းဆိုချက်
တွေအရ တနှစ်နီးပါး ကြာလာတဲ့အချိန်မှာ နောက်တကြိမ်တွေ့ဆုံနိုင်ဖို့
Blueskyforest Co.Ltd က စီစဉ်ပေးခဲ့ရပါတယ်။

အခုတခေါက်တွေ့ဆုံမေးမြန်းခန်း တိုက်ရိုက်ထုတ်လွှင့်ချက်ဟာ အရင်တခါ
လို ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်မှာ မဟုတ်တော့ပဲ တရုတ်မြန်မာနယ်
စပ် ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ပြုလုပ်တာပါ။ မေးမြန်းသူက ကချင်မလေး
“အလ်မိုးတိမ်” ဖြစ်ပါတယ်။

တိမ် ။ ။ ဒေါက်တာကောင်း တွေ့ရတာ ၀မ်းသာပါတယ်။

ကောင်း ။ ။ သိပ်ဝမ်းသာတာပေါ့ တိမ်ရယ်။

တိမ် ။ ။ ဒေါက်တာကောင်းက နိုင်ငံတကာဟောပြောပွဲတွေမှာ မြန်မာ့အရေး
ကို လှည့်ပြီး ဟောနေရတဲ့သူဆိုတော့ မြန်မာ့အရေးကို နိုင်ငံတကာအမြင်တွေနဲ့
ရှင်းပြနိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ကောင်း ။ ။ ကိုယ့်အလုပ်က ဒါပါပဲ တိမ် ။ သိချင်တာ မေးပါ ။ သဘောပေါက်
ထားဖို့က ဒေါက်တာကောင်းမြင်အောင်ဟာ အကောင်းမြင်သမား စစ်စစ်ဖြစ်
တယ် ဆိုတာပါပဲ။ လောကကြီးကို ကောင်းစေချင်သူပါ။ ကောင်းအောင် နေ
တယ်။ ကောင်းတာကိုပဲ ပြောတယ်။ ကောင်းတာပဲ စားပြီး။ ကောင်းကောင်း
ကောင်းတတ်တယ် ဆိုတာပါပဲ။ ဟဲ..ဟဲ..ဟဲ..။

တိမ် ။ ။ ဒါနဲ့များ နိုဘလ်ဆုနဲ့ ဘာလို့လွဲလွဲ နေရပါလိမ့်နော်။

ကောင်း ။ ။ ကိုယ်လည်း ဒါကိုပဲ မေးနေတာ။ နိုဘလ်ဆုကော်မီတီမှာ ပြုပြင်
ပြောင်းလဲရေးတွေ လုပ်ဖို့လိုနေပြီလို့ ကိုယ်စာပို့ထားပါတယ်။ သူတို့အဖွဲ့က
ရွေးချယ်မှုတွေ တော်တော်လွဲမှားနေပါပြီ။ ပြီးခဲ့တဲ့အခေါက်ကဆို ဆုလာယူ
လို့ မရတဲ့ ထောင်ကျနေတဲ့ တရုတ်တယောက်ကို ပေးလိုက်တယ်။ အာဖဂန်နစ္စ
တန်မှာ ဗုံးမိုးရွာချနေတဲ့ အမေရိကန်လူမည်းသမ္မတကို ပေးလိုက်တယ်။ ဒါဟာ
လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ ဟိုတရုတ်ကို ပေးမယ့်အစား ကိုယ့်ကို ပေးလိုက်ပေါ့။
အချိန်မရွေး ကိုယ်က သွားယူနိုင်နေတာပဲ။ နောက်တခါ တိုင်းပြည်ခေါင်းဆောင်
ကိုပဲ ပေးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်လည်း အိုဘားမားကို ပေးမယ့်အစား ဗိုလ်
ချုပ်မှုးကြီးသန်းရွှေကို ပေးသင့်တာပေါ့။ အခုတော့ အကုန်လုံး လွဲ။ ဒီလူတွေကို
ပေးလိုက်တော့ရော လောကကြီး ဘာတွေများ ထူးလာလို့တုံး။

တိမ် ။ ။ ဒေါက်တာကောင်း ရေသောက်လိုက်ပါဦး။

ကောင်း ။ ။ ကိုယ်က ကချင်ပြည်နယ်ရောက်တုန်း ရေထက် ခေါင်ရည်ကို
ပိုသောက်ချင်တယ်။ ရနိုင်မလား။

တိမ် ။ ။ ခေါင်ရည်လည်း စီစဉ်ထားပါတယ် ဒေါက်တာကောင်း။

ကောင်း ။ ။ ဗဲရီးဂွတ်....ဗဲရီးဂွတ်....။ အဟွတ်...အဟွတ်။ (ခေါင်ရည်
သီးသွားသည်)

တိမ် ။ ။ ဒေါက်တာကောင်းလည်း အပြင်မှာ ပစ်သံ၊ ခပ်သံတွေ ကြားနေ
ရမှာပေါ့။ ကျမတို့ မြန်မာပြည် ဘယ်တော့များမှ ပြည်တွင်းစစ် ပြီးဆုံးမယ်
လို့ ထင်ပါသလဲ။

