Monday, April 19, 2010

မီးပြန်လာပြီ











မြန်မာပြည်နဲ့ပါတ်သက်ရင် လျှပ်စစ်မီးအကြောင်း ပြောပေါင်းလည်း များလှပြီ။
ပြောတိုင်းလည်း မရိုးနိုင်။ နေ့စဉ်ကြုံရတဲ့ ဒုက္ခကိုး။ နှစ်ပေါင်း၂၀ကျော်အတွင်း
မီးတောင် နပ်မှန်မှန်လာအောင် မလုပ်နိုင်တဲ့ ကိုယ်ရွှေစစ်ဗိုလ်ချုပ်များကိုလည်း
ပို့စရာ မေတ္တာက ကုန်တာကြာပြီ။

ရွေးကောက်ပွဲကိုသာ နောက်တကြိမ်ဖြစ်အောင်လုပ်ဖို့ တတ်နိုင်ကြတယ်။
မီးတော့လာအောင် မလုပ်နိုင်ရှာဘူး။ ပြည်သူတွေကို စေတနာမရှိမှန်း
သိပြီးသားပါ။ ဒီကြားထဲ နေပြည်တော်တခုထဲ ကွက်ပြီး မီးမှန်ကြောင်းလုပ်ပြ
နေသေးတယ်။ ထားပါတော့ ။

မြန်မာပြည်ကလာတဲ့ ၂နှစ်သားအရွယ် ကလေးပေါက်စတယောက်နဲ့သူ့အမေ
အိမ်မှာရောက်နေပါတယ်။ စကားပြောတတ်စပေါ့။ စရောက်တဲ့ရက်မှာပဲ သူပျင်းမှာ
စိုးလို့ ရုပ်မြင် သံကြားဖွင့်ပြလိုက်တော့ “ဟေး… မီးပြန်လာပြီဟေး” လို့ ထအော်ပါတယ်။
ပြီးမှ သူကြိုက်တဲ့ ကာတွန်းကားကိုဆက်ကြည့်ပါတယ်။

ထမင်းစားချိန်ရောက်တော့ အမေဖြစ်သူက "ဟော…မီးပျက်သွားပြန်ပြီ "လို့ပြောပြီး
ရုပ်မြင်သံကြားကိုပိတ်၊ ထမင်းကြွေးပါတယ်။ ဆရာသမားက သူအင်မတန်ကြိုက်တဲ့
ကာတွန်းကား အပိတ်ခံလိုက်ရတာကို အေးအေးဆေးဆေးနဲ့လက်ခံပြီး ထမင်းစား
ရှာပါတယ်။

သားအမိနှစ်ယောက်လုပ်နေပုံက ဘာမှဖြစ်မနေတဲ့အတိုင်း ပုံမှန်ပါ။ မြန်မာပြည်မှာက
မီးပျက်တယ်ဆိုတာ ပုံမှန်ကိစ္စပဲကိုး။ လူတိုင်းက လက်မခံချင်လည်း ခံနေရတဲ့နေ့စဉ်
ကိစ္စကြီးကိုး။ နှစ်ပေါင်းများစွာ ဒီပုံမှန်ကြီးနဲ့ ရှင်သန်နေထိုင်ရတဲ့လူတွေနဲ့ ဆုံရတဲ့အခါ။
တိုင်းပြည်နဲ့လူမျိုးအတွက် စိတ်မကောင်းဖြစ်မိတယ်။

့" ဒီမိုကရေစီမရရင်နေ.. မီးပုံမှန်လာရင်ပြီးရော"ဆိုတဲ့ မိတ်ဆွေတဦး ဒေါသတကြီးနဲ့
ညည်းတွားတဲ့အသံကို ပြန်ကြားမိတယ်။

ငယ်စဉ်ဘ၀ကကြားခဲ့ဖူးတဲ့ “ဆန်တပြည် ဆယ်ပြား ဦးနုလာမှစား” ဆိုတဲ့ စကားကို
ရှစ်လေးလုံးကာလမှာ တခါပြန်ကြားခဲ့ရသေးတယ်။ ရွေးကောက်ပွဲကာလ မဲဆွယ်တဲ့အခါ
သုံးကြတဲ့စကားဖြစ်မှာပါ။ အခုလည်း ရွေးကောက်ပွဲထပ်လုပ်ကြလိမ့်ဦးမယ်။ ဆန်နဲ့
မဲဆွယ်ကြမယ့်အစား လျှပ်စစ်မီးနဲ့မဲဆွယ်ရင် ကောင်းလိမ့်မယ်လို့ အကြံပြုပါရစေ။

ဦးနုသာကွယ်လွန်သွားခဲ့တယ်။ ဆန်တပြည် ဆယ်ပြားခေတ်ဆိုတာက မြန်မာပြည်မှာ
မရှိခဲ့ပါဘူး။ လျှပ်စစ်မီးလည်း ဆန်ကြွေးကြော်သံလိုဖြစ်မှာ စိုးရပါသေးတယ်။

မြန်မာကလေးငယ်တွေ မီးပျက်တာကို သည်းခံတတ်တဲ့အဖြစ်မျိုး မြင်ရတာ စိတ်
မကောင်းပါဘူး။ ကိုယ့်မှာလည်း အပြစ်ရှိသလိုခံစားရပါတယ်။ မီးပြန်လာပြီဟေးလို့
ပျော်ပြီးအော်နေတဲ့ ကလေးတွေရဲ့ အနာဂါတ်က ဘယ်လိုအနာဂါတ်မျိုးပါလိမ့်။
စဉ်းစားပေးကြပါဦး။

(ရုပ်ပုံ ဂူဂလ်)

Sunday, April 18, 2010

နှစ်ကူးနှုတ်ဆက်











သင်္ကြန်အခါတွင်း ရွှေပြည်ဝေးမဏ္ဍပ်သို့လာရောက် ရေကစားကြသူများနှင့်သံချပ်ထိုး
သူများ အားလုံးနှစ်သစ်မှာ ဘေးဘယာ ဝေးကွာပြီး ငြိမ်းချမ်းပျော်ရွှင်ကြပါစေလို့
ဆုမွန်ကောင်းတောင်း၍ မေတ္တာများပို့ သလိုက်ပါသည်။

အထူးသဖြင့် နိုင်ငံတကာက လာရောက်ကြသော သံချပ်မောင်မယ် ဘလော်ဂါ
အဖေါ်သဟာများအား အထူးပင်ကျေးဇူးတင်၍ ၀မ်းသာမိကြောင်း အသိပေးအပ်ပါသည်။

အခက်အခဲ အကျပ်အတည်းများ မည်မျှပင်ရှိစေ သင်္ကြန်အခါရောက်ပြီဆိုမှဖြင့်
အပူအပင်များအား ဘေးသို့ ခဏဖယ်ရှား ပျော်ရွှင်ရေးကိုသာ အာရုံစိုက်၍ အားထုတ်
ကြကုန်သော ကျွန်ုပ်တို့ မြန်မာပြည်သားများ၏သဘာဝကား ချစ်ဖို့ကောင်းလေစွ။

တနှစ်တွင်တခါသာကြုံရသည့် ဤခဏတာပျော်ရွှင်မှုလေးကိုပင် အခွင့်ကောင်းယူ၍
အကျည်းတန်အောင် ဖျက်ဆီးလိုသူများသည်ကား မြန်မာနိုင်ငံသားများမှ ဟုတ်ပါလေစ။

မြန်မာပြည်တွင်းမှ သင်္ကြန်ကာလပျော်ရွှင်မှုများ ရွှေပြည်ဝေးသို့ကူးစက်၍ ပြည်ပတွင်
လည်းပျော်ရွှင်ကြရသလိုပြည်တွင်းသင်္ကြန် ဗုံးဒဏ်ခံရသောအခါ ရွှေပြည်ဝေးတို့သည်
လည်း တုန်လှုပ်ကြေကွဲခဲ့ကြကုန်၏။

သံချပ်များလည်း ဆက်၍မထိုးနိုင်ကြတော့။ အပျော်များလည်း ပျောက်။ အဖေါ်များလည်း
ပျောက်။တိတ်ဆိတ် ခြောက်ကပ်သွားကုန်၏။ ရွှေပြည်ဝေးလည်း X2Oမဏ္ဍပ်ကဲ့သို့ ကစင့်
ကလျားဖြစ်ခဲ့ရလေသည်။