ကောင်း ။ ။ ပြည်တွင်းစစ်ဆိုတာက ပြီးဆုံးကောင်းတဲ့ အရာမဟုတ်ဘူးကွဲ့။
စစ်ဆိုတာ လောကရဲ့ အဆင်တန်ဆာ တခု။ သူ မရှိလို့ မရဘူး။ သတ္တ၀ါရှိရင်
စစ်ရှိမယ်။ စစ်ပွဲတွေရှိလို့ လောကကြီး တိုးတက်နေတာ။ စစ်ဆိုတာ ပြိုင်ဆိုင်
မှုပဲ။ ပြိုင်ဆိုင်မှု မရှိရင် တိုးတက်မှု မရှိဘူး။ မြန်မာပြည်မှာ ပြည်တွင်းစစ်ရှိနေ
လို့ စစ်သားတွေလည်း စစ်သားရဲ့အလုပ်ကို လုပ်တတ် ကိုင်တတ်နေတာ။
တော်လှန်ရေးသမားတွေကလည်း သတ္တိသွေးတွေ အမြဲကြွနေတာ။ အရည်
အချင်းတွေ အမြဲမြင့်အောင် လုပ်နေရတာ မဟုတ်လား။ စစ်ဆိုတာ လိုအပ်
တဲ့အရာပါ အလ်မိုးတိမ်ရယ်။ စစ်ပွဲမရှိတဲ့ တိုင်းပြည်ဟာ ကမ္ဘာ့အလည်မှာ
ဘယ်လောက် မျက်နှာငယ်ရသလဲ။“ ပြည်တွင်းစစ်ကို အားပေးပါ ” အလ်မိုး
တိမ်ရယ်။ ဟဲ...ဟဲ...။

တိမ် ။ ။ ဧရာဝတီမြစ်ကြီး ပျက်တော့မယ်ရှင့်။

ကောင်း ။ ။ ဘယ်ကလာ။ ညာကလာ။ နိုင်ငံရေးသမားတွေ ဆင်တဲ့အကွက်ထဲ
အလွယ်တကူ မ၀င်ကြပါနဲ့။ ဧရာဝတီမြစ် မပျက်ပါဘူး။ မပျက်တဲ့အပြင် တရုတ်
ပြည်က ထပ်ပြီး စီးဆင်းလာမယ့် မြစ်အသစ်တွေတောင် မြန်မာပြည်မှာ ပေါ်လာ
ဦးမှာပါ။ တရုတ်ပြည်က မြစ်တွေ လမ်းကြောင်းပြောင်းပြီး မြန်မာပြည်ဘက်ကို
လှည့်ဖို့ ဦးတည်နေကြပါပြီ။ မြစ်ဆုံမှာ ရေကာတာ ဆောက်တယ်ဆိုတာ တရုတ်
ပြည်မှာ အိပ်နေသလောက်ပဲ ရှိပါသေးတယ်။ ဒီလောက်နဲ့တော့ ငါဒို့ဧရာဝတီ
မပျက်နိုင်ပါဘူး။ ကိုယ်ပြောတာကို ယုံပါ ။

တိမ် ။ ။ အရပ်သားအစိုးရကလည်း ဘာမှ မထူးပါလား ဒေါက်တာကောင်းရဲ့။

ကောင်း ။ ။ သာမန်အကြည့်နဲ့ ဆိုရင်တော့ ဘယ်အရာမှ တကယ့် အဖြစ်မှန်ကို
မမြင်ရနိုင်ဘူးကွဲ့။ ငါဒို့ မြန်မာ့နိုင်ငံရေးဆိုတာ သိပ်ပြီးသိမ်မွေ့တယ်။ နုညံ့တယ်။
အကိုင်အတွယ် မတတ်ရင် ကွဲကြေသွားနိုင်တယ်။ တကယ်တော့ မြန်မာပြည်ဟာ
ထူးထူးခြားခြားကို ကောင်းမွန်နေတာပါ။နို်င်ငံတကာကတောင် လိုလိုလားလားနဲ့
ကြိုဆိုနေကြပြီမဟုတ်လား။ ဦးအောင်ကြည်နဲ့ ဒေါ်စုတို့လည်း ကြေညာချက်
တစောင်ကို နှစ်ယောက်အတူတွဲပြီး ထုတ်ကြတဲ့အဆင့်တွေ ရောက်နေပြီလေ။
အမှန်ကို မြင်အောင်ကြည့်နိုင်ဖို့ ကြိုးစားကြပါဦး။

တိမ် ။ ။ ကဲ..ကဲ.. အချိန်ပြည့်တော့မှာမို့ ကျေးဂျူးကမ္ဘာပါ ဒေါက်တာကောင်း ။

ကောင်း ။ ။ အောရိုက်...အောရိုက်...။ အဲနီးတိုင်းမ်ပါပဲ..အဲ..ဟဲ...ဟဲ..ဟဲ..

လိုင်ဇာမြို့ ကချင်ရုပ်သံလွှင့်ဌာနရဲ့အပြင်ဘက်မှာ လူအုပ်ကြီး လှုပ်လှုပ်
ရွရွ ဖြစ်နေတာ ဒေါက်တာကောင်းမြင်သူ မသိရှာ။ ဒီလူအုပ်ကြီးဟာ မကြာ
ခင်တုန်းက ရန်ကုန်မြို့ သုဝဏ္ဏအားကွင်းမှာ အိုမန်အသင်းကို မှတ်လောက်
သားလောက်အောင် မြန်မာ့သွေးပြခဲ့ကြတဲ့ နိုင်ငံဂုဏ်ဆောင်
ဘောလုံးပရိတ်
သတ်ကြီးဆိုတာကို ဒေါက်တာကောင်းတယောက် သိမယ်ဆိုရင်
...။ သူ့ရဲ့
အယူအဆ၊ အပြောအဆိုနဲ့
သူ့ရဲ့ကံကြမ္မာပါ အကြီးအကျယ် ပြောင်းလဲသွား
လိမ့်
မယ်ဆိုတာကို တွေးမိပြီး ကချင်မလေး အလ်မိုးတိမ်က ပြုံးပြလိုက်ပါတယ်။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, August 5, 2011

“မ”တဲ့ကိန်း ဆိုက်မည်













နေပြည်တော်နိုင်ငံရေးလောကမှာ အခုတလော ရေပန်းစားနေတဲ့ ဝေါဟာရက
“ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး” ဖြစ်ပါတယ်။ ချိတ်ထမီဝတ် ကိုသိန်းစိန်တို့ရဲ့
အရပ်သားစစ်စစ် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ခပ်တည်တည်နဲ့ ကျယ်
လောင်ကျယ်လောင် ပြောနေကြတဲ့ အသုံးအနှုံးပါ။ ခေါင်းစဉ်ကတော့ (ထုံးစံ
အတိုင်း) ဟုတ်နေပါရောလား။ မြန်မာပြည်က ဆင်းရဲမှုတွေ ပပျောက်သွား
အောင် လုပ်ကြတော့မယ်ပေါ့။ သိုင်းကြ၊ ၀ိုင်းကြတော့မယ်ပေါ့။