ဗုံးခွဲခြင်းအကျိုးကား မည်သူတို့ရကြလေသနည်း။ မည်မျှရကြလေသနည်း။ ဗုံးခွဲခြင်းသည်
မြန်မာပြည်၌အလေ့အထတခု ဖြစ်လာလေပြီလော။

ရွှေပြည်ဝေးတို့သည်ကား ပြည်ပတွင်ပျော်သည်ထက် ပြည်တွင်း၌ပို၍ပျော်ချင်သူ၊ ပို၍
ပျော်စေချင်သူများပင်။သို့သော် ဤသို့သော ပြည်သူ့အကျိုးကိုထိခိုက်သည့် အကြမ်းဘက်မှု
များနှင့်ခရီးဆက်နေမည့် မြန်မာပြည်အား အဘယ်သောရွှေပြည်ဝေးတို့က ပြန်ဝံ့ကြမည်နည်း။

ရွှေပြည်ဝေးတို့သည်ကား ပညတ်သွားရာ ဓါတ်သက်ပါဆိုသကဲ့သို့ ဝေး၍ပင်နေရဦးမည်လော။

မည်သို့ပင်ဖြစ်စေကာမူ။ နောင်နှစ်သင်္ကြန်တွင်လည်း အဖေါ်သဟာ ဘလော်ဂါများ ရွှေပြည်ဝေး
မဏ္ဍပ်သို့ကြွခဲ့ကြပါရန် ကြိုတင်ဖိတ်ကြားလိုက်ပါသည်။

(မှတ်ချက် ။ ကျည်ကာအကျီ င်္များဝတ်လာကြပါကုန်။)

အားလုံး ကျန်းမာ ချမ်းသာကြစေဗျား ။

Sunday, April 4, 2010

ရွှေပြည်ဝေးမဏ္ဍပ် ၂၀၁၀သံချပ်များ












(အဖွင့်တီးလုံး)

တုံ ခြမ်း ချမ်း… တုန် ချန်း ခြန်း… တုမ် ချမ်း ခြမ်း….။

ဒို့လူလေးများ ဆိုသလေး… ဝေ လေလေ… ဝေ လေလေ..။

သင်္ကြန်တကြိမ် ရောက်ပြန်ပြီ… သံချပ်တွေနဲ့ နွှဲကြဦးစို့ ။

ရွှေပြည်ဝေးတို့ပျော်ကြမယ်ဘလော့ဂ်ပေါ်မှာပဲ သင်္ကြန်ပွဲနွဲစို့ ။


ရွှဲရွှဲစိုအောင်လောင်းပါဗျာရေမချိုးရတာ အတော်ကြာသမို့ ။

မီးမလာလို့ ရေမရှိပါ… လေနဲ့လောင်းမယ် ကျေနပ်မှာလား ။

ရေမလောင်းရင်လည်း ရပါတယ်လေရွှဲရွှဲသာ လောင်းလိုက်ပါဗျ။


မီးစက်တွေတော့ရှိပါတယ်…ဓါတ်ဆီဖိုးက မတတ်နို်င်ဘူး ။

ဓါတ်ဆီမရှိလည်း ရပါတယ်…. ကြက်ဆူပင်နဲ့ မီးစက်ဖွင့်စို့ ။

ကြက်ဆူပင်လည်း မရှိတော့ပါ… ဆူနေတာက ချုပ်ကြီးတို့ပဲ ။

ဆူဆူပူပူ မလုပ်နဲ့နော်ဗိုလ်ဂျုပ်ကြီးတွေ ကြိုက်ဖူး ကြိုက်ဖူး ။

မကြိုက်ရင်လည်း မတတ်နိုင်ပါ… ဆူစရာရှိရင် ဆူရမှာပဲ ။


ရွှေပြည်ဝေးတို့ သတိထားနော်… လမ်းပြမြေပုံ အထိအခိုက်မခံဘူး ။

မြေပုံကြိုက်တဲ့ ချုပ်ကြီးတွေမြေပုံထဲသာ ၀င်နေလိုက်တော့ ။

သန်းရွှေလားသိန်းစိန်လား...ခွေးပိန်လား....ဟေး...လား..မောင်..ရို့ ဝါး…။


ထုံချမ်ချမ်...ထုံချမ်ချမ်...ထုန်ခြမ်ခြမ်...ထုမ်ချန်ချန်...

၂၀၁၀ ရောက်လို့လာ…တိုင်းပြည်ထဲမှာ ပွစိ..ပွစိ ။

ရွေးကောက်ပွဲကြီး လုပ်လိမ့်မယ်လာပြန်ပြီလား ဒီရွေးကောက်ပွဲ ။








(Hmoo)

ရွေးကောက်ပွဲကြီးနိုင်မဲ့လူ.... သိပြီးသားပါ မစခင်က ။

ရွေးကောက်ပွဲကြီး ဘယ်သူပြိုင်ပြိုင်....အနိုင်ရသူ ကိုသန်းရွှေဘဲ ။

ဒုံချပ်ချပ်....ဒုံချပ်ချပ်....

ပြည်သူအားလုံး မြင်နေတာ.....မဲပုံးတွေမှာ သန်းရွှေပုံ ခွက် ။

လူတိုင်းလူတိုင်း နှမျောစွာ....ထည့်ပေးလိုက်တယ် ဖိနပ်တဖက် ။

ဒုန်းချပ်ချပ်...ဒုံးချပ်ချပ်...








( ကလူသစ် )

သံချပ်မောင်တို့.......လာချေပြီ.....ရွှေပြည်ဝေးမှာ.....ရင်ဖွင့်ကြစို့ ။

တနှစ်အတွင်းမှာ...ကောင်းဆိုးနှစ်ဖြာ.....ဆောင်ပါ ရှောင်ပါ....စဉ်းစားနိုင်ဖို့ ။

ရိုးရာယဉ်ကျေးမှု....ထိန်းသိမ်းပါ.....အာဏာရှင်တွေ....သံကောင်းဟစ်ကြ ။

ဥာဏ်နဲရှာတော့.....ဆတ်ဆတ်ခါနာ.....သံချပ်ဆရာတွေ....အင်းစိန်ကိုပို့ ။

သံချပ်ဆိုတာ..... မြန်မာ့ရိုးရာ.....သူမပါရင်....သင်္ကြန်မမည်ဘူး ။

သင်္ကြန်အပဲ့လေး....ညည်းရှာတယ်....သေသော်မှသည်...ကောင်းသေး၏ တဲ့ ။

ဒိန်း တတ်တပ်.....ဒိန်း တပ်တတ်...








(အမည်မသိ စာဆို)

ဗိုလ်ချုပ်ကြီးတို့ ပျင်းတဲ့အခါ....

နွှဲကြဦးမယ် ရွေးကောက်ပွဲအသစ် ။

ပြည်ပကလည်း မတတ်နိုင်ပါ.....

အော်ဟစ်ဆဲမယ် ဒီရွေးကောက်ပွဲ ။

အန်အယ်ဒီလည်း မ၀င်နိုင်တာ....

ဒီ အပေါစား ရွေးကောက်ပွဲပဲ ။

ရွေးကောက်ပွဲကြောင့် အသင်းပျက်ပြီ....

အသွင်ပြောင်းမယ် လူမှုအသင်း ။

သံချပ်မောင်တော့ မောရှာပြီ.....

တတ်နိုင်တာပဲ လုပ်ဦးမယ်ကွဲ့  ။

"ဆုတောင်းလိုက်တယ်... ဗိုလ်ရွှေသေဟဲ့ " ။

တုံတုံတုံ ချမ်း......









(သက်ဝေ)

သင်္ကြန်ချိန်ခါ ရောက်လို့လာ…. ရွှေပြည်ဝေးမှာ တူတူပျော်စို့…

သင်္ကြန်ချိန်ခါ ပျော်စရာ… သံချပ်ထိုးတာ ရိုးရာဓလေ့…

ရွှေပြည်ဝေးရဲ့ စေတနာ…. ကြွလာသူတွေ ပျော်ဖို့ ရွှင်ဖို့….

ရွှေပြည်ဝေးရဲ့ မေတ္တာတွေ.… လူတိုင်း ကိုယ်စီ ရကြစေသား…

ရွှေပြည်ဝေးရဲ့ စေတနာ.… မုန့်လုံးရေပေါ် ကုလားအော်နဲ့…

ရွှေပြည်ဝေးရဲ့ မေတ္တာတွေ… ကောင်မလေးတွေ ရှေ့ကို လာခဲ့…

(သင်္ကြန်ရေ အေးအေးလေး လောင်းမလို့ပါဗျာ… တလွဲမတွေးပါနဲ့…)

ရွှေပြည်ဝေးကို ချစ်တယ်ဆို…. ဂျော်နီအပြာ ယူလာခဲ့ကြ….