အကိုသိန်းစိန်ရဲ့ ညာသံပေးချက်ကြောင့် ငဒို့ဆင်းရဲသားတွေလည်း ထိုင်ရ
မလို ထရမလိုနဲ့ “ကွတတ” ဖြစ်ကြရပါတယ်။ ဆင်းရဲမှုတွေကို တိုက်ဖျက်
မယ်ဆိုတာ ငဒို့တွေကိုများ သတ်ပစ်ကြတော့မလို့လားပေါ့။ နဂိုကမှ ဆင်းရဲ
ရတဲ့အထဲ စိုးရိမ်စိတ်တွေပါ ထပ်တိုးလာခဲ့ရသပေါ့ ကိုသိန်းစိန်ရယ်။ အထိပ်
ရယ်တဲ့မှ တလန့်် တလန့်။

မကြာခင်တုန်းကပဲ ငဒို့ရဲ့မိတ်ဆွေ ဆင်းရဲသား အဖေါ်သဟာ ဘလော်ဂါကြီး
ဇာနည်းဝင်း
နဲ့ လိုင်းပေါ်မှာဆုံကြတော့ သူ့ဂျီမေးရဲ့ဆောင်ပုဒ်ကလည်း မလူး
သာ မလွန့်သာကြီး။ ဘာတဲ့..“သူတို့ပဲ ဆင်းရဲအောင် လုပ်ခဲ့ကြပြီးတော့ အခု
တခါ ပပျောက်အောင် လုပ်ဦးမတဲ့” ဆိုလား။ ဟုတ်သားပဲ။ ကိုသိန်းစိန်တို့
ပဲ တိုင်းပြည်ကို ဆင်းရဲအောင်လုပ်နေတာ မဟုတ်လား။ လုပ်ခဲ့ကြတာ
မဟုတ်ဘူးလား။ ဘယ့်နှယ်...“သူခိုးက လူလူဟစ်” ဆိုတာမျိုးကြီး ဖြစ်
မနေဘူးလား ပေါ့နော်။

ငဒို့ ဆင်းရဲသားတွေဆိုတာက ဘာစည်းစိမ်မှ မရှိတော့ ရှိတဲ့ ဆင်းရဲမှု
လေးကိုပဲ ဟာသနှောပြီး ပျော်အောင်နေတတ်ကြတာကလား။ အဲဒါ
ကြောင့် ဘလော်ဂါဇာနည်ဝင်းကို ပြုံးစေဖို့ “ဟိတ်လူ။ တကယ်တမ်းက
ချမ်းသာမှုတွေကို ပပျောက်အောင်လုပ်ရမှာ မဟုတ်ဘူးလား” လို့ ပြန်ပြီး
နောက်လိုက်ပါတယ်။ သူကလည်း ထောက်ခံသဗျ။ “ဟုတ်တယ်။ အဲဒါက
ပိုလွယ်မယ်” တဲ့။ “သိပ်တော့လည်း လွယ်မယ်မထင်နဲ့ မြန်မာပြည်မှာ
ချမ်းသာတဲ့ သူတွေက သေနပ်ကြီးတွေနဲ့ အကိုရဲ့လို့ ” သတိပြန်ပေးခဲ့
ရတယ်။

ဟုတ်တော့လည်း ဟုတ်တယ်။ ငဒို့လို ဆင်းရဲသားတွေက တိုင်းပြည်မှာ
အများစု မဟုတ်လား။ ဒီလောက်ကြီးတဲ့ ဆင်းရဲမှုကြီးကို ပပျောက်အောင်
လုပ်ဖို့ဆိုတာ ချိတ်ထမီအုပ်စုရဲ့ အရည်အသွေးနဲ့ ဖြစ်နိုင်ပါ့မလား။ သူတို့က
အာဏာသိမ်းတာနဲ့ ပြည်သူတွေကို နှိပ်စက်တာလောက်ပဲ တတ်ကြတာ
မဟုတ်လား။ မဖြစ်နိုင်တာကြီး လူထင်ကြီးအောင်လျှောက်ပြောနေမယ့်
အစား။ လူနည်းစုဖြစ်တဲ့ ချမ်းသာနေကြသူတွေကို ပပျောက်အောင် လုပ်
လိုက်ရင် ငဒို့ တတိုင်းပြည်လုံး “တပြေးညီ” ဖြစ်သွားနိုင်တာပေါ့။

အဲဒီလိုလုပ်ရင် ဆိုရှယ်လစ်ခေတ်၊ ကွန်မြူနစ်ခေတ်တွေကို ပြန်ရောက်
သွားမှာ စိုးရိမ်ရတယ်လို့ ဝေဖန်ကြလိမ့်မယ်။ ကိုသိန်းစိန်တို့က ဒီမိုကရေ
စီကို “အာရုံပြုပြီး” သွားနေကြတာ။ အနှောက်အယှက် မပေးနဲ့။ “နာသွား
ချင်လား”လို့ ၀ိုင်းပြီး ဆုံးမကြလိမ့်မယ်။ ငဒို့က အပြုသဘောနဲ့ ထောက်ပြ
တာပါဗျာ။ မနာချင်ပါဘူး။ ဘေးအိမ်က တရုတ်ပြည်ကိုပဲ ကြည့်လိုက်။
ကွန်မြူနစ်ကြီး မဟုတ်ဘူးလား။ ချမ်းသာလိုက်တာမှ “ဝေါမိသောဖေါ” ပဲ။
အရင် မြန်မာ့ဆိုရှယ်လစ်ခေတ်တုန်းက အခုထက်တောင် နေရထိုင်ရ
အဆင်ပြေသေး။ အဲဒီခေတ်ကို ပြန်ရောက်လည်း ခပ်ကောင်းကောင်း
မဟုတ်လား။