ရွှေပြည်ဝေးက မေတ္တာဝေ…. ကောင်မလေးတွေ အားလုံးအတွက်…

(ပိတောက်ပန်း လက်ဆောင် ဝေပေးမလို့ပါ… ခွိ… ခွိ…)

ဝိုင်းစုခိုင်သိန်း လာမယ်ဆို… အကိုတို့မှာ ရင်တွေခုန်ကြ…

ဝိုင်းစုခိုင်သိန်း လာမယ်ဆို… ရှေ့ဆုံးတန်းမှာ ဘယ်သူတွေလဲ…

(ဟာ… ဟိုမှာ ကလူသစ်ကြီးပါလားဗျို့…)

ကဲ… ကဲ… ရွှေပြည်ဝေးက အကိုတော်တွေ အကြိုက်တွေချည်း ပြောနေလို့ မဖြစ်သေးဘူး…

ကျွန်တော်တို့ ရွှေပြည်ကြီး အကြောင်းလေးလည်း သိရသလောက်လေး ဖေါက်သည်ချချင်

ပါသေးတယ်ဗျ…။


ဒုံခွပ်ခွပ်....ဒုံခွပ်ခွပ်....ဒုံ ခွပ်ခွပ်.....ဒုံ ဒုံ ခွပ်......

ရန်ကုန်မြို့ကြီး မီးမလာ.... နေပြည်တော်မှာ လင်းလို့ ထိန်လို့…

တိရိစ္ဆာန်ရုံ ဟိုပြောင်းတာ… နေပြည်တော်မှာ လင်းလို့ ထိန်လို့…

ရန်ကုန်မြို့ကြီး မီးမမှန်…
မီးစက်ကိုသာ အားကိုး အားကိုး…

သင်္ကြန်ရက်လည်း ရေမလာ… မီးစက်ကိုသာ အားကိုး အားကိုး…

ဈေးဆိုင်ကြီးတွေ မီးတွေလောင်… နေရာကောင်းတွေ သိမ်းဖို့ သိမ်းဖို့…

တဲပေါ်ကလူ တိုက်ပေါ်တင်… နေရာကောင်းတွေ သိမ်းဖို့ သိမ်းဖို့…

(တို့မီး ရှို့မီး… အလို မရှိ…. တို့မီး ရှို့မီး… အလို မရှိ.…)

ဂုဏ်ထူးဆောင်တဲ့ ချုပ်ကြီးတွေ… နေပြည်တော်ဆို ပိုက်ဆံဖြုန်းကြ…

လက်လုပ်လက်စား လူများမှာ… ဆန်ပြုတ်ကိုတောင် နပ်မမှန်တဲ့…

သံရုံးတွေမှာ အခွန်ဆောင်… နေပြည်တော်ကို လှူဖို့ တန်းဖို့…

တလ တခါ အခွန်ဆောင်… လူကြီးလာရင် ဆေးဘိုး ဝါးခ…


( ပြောရအုံးမယ်ဗျ…. ကျွန်တော်တို့ ရန်ကုန်မြို့ကြီး မှာလေ… )

သုံးနိုင်သူတွေ မိုဘိုင်းလ်ဝယ်… ဖုန်းပြောနေရင် ခေါင်းမလှုပ်နဲ့…

မိုဘိုင်းလ်ဖုန်းတွ ကိုယ်စီကိုင်လမ်းမပေါ်မှာ ထွက်အော်ပြောကြ…

(မကြားရဘူးဗျို့… ကျယ်ကျယ်ပြောပါ…)

ဖုန်းဘိုးတသောင်းပေးရရင်… ဟဲလို အတွက် ခုနှစ်ထောင်တဲ့…

ဖုန်းဘိုးတသောင်း ပေးရရင်… ကြားလား အတွက် ခုနှစ်ထောင်တဲ့…

(ဟဲလို… ဟဲလို… ကြားလား… ကြားရလား…)

Without ကားတွေ သိပ် တွင်ကျယ်…
နံပါတ် လှတာ ရွေးကာ စီးကြ…

ကားပါမစ်တွေ ချပေးမည်… ပြောနေကြတာ ကြာ.. ကြာလှပေါ့…

ရွေးကောက်ပွဲကြီး နီးလို့လာ
တခါလာလည်း မဲပြာ ပုဆိုး…

ရွေးကောက်ပွဲကြီး နီးလို့လာ… ပြောကြစမ်းပါ ဘာထူးမှာလဲ…

နောက်နှစ်သစ်ကို မကူးခင်
ကောင်းမှု ကုသိုလ် အထူးပြုကြ

နောက်နှစ်သစ်ကို မကူးခင်… မကောင်းတာတွေ ဖယ်ကာရှားကြ…

မကောင်းတာတွေ ဖယ်ရှားချင်
တောထုတ်ကြတာ မြန်မာဓလေ့…

ရွေးကောက်ပွဲကြီး နီးလာပြီ… တောထုတ်ကြတာ မြန်မာဓလေ့…

မကောင်းဆိုးဝါး အကောင်တွေ
သံပုံးတီးကာ တောထုတ်ကြစို့…

ရွေးကောက်ပွဲကြီး နီးလာပြီ… သံပုံးတီးကာ တောထုတ်ကြစို့…

မကောင်းဆိုးဝါး အကောင်တွေ
သံပုံးတီးကာ တောထုတ်ကြစို့…

သံပုံးတီးကာ တောထုတ်ကြစို့… မကောင်းဆိုးဝါး အကောင်တွေ…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…

(သံပုံးတီးသံ ဆူဆူညံညံဖြင့် သံချပ်ကို သိမ်းပါရန်… … …)









(အမည်မဖေါ်လိုသူ "ပန်ဒိုရာ" )

ဒုံချပ်ချပ်....ပလုံစွပ်စွပ်....ဒုံချပ်ချပ်....ပလုံစွပ်စွပ်..

(ချင်ကာပူမှာ ရေချွေတာရသဖြင့် သင်္ကြန်သံက "ပလုံစွပ်" သာထွက်ပါသည်။)

နှစ်သစ်ကူးချိန်ရောက်လို့လာ ..... ရွှေပြည်ဝေးမှာ လူပေါင်းမှားပေါ့ ။ (အဲလေ.. )

နှစ်သစ်ကူးချိန်ရောက်လို့လာ.... ရွှေပြည်ဝေးမှာ ဆုံကြပါစို့။

သံချပ်ရေးရင်း ကြောက်ဒူးတုန်....နိုင်ငံရေးဆို ဝေးဝေးရှောင်မှ ။

နှစ်ထောင့်တစ်ဆယ် အလွန်မှာ....ပွင့်လာတဲ့အခါ ပြန်ချင်လို့ပေါ့ ။

(ဟော.. ပွင့်လာပြီ ၊ ပွင့်လာပြီ……(((((( ဗွမ်း))))) )

(ဟဲဟဲ.. မကြောက်ပါနဲ့ ရေသေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်တာပါ)


ဒုံချပ်ချပ်....ပလုံစွပ်စွပ်...ဒုံချပ်ချပ်....ပလုံစွပ်စွပ်..

စီးပွားဈေးကွက် ခေတ်ပြောင်းမှာ....လုပ်ခွင့်မရမှာ ကြောက်လှတာပေါ့ ။

ပုဂ္ဂလိက ရွှေခေတ်မှာ....ပါမစ်မရမှာ စိုးရိမ်တာပေါ့ ။

ဆေးရုံ၊ကျောင်း၊လမ်း၊ဆိပ်ကမ်းတွေ....အနော်တို့ကိုလည်း ခွဲပေးဦးနော့ ။

လယ်ယာ၊သစ်တော စက်ရုံတွေ....အနော်တို့ကိုလည်း ခွဲပေးဦးနော့ ။

(ဟဲဟဲ.. ဟဲဟဲ.. မျက်နှာချိုသွေးထားတာ)

တိုးတက်ဖွံ့ဖြိုး မြန်မာပြည်....ချီတက်နေပြီ ရှေ့သို့ရှေ့သို့ ။

စီးပွားပိတ်ဆို့ တို့မမှုပါ....ဘဏ်ထဲမှာလေ အပြည့်အပြည့် ။

(ဘယ်သူ့ ဘဏ်အကောင့်မှာတုန်း)

(တယ်.. တိတ်တိတ်နေစမ်း)