ငဒို့ကတော့ ဆင်းရဲမှုလေး မပပျောက်ချင်ပေါင်။ ချမ်းသာသူတွေ ပပျောက်
ရင်ပဲ ၀မ်းသာရမှာပါ ကိုသိန်းစိန်ရယ်။ ချိတ်ထမီကြီးလည်း ကျွတ်ကျ နေပါ
ဦးမယ်ကွယ်။ မဟုတ်တာတွေ လျှောက်မပြောနဲ့တော့နော်။ အသက်လည်း
ကြီးလာပြီ မှုတ်လား။ အာဏာကို မြန်မြန် ပြန်လွှဲပေးလိုက်။ ဗိုလ်သန်းရွှေဆီ
မဟုတ်ဘူးဟဲ့။ နိုဘလ်ဆုရှင် “သည်လေဒီ” ဆီကိုပြောတာ။ သူ့ခင်မျာလည်း
အသက်က ကြီးရှာပေါ့။

(ရုပ်ပုံ ၊ ဂူဂလ်)

Thursday, August 4, 2011

ချိုးပြော မိုးပြော နိုးဆော်ချက်



















ယခုသည် ယခင်နှင့် မတူတော့ပေ။ (ရှင်းမှ ရှင်းကြပါ့မလား မသိ) ယပက်
လက်နှင့် ခကွေး ပါတာချင်း အတူတူ။ အဓိပ္ဗါယ်က တခြားစီ။ ဆိုလိုချင်တာ
က ယနေ့ခေတ်သည်ကား “ဝေးသူများ နီးရသောခေတ်ကြီး” ဖြစ်ပေကြောင်း
အများတကာ သိပြီးသား ပြာလဲ့ကို ဇာချဲ့နေခြင်းပင် ဖြစ်တော့သည်။

တကယ်ပြောချင်သည်က မလာသေး။ (ဟေ) ဝေ့ခြင်း၊ ၀ိုက်ခြင်း၊ ချော်
တောငေါ့ခြင်းနှင့် သဝေထိုးခြင်းတို့မှာ မရင့်ကျက်ရှာသော စာရေးသူတို့၏
ထုံးစံဖြစ်သည်ကို သင်ခန်းစာယူနိုင်ရန် နမူနာ ပြသနေခြင်းဖြစ်သည်။
ကိုင်း...။ ငါဟာ ဘာကိုပြောချင်နေသနည်း။ ပြောစရာရှိသည်ကို ဒဲ့ (တည့်)
မပြောပဲ သိုင်းနေ ၀ိုင်းနေသည်မှာ အကြောင်းရှိသလား။ ရှင်းအံ့။

အခုတလော မြန်မာပြည်က နာမည်ကျော်စာရေးသူတို့၏ ဟောသံ ပြော
သံများကို အင်တာနက်ကောင်းကျိုးဖြင့် ကမ္ဘာအနှံ့နေ ရွှေမြန်မာများ
လွယ်လင့်တကူ နားသောတ ဆင်နေကြရသည်။ ကောင်းပေစွ။ မြန်မာ
စာရေးဆရာ အဖိုအမများသည်လည်း ပြည်တွင်း၌သာမ ပြည်ပနိုင်ငံ
များသို့တိုင် ထိုမှတဆင့် ၊ ဟိုမှတဆင့် ကူးချီသန်းချီဖြင့်ပင် ဟောပြော
နေကြရသည်ကို မြင်နေ ကြားနေရသည်မှာ ၀မ်းသာ ၀မ်းမြောက် ဖြစ်
၍ မဆုံးပါ။ ကောင်းပေစွ....ကောင်းပေစွ။

သို့ရာတွင် အချို့သော စာရေးသူတို့မှာကား သေချာကြိုတင် ပြင်ဆင်
ထားပုံ မရ။ ကျကျနန၊ ပီပီပြင်ပြင်၊ ထိထိရောက်ရောက်၊ မိမိပေါက်
ပေါက် မပြောနိုင် မဟောနိုင်ရှာ။ ယခုဖတ်နေရသော စာကဲ့သို့ ရှည်
လျှား၊ေ၀၀ါး၊ ပေများနေရှာသည်။ နိုင်ငံခြားတိုင်းပြည်သို့ တကူးတ
က ထွက်လာပြီးမှ ဟောပြောသည့် စင်မြင့်ပေါ်တွင် အတည်ပေါက်
နှင့် ယောင်လည်လည်ဖြစ်၍ နေရှာသည်။

ပရိတ်သတ်တို့ကလည်း နာမည်ကြီးပုဂ္ဂိုလ်ပြောတာ နားထောင်ရပြီး
ရော ပြောချင်ရာပြော ဆိုသည့်သဘောများလား မသိ။ အကြောင်း
အရာတခု ဆုံးလေတိုင်း လက်ခုတ်လက်ဝါးများ တီးပေးကြရှာသည်။
အဟောကောင်း အပြောကောင်း ပုဂ္ဂိုလ်များလည်း ရှိကြပါသည်။
တချို့ဆိုလျှင် ဟောရုံပြောရုံတင်မက ဟန်နှင့်မာန်နှင့် ဆိုပါပြလိုက်
ပါသေးသည်။

တချို့စာဟောဆရာများမှာ ယဉ်ကျေးမှု ဓါတ်လိုက်သည်ထင့်။
အမှတ်မထင် သူရောက်လာသော တိုင်းပြည်က မြင်ကွင်းများအား
ထိုတိုင်းပြည်တွင်ရောက်နေသည့် မြန်မာများကို စင်ပေါ်က တဆင့်
တအံ့တသြ ပြန်၍ပြောပြနေသည်မှာ မိနစ်နှစ်ဆယ်ခန့်ကြာလေသည်။
ဟောလိုက် ပြောလိုက်သည်မှာလည်း တနာရီမက နှစ်နာရီနီးပါး။
နားထောင်ရသူအဖို့ မသက်သာလှ။ အချို့စာရေးသူများမှာ ပရိတ်
သတ်ထဲက စာဖတ်သူများလောက် အသိအမြင် မရှိလှ။ ခပ်တည်
တည်တော့ ရှိကြရှာသည်။