ဓာတ်ငွေ့ထွက်တာ တို့မမှုပါ....ရောင်းပလိုက်စမ်းပါ တရုတ် ကုလား ။

သဘာဝမြစ်ချောင်း ပိတ်ဆို့လေ....ရေအားလျှပ်စစ် လာတော့မှာပဲ ။

၂၄နာရီ ကျေးရွာတခွင်....မီးလင်းချင်ရင် မဲ..သာပေးကြ ။

လမ်းပန်းဆက်သွယ် ဖြောင့်ဖြူးရွှင်....စည်ပင်ချင်ရင် မဲ…သာပေးကြ ။

(အဲဒါ.. အကြပ်ကိုင်တာလားဟင်…)

( ဟဲ့.. ရှူး.. တိုးတိုး)

ကဲပါလေ… ဗိုလ်ချုပ်တို့အကြောင်း ဝေးဝေးရှောင်....

ခေါင်းဆောင်တွေဘက် လှည့်ကြပါစို့ ။


ဒုံချပ်ချပ်....ပလုံစွပ် စွပ်..

ခေါင်းဆောင်တွေလည်း အသက်ရှည်....လုပ်နိုင်ပါစေ တော်လှန်ရေးကြီး ။

တော်လှန်ရေးကြီးလည်း အသက်ရှည်....လုပ်နိုင်ပါစေ ခေါင်းဆောင်ကြီးများ ။

(အဲ.. ဒါကတော့ သိပ်ဟုတ်သေးဘူးထင်တယ်)

နီးရာဓါးလည်း ကြောက်ပါသဗျို....သူတို့ကိုလည်း ပြောရဲပါဘူး ။

ရဲရဲတောက်တို့ အမြင်မကြည်....ရန်သူဖြစ်မည် ကြောက်လှချည်ရဲ့ ။

(ဘာ.. ဘာ.. မင်းက ဘာကောင်လဲကွ… ဟိုမှာ ပါဖူးလို့လား.. ဟိုထဲ ၀င်ဖူးလို့လား ။ သမိုင်းရှိသလား။အုတ်ကျင်းရှိသလား ။ အင်းစိန်ရှိသလား.. ဟမ်)


သံချပ်ဆိုတာ ရယ်စရာ....အမြင်မတော် ထောက်ပြဖို့တဲ့ ။

ဒါပေမဲ့လည်း ပြည်သူခမျာ....ဆူးကြားထဲက ဘူးခါးတွေပေါ့ ။

(အနော်တို့က သာမန်ပြည်သူတွေပါ)

ခေတ်ကျပ်ထဲက သင်္ကြန်မှာ....သံချပ်ရေးစရာ ရှိတော့ပါဘူး ။

သံချပ်ရေးစရာ ရှိတော့ပါဘူး......။

ဘူး..ဟူး..ဟူး.. ဘူးဟူးဟူး....

(ငိုသံများဖြင့်အဆုံးသတ်.. အဟတ်)

ဒုံချပ်ချပ် ....ပလုံစွပ်စွပ်..

ဒုံချပ်ချပ်.... ပလုံစွပ်စွပ်..


( အမည်မဖေါ်လိုသူ ပါဒိုရန် က ရုပ်ဖျက်ရေးသားပါသည်။ )








(ကောင်းကင်ပြာတောအုပ်)

ဒုံ ခွပ်ခွပ်...ဒုံဒုံ ခွပ်...ဒုံ..ဂတ်ဂတ်....ဒုံဒုံ ဂတ်...

ပူသလားဟေ့ မောင်တို့ရေ...ပူတယ်ဟေ့...ပူတယ်ဟေ့..။

ပူသလားကွယ့်...မယ်တို့ရေ...ပူတယ်လေ့...ပူတယ်လေ့...။

မြန်မာပြည်မှာ လူဖြစ်တာ...ပူစရာတွေ အတော်များသား

နွေရာသီမို့ ပူတာပါ....စိတ်မစိုးပါနဲ့..အဒေါ်ဂျီးရာ..

ရာသီဒဏ်ကြောင့် ကိုယ်တွေပူ....အရိပ်ထဲမှာတောင် တရှိန်ရှိန်နဲ့

ကမ္ဘာကြီးနွေးလို့ ပူတာပါ...စိတ်မပျက်ပါနဲ့ အန်တီဂျီးရဲ့ ..