ကဲ။ ငါပြောချင်တာကို ပြောပြီးပြီတဲ့လား။ မပြီးသေးပါ။ အတွန့်တက်
စရာ ကျန်နေပါသေးသည်။ အချွန်ဖြင့်“မ” သည်ဟု သဘော မထားရန်
လည်း အတည်ပေါက်နှင့် ကြိုတင် အသိပေးအပ်ပါသည်။ တက်စရာ
ကျန်သည့်အတွန့်ကို စ၍ ပြောပါမည်။ ဒီလိုပါ။

ရွှေမြန်မာများ ရာနှင့်ထောင်နှင့်ချီ၍ ရောက်ရှိနေထိုင်ကြသော တိုင်း
ပြည်များ၌ အနည်းဆုံး ဘလော်ဂါ သုံးဦး၊ လေးဦးမက ရှိနေကြသည်မှာ
အတော်ကြာပေပြီ။ ၄င်းတို့၏ ရေးသက်နှင့် လက်ရာများသည်လည်း
အတန်အသင့် ရင့်ကျက်နေသည်ကို တွေ့ရသည်။ တင်ပြပုံ၊ စေတနာ၊
ကြိုးပမ်းအားထုတ်မှုတို့မှာ အသိအမှတ်ပြုရမည့် အနေအထားတွင် ရှိ
နေပါပြီ။ ဖေတော့မောင်တော့ စာဖြစ်ပြီးရော။ ငါရေး နင်ဖတ် ဆိုတာမျိုး
ရှားပါသည်။

ထိုဘလော်ဂါများအား စာရေးဆရာများအဖြစ် အီစကိုက အသိအမှတ်
ပြုပါသည်။ လေးစားဂုဏ်ယူပါသည်။ ထိုအရပ်ဒေသ၌ ရှိကြကုန်သော
ရွှေမိသားစုအသိုင်းအ၀ိုင်းက ထိုဘလော်ဂါများကို သူတို့ဒေသထွက်
စာရေးဆရာများအဖြစ် တန်ဘိုးထားသင့်သည်ဟုလည်း ရှုမြင်ပါသည်။
မြန်မာပြည်က စာရေးသူ၊ ဟောသူများကို ပင့်ဖိတ်ဟောပြောစေသည့်
အခါများတွင်လည်း ဒေသခံ ဘလော်ဂါများအား ထိုအကျော်အမော်
များနှင့် ပူးတွဲ၍ ပွဲထုတ်ပေးသင့်သည်ဟု တိုက်တွန်းချင်ပါသည်။

ဤကဲ့သို့လုပ်လျှင် မည်ကဲ့သို့ဖြစ်လာမည်နည်းဟု မေးခွန်းထုတ်ဖွယ်
ရှိပါသည်။ ထုတ်သင့်သော မေးခွန်းလည်း ဖြစ်ပါသည်။ ရှင်းအံ့။
ဒေသခံဘလော်ဂါများကို ဤသို့ အားပေးမြှောက်စားခြင်းအားဖြင့်
ကောင်းမွန်သည့် အကျိုးရလာဒ်များ တခုထက်မက များစွာထွက်ပေါ်
လာနိုင်ပါသည်။

မြန်မာ့ဘလော်ဂါလောက တဆင့်မြင့်လာမည်။ ဘလော်ဂါများ ပိုမို
ကောင်းမွန်အောင် ဖန်တီးအားထုတ်လာကြမည်။ သာမန်ဘလော်ဂါ
ဘ၀မှ စာရေးဆရာအဆင့်အထိ ရောက်လာနိုင်သည်။ (ရောက်နှင့်ပြီး
သူအချို့လည်း ရှိနေကြပါပြီလေ) စာရေးကောင်းသူအဖြစ်မှ အဟော
အပြောကောင်းသူအဖြစ် ရောက်ရှိလာနိုင်သည်။ ပြည်ပဘလော်ဂါ
ဟောပြောမှုများအား ပြည်တွင်းပရိတ်သတ်က အားပေးခွင့်ရလာမည်။
အွန်လိုင်းဟောပြောပွဲတွေ ဖြစ်လာနိုင်သည်။ ဆက်၍ စဉ်းစားလျှင်
အများအပြား ရှိပါသေးသည်။

ဤတွင် မေးစရာတခုလည်း ထပ်၍ ပေါ်လာနိုင်ပါသေးသည်။ နင်က
ဒီကိစ္စကို နှပ်ကြောင်းပေးပြီး ရေးနေတာက နင်ကိုယ်တိုင် ဟောချင်
ပြောချင်နေလို့ မဟုတ်လား။ မြန်မာပြည်က အကျော်အမော်တွေနဲ့
ခြေရာ တိုင်းချင်နေလို့လား။ ဘလော်ဂါဝါးမှ မ၀သေးခင် ငါးကြင်း
ခေါင်းကို တက်ကိုင်ချင်နေသလား။ နင့်အကြံ ဒါ အကုန်ပဲလား။
စသဖြင့်ပေါ့လေ။

သူလည်းလေ လောကီသားပေမို့ ဟောချင်ရှာမပေါ့ဟု ဆိုသော်
ရ၏။ သို့သော် အကျွနု်ပ်သည်ကား မြန်မာစကားကို မပီရုံမျှ မက
ပြောရင်း ထစ်နေတတ်သည်ကလည်း မွေးရာပါမို့ အခြားဘလော်
ဂါတို့ ပြောတာ ဟောတာများကိုသာ ပို၍ နားဆင် ငေးမောလိုပါ
ကြောင်း။ ထို့ပြင်တ၀ အကျွနု်ပ်နေထိုင်ရာ ဒေသတွင်ကား မြန်မာ
စာပေအကျော်အမော်များအပြင် အနုပညာရှင်ကြီးများလည်း
ထီးထီးမားမား ရှိနေသဖြင့် အကျွန်ုပ်ဘလော်ဂါ ငမောင် ခေါင်း
မျှဖြင့် မထောင်ဝံ့ပါကြောင်း။


(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, August 2, 2011

ဆန့်ကျင်ရေးသမားရဲ့မင်္ဂလာဆောင်



















ကောင်လေးကို ၁၉၈၈ခုနှစ်မှာ မွေးခဲ့တယ်ဆိုကတည်းက သဘောပေါက်လိုက်
တော့။ တတိုင်းပြည်လုံး တရုန်းရုန်းနဲ့ မြို့တကာ နယ်တကာမှာ အစိုးရကို ဆန့်
ကျင်နေကြတဲ့ အချိန်ပေါ့။ သူတို့နယ်မှာတော့ ဒီအဖြစ်အပျက် ကာလကြီးကို
“ဒို့အရေး” ကာလလို့ ခေါ်ကြတယ်။ တနိုင်ငံလုံး ဘယ်ကိုပဲ သွားသွား ဒီအသံ
ကိုပဲ ကြားနေရတာကိုး။

အဖြစ်က ဆိုးချင်တော့ သူ့ကိုမွေးဖို့ သူ့အမေ ဗိုက်နာနေတဲ့အချိန် ဆေးရုံကို အချိန်
မီ ရောက်ဖို့ သူ့အဖေနဲ့အမေဟာ သပိတ်တပ်ဖွဲ့တွေနဲ့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ
ကြားက ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ ဆေးရုံမှာ ဆေးက မစုံတော့ အပြင်ကို
ဆေးအ၀ယ်ထွက်ရင်း သူ့အဖေပျောက်သွားလိုက်တာ အခုချိန်ထိ ပေါ်မလာတော့
ဘူး။ တွက်ကြည့်လေ အခုပဲ ကောင်လေးအသက်က ၂၃နှစ်။ သူ့အဖေက အဖမ်းခံ
ရတာလား။ အသတ်ခံရတာလား။ ဘာမှန်းကို မသိဘူး။ တနေ့ကပဲ ကောင်လေး
မင်္ဂလာဆောင်လိုက်ပါပြီ။

ဆန်းဆန်းပြားပြား။ သူ့မင်္ဂလာဆောင် အခန်းအနားက ခွပ်ဒေါင်းအလံကို အလေးပြု
တာနဲ့ စတင်သတဲ့။ ပြီးတော့ ထုံးစံအတိုင်း ကျဆုံးလေပြီးကုန်သော အာဇာနည်ခွပ်
ဒေါင်းအပေါင်းအား အလေးပြုကြပြန်သတဲ့။ တမိနစ် ညိမ်ရသတဲ့။ ပြီးတော့တခါ
မတရားသဖြင့် အကျဉ်းချခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက်လည်း
တမိနစ်ထပ်ပြီး ညိမ်ရသတဲ့။ အခန်းအနား အစီအစဉ် ၂ အရ ဒေါ်အောင်ဆန်းစု
ကြည်ရဲ့ မိန့်ခွန်းကို နားထောင်ရသေးသတဲ့။ နိုင်ငံတော် အလံသစ်ကိုလည်း
ဖနောင့်နဲ့ ၀ိုင်းပေါက်ခဲ့ကြသေးသတဲ့။ ဘာပဲပြောပြော သူတို့မင်္ဂလာဆောင်က
နိုင်ငံရေးအခန်းအနားလိုလို၊ မွေးနေ့လိုလို၊ ဆွမ်းကြွေးလိုလိုနဲ့ တော်တော် ပျော်
ဖို့ကောင်းဆိုပဲ။

ဆန့်ကျင်ရေးကာလကြီးမှာ မွေးလာတဲ့သူ။ စီးပွါးရေးနိမ့်ကျလို့ ပတ်ဝန်းကျင်ရဲ့
အနှိမ်ခံဘ၀နဲ့ ကြုံရသူ။ အဖမဲ့သား ရေနည်းငါး။ ပညာရေးကလည်း မ၀ တ၀။
ကျန်းမာရေးကလည်း မ၀ တ၀။ လူမှုရေးကလည်း မ၀ တ၀။ အရာရာအားလုံးက
သူ့ကို ဆန့်ကျင်ထားကြတယ်လို့ ခံစားခဲ့ရတယ်။ အရာရာကိုလည်း သူက ပြန်ဆန့်
ကျင်ရင်းနဲ့ ဘ၀ကိုတည်ငြိမ်အောင် ထိမ်းညှိခဲ့ရတယ်။ တကယ်တော့ သူတယောက်
ထဲ ဒီလိုဖြစ်နေတာ မဟုတ်ဘူးဆိုတာကို တဖြေးဖြေးနဲ့ သိလာခဲ့တော့ နေသာထိုင်
သာ ရှိလာသတဲ့။