မီးစက်သံကြောင့် နားတွေပူ.....ဖွတ်ချက်သံတွေ တချိန်လုံးညံသကွဲ့ 

အသံတိတ်မီးစက် ထွင်ပါ့မယ်....သီးခံစောင့်ပါ အဒေါ်ဂျီးရဲ့ 

မျက်လုံးတွေလည်း ပူရတယ်....ကလေးမတွေ စကပ်တိုလို့

သီးခံလိုက်ပါအန်တီရယ်....ရွှေပြည်ဝေးတို့ လာခဲ့မယ်ခင်မျ ။

နိုင်ငံရေးလည်း ပူသကွယ်.... စစ်ဗိုလ်တွေက သမ္မတလုပ်မတဲ့

သီးခံစောင့်ပါအဒေါ်ဂျီးရယ်....ရွှေပြည်ဝေးတို့လာခဲ့မယ်ဗျ ။

အဲဒါကိုလည်း ပူရတယ်....နင်တို့ကရော ကောင်းမှာမို့လား

ကောင်းမယ်လို့တော့ ထင်ရတယ်...အခုချိန်ထိတော့ မသေချာဘူးခင်ဗျ။

ဒုံ ခွပ်ခွပ်...ဒုံဒုံ ခွပ်...ဒုံ..ဂတ်ဂတ်....ဒုံဒုံ ဂတ်...။








(ကိုရင်နော်)

(((ဒုံးဂျမ်းဂျမ်း ဒုံးဂျမ်းဂျမ်းးး))) (စိတ်ရှိလက်ရှိတီးသံ)

သင်္ကြန်ပွဲကြီး ကျင်းပတာ....ရွှေပြည်ဝေးမှာ သံချပ်တွေနဲ့..

ရွှေပြည်ဝေးမှာ သံချပ်တွေနဲ့....ဒို့သင်္ကြန်ပွဲ ကျင်းပမှာ..

မြန်မာ့ရိုးရာ သင်္ကြန်မှာ....တူးပို့သံတွေ ပျောက်လုပြီပဲ..

ဟေ့ တူးပို့သံတွေ ပျောက်ကုန်ပြီပဲ....မြန်မာရိုးရာ သင်္ကြန်မှာ..

Hip Hop သံတွေ ဆူညံလာ....DJ ပွတ်တာ ဒို့ရိုးရာပွဲ..

DJ ပွတ်တာ ဒို့ရိုးရာတဲ့......Hip Hop သံတွေ ဆူညံလာ..

Rapper ကြီးတွေ ဆဲကြတာ....မိုးမွန်နေတာ ဒို့ရိုးရာပွဲ..

မွန်းမွန်လိုက်တာ နားရှက်စရာပဲ.....Rapper ကြီးတွေ ဆဲလိုက်တာ..

ဟိုကောင်မလေး လန်းလိုက်တာ....လန်လေ လန်းလေ ဒို့ရိုးရာပွဲ..

လန်လေ လန်းလေ ဒို့ရိုးရာပွဲ....ဟိုကောင်မလေး ဝတ်ထားတာ..

ဖင်ပေါ်ခေါင်းပေါ် ဝတ်ကျတာ....ခေတ်နဲ့အညီ ဒို့ရိုးရာပွဲ..

ခေတ်နဲ့အညီ ဒို့ရိုးရာပွဲ.....ဖင်ပေါ်ခေါင်းပေါ် ဝတ်ကျတာ....

ရိုက်ပွဲ ရန်ပွဲ ချဲကြတာ....အထိ မခံတာ ဒို့ရိုးရာပွဲ..

အထိမခံတာ ဒို့ရိုးရာပွဲ....ထိုးကြ ကြိတ်ကြ မူးကြတာ..

အဲ့ဒီအကြောင်းတွေ ရေးထာတာ....ကိုရင့်ဘလော့မှာ တင်ထားတာပဲ..
ကိုရင့်ဘလော့မှာ တင်ထားတာပဲ..
(ဟဲဟဲ.. ကြော်ငြား)

နှဲ့နှဲ နှယ်နှဲ့ နှယ်နဲ့နှယ့်နယ်..

တနဲ့နဲ့ တနဲ့နဲ့.. အဲ့နှယ် အဲ့နှယ် အဲ့ နှဲ