ဒီလိုနဲ့ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်လှန်ရေးသမားလေး။ ဆန့်ကျင်ရေးသမားလေး
ဖြစ်ခဲ့ရသပေါ့။ သတင်းစာတွေကို ဆန့်ကျင်။ ရုပ်မြင်သံကြားထုတ်လွှင့်ချက်တွေကို
ဆန့်ကျင်။ စစ်တပ်ရှိရာ အရပ်ကို ဆန့်ကျင်။ အာဏာပိုင်တွေကို ဆန့်ကျင်။ နိုင်ငံ
တော်အလံကို ဆန့်ကျင်။ နိုင်ငံတော် သံဃာ့မဟာနာယကကို ဆန့်ကျင်။ ဆန့်ကျင်မှု
တွေနဲ့ အသားကျနေသူလေး တနေ့တော့ ဆန္ဒပြမှုတခုမှာ အဖမ်းခံရလို့ ကောင်လေး
ထောင်ကျခဲ့ပါလေရော။ ကံကောင်းချင်တော့ ၄နှစ်လောက်နဲ့ ပြန်လွတ်လာခဲ့တယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတဲ့ ဘွဲ့တခု ရလာတော့ ဆန့်ကျင်ရေးလုပ်ရတာ ပို
ပြီး တရားဝင်လာသလို၊ ဂုဏ်တက်လာသလို ဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ သူများ
တွေလိုပဲ ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို ကောင်လေး ရောက်လာခဲ့ပါ
တယ်။ ပြည်ပကို ရောက်လာပေမဲ့လည်း ကောင်လေးက ဆက်ပြီးဆန့်ကျင်နေဆဲပါ။
သူတယောက်ထဲ ဆန့်ကျင်နေတာမှ မဟုတ်ပဲကိုး။ ပြည်ပမှာလည်း အဖေါ်တွေက
အများကြီး။ ပိုတောင်ပျော်ဖို့ ကောင်းလာသေး။

အခုနောက်ဆုံး နော်ဝေနိုင်ငံအထိပါ ကောင်လေးရောက်လာခဲ့ပါပြီ။ နော်ဝေမှာ
ကောင်လေး အိမ်ထောင်ကျပါတယ်။ သူ့ဇနီးက ဒုက္ခသည်စခန်းမှာမွေး၊ အဲဒီမှာပဲ
ကြီးပြီး နော်ဝေကို မကြာခင်ကမှ ရောက်လာသူ။ မြန်မာစကားလုံးဝ မတတ်တဲ့
ကရင်မလေးပါ။ ကောင်လေးက နယ်စပ်မှာနေတုန်း ကရင်စကားကို အလုပ်ဖြစ်
အောင်ပြောတတ်ခဲ့တယ်။ အခုတော့ သူတို့ နော်ဝေမှာ ညားကြပြီ။

ကောင်မလေးက မြန်မာပြည်အကြောင်းကိုရော၊ နိုင်ငံရေးအကြောင်းကိုရော၊
လောကကြီး အကြောင်းကိုရော ဘာမှ သိလှတာ မဟုတ်။ ရိုးရိုး၊ ရှင်းရှင်းနဲ့ အေး
အေးလေး။ ဗမာတွေ မကောင်းဘူးဆိုတာတောင် သူ့အမိုးပြောလို့ ကြားဖူးတာ။
တကယ် ကောင်းလား၊ မကောင်းလား သူကောင်းကောင်းသိတာ မဟုတ်။ အေး
အေးနေမယ်။ ပျော်ပျော်နေမယ်။ ဒါပဲ။ မင်္ဂလာဆောင်မှာ သူများတွေက အလေး
ပြုဆို သူကလည်း လိုက်ပြု။ တမိနစ်ညိမ်ဆို လိုက်ညိမ်။ ပြုံးပြုံးလေးပဲတဲ့။

မင်္ဂလာမဆောင်ခင် တရက်က ကောင်လေးကို သူက မေးသတဲ့။ နင် ဆန့်ကျင်
နေတာတွေက ဘယ်တော့မှ ရပ်မှာလဲတဲ့။ ကောင်လေးက ခဏစဉ်းစားလိုက်ပြီး
ပြုံးပြုံးလေး ပြန်ဖြေပါတယ်။ မရပ်နိုင်ဘူးဟ။ ငါက မွေးကတည်းက ဆန့်ကျင်လာခဲ့
တော့ သေတဲ့အထိ ဆန့်ကျင်သွားရလိမ့်မယ်တဲ့။ ကောင်မလေးက အဲဒါဆိုလည်း
ပြီးတာပဲလို့ ပြန်ပြောသတဲ့။ ပြုံးပြုံးလေးပါပဲ။

(ရုပ်ပုံ ၊ Banksy)

Monday, August 1, 2011

ဇတ်သိမ်းကောင်းရေးမူဝါဒဆိုင်ရာ အကြံပြုစာတမ်း (ကန့်သတ်)















ကဗျာ၏ ပိုင်ရှင်မှာ “စကားပြေ” ဖြစ်ပါသည်။ စကားပြေသည် အဖို မဟုတ်
အမ ဖြစ်၏။ စကားပြေမသည် ကိုယ်ဝန် နှစ်ကြိမ်ပျက်ကျဖူးသူပြီး သားသမီး
သုံးဦး မွေးမြူထားသည့် အသက်လေးဆယ်ကျော် ခပ်ချောချော ခပ်တောင့်
တောင့် တခုလတ် အမျိုးသမီးဖြစ်၏။ ၄င်းတို့အိမ်၌ ကဗျာဟုအမည်ရသော
ကုန်စုံဆိုင်ကလေးဖွင့်ကာ စီးပွါးရှာကြလေသည်။

သားအကြီးဆုံး၏ အမည်မှာ “စာညွန့်”ဖြစ်ပြီး အလတ်ကောင်ကို “စာစီကုံး”
ဟုခေါ်ပါသည်။ အငယ်ဆုံးသမီးမှာ “သဒ္ဒါ” ဖြစ်လေသည်။ စကားပြေ၏
သားသမီး သုံးဦးသည် လွန်စွာမှ ကမြင်းကျောထတတ်ကြပြီး တဦးကိုတဦး
အမြဲရန်ရှာနေလေ့ရှိသည်။ ညအိပ်ရာဝင်ချိန်၌ စကားပြေသည် သားသမီး
တို့အား ပုံပြင် ပြောပြရ၏။ ထိုအချိန်သာလျှင် ကလေးများ ငြိမ်နေတတ်လေ
သည်။

စကားပြေ၏ ပုံပြောနည်းမှာ အများနှင့်မတူ မေးခွန်းများ ပါဝင်နေတတ်
သည်။ “မိုးလင်းခါနီး ရေတွေထဲမှာ တဗွမ်းဗွမ်းနဲ့ ကြားနေရတယ် ဘာများ
တုံးဟဲ့” ဟု မေးသော်။ အလတ်ကောင် စာစီကုံးက “အဲဒါ အမတ်ကြီးဦးပေါ်ဦး
စိတ်ညစ်ညစ်နဲ့ ဧရာဝတီမြစ်ထဲ ရေဆင်းကူးနေတာပေါ့ဗျ” ဟု ဖြေလေသည်။
အကြီးကောင် စာညွန့်ကတော့ “ ဘယ်ကလာ...တဗွမ်းဗွမ်းနဲ့ အသံထွက်နေ
တာက မစ္စပီမြစ်ထဲကို မြန်မာဒုက္ခသည်တွေ ဒိုင်ဗင်ထိုးနေကြတာဗျ” ဟု
ပြောလေ၏။ အငယ်မ သဒ္ဒါကတော့ “တဗွမ်းဗွမ်းအသံက ဂင်္ဂါမြစ်ထဲမှာ
အာနန္ဒာ ငါးကြီးတွေ ပွက်နေတဲ့အသံပါ အမေရယ်”လို့ပြော၏။ ထိုအခါ အမေ
လုပ်သူက ဇတ်ကို လှပစွာ ပေါင်းလေ၏။

“အမေရိကားရောက် မြန်မာဒုက္ခသည်တွေက စပွန်ဆာနဲ့ လှမ်းခေါ်လို့
မင်းကွန်းကနေ အမတ်ကြီး ဦးပေါ်ဦး တကူးတကနဲ့ ရေကူးလို့အလာ။
လမ်းမှာ အာနန္ဒာဆိုတဲ့ ငါးကြီးနဲ့ ဆုံကြတယ်။ အမေရိကားခရီး မြည်းစမ်း
ကြည့်ရေး ဆွေးနွေးတိုင်ပင်ကြတယ်။ နောက်ဆုံး သဘောတူညီချက်တခု
ထွက်လာပြီး ဦးပေါ်ဦးက အာနန္ဒာကြီးကို ခွစီးလိုက်တယ်။ ဒီလိုနဲ့မစ္စစပီမြစ်
ထဲကို သူတို့တွေ ရောက်လာပါလေရော” လို့ အမေ စကားပြေက သူ့၏ ပုံပြင်
ကို စလေသည်။ ထိုထိုသော ပုံပြင်မျိုးများဖြင့် ရှည်လျှားသည့် ညများကို
ကျော်ဖြတ်ရင်း ဘ၀တွေကို ဆွဲဆန့်၍ လာခဲ့ရလေသည်။

၎င်းတို့၏ ဘေးအိမ်တွင် “ဂီတ” မိသားစုရှိလေသည်။ ဂီတဆိုသည့် အသက်
ငါးဆယ်ခန့် အရက်သမားသည် ဒေါသကြီးသော အလုပ်လက်မဲ့တဦးဖြစ်
၏။။ သူ့တွင် “သီချင်း” ဟုဆိုသော သမီးတဦးနှင့် “သံစဉ်”ဆိုသော သား
တဦးရှိ၏။ အဖေက ဆိုးသော်လည်း သားသမီးများက တော်ကြ၊ ကောင်းကြ၏။
ရိုးသား ကြိုးစားကြ၏။ သီချင်းက ရွှေချည်ထိုးအလုပ်ကို နေ့ရောညပါ လုပ်ပြီး
ငွေရှာ၏။ အိမ်အတွက် ချက်ပြုတ်၏။ သားသံစဉ်က မြင်းလှည်းမောင်းပြီး အား
သည့်အခါ ရေထမ်းရောင်းလေသည်။

ကဗျာ မိသားစုနှင့် ဂီတမိသားစုတို့ အိမ်ချင်းသာ ကပ်ကြသည် အစေးက သိပ်
ကပ်လှသည်တော့ မဟုတ်။ သို့သော်လည်း စာရေးသူ ဘလော်ဂါ အိပ်ငိုက်လာ
၍ ဇတ်ကို ပေါင်းသော်။ စကားပြေနှင့်ဂီတ ဘာကြောင့်ရယ်မသိ ညားကြပါလေ
သတည်း။ အကြီးကောင် စာညွန့်ကား ဘုန်းကြီး အပြီးဝတ်လေသည်။ သမီး
သီချင်းကား သူ့အလုပ်ရှင်လူမျိုးခြား၏ မယားငယ် ဖြစ်ရရှာလေသည်။ စကား
ပြေ၏သမီးဖြစ်သူ သဒ္ဒါသည် အဖေါ်ကောင်း၍ ထိုင်းတွင် အလုပ်သွားလုပ်ရာက
အမျိုးသမီးချင်း အိမ်ထောင်ပြု၍ ထိုင်းနိုင်ငံ၌ အခြေချနေတော့သည်။

ဇတ်သိမ်းခန်းကို အပျော်နှင့်ဆုံးမည်ဟု မူလကတည်းက ရည်ရွယ်ထား၏။
ထို့ကြောင့် မြင်းလှည်းသမားလေး သံစဉ်ကို ထီပေါက်ခိုင်းလိုက်မည်။ ဦးဇင်း
စာညွန့်၏ တရားချမှုကြောင့် ဦးဂီတလည်း အရက်ပြတ်သည်။ သီချင်း၏
ယောက်ျားနှင့် မယားကြီးတို့နှစ်ဦး သင်္ဘောမှောက်၍ တပြိုင်တည်း ဆုံးသော
ကြောင့် သီချင်းလည်း လုပ်ငန်းရှင် တခုလတ် သူဌေးမလေး ဖြစ်လာ၏။

ဟိုအကောင် စာစီကုံး ဘယ်ရောက်နေပါသနည်း။ သူ့ကိုတော့ အဆင်ပြေ
သလို ကြည့်လုပ်လိုက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ စစ်ထဲကိုတော့
မသွင်းလိုက်ကြပါနှင့်။ ကျေးဇူးတင်ပါသည်။

(ရုပ်ပုံ ၊ ဂူဂလ်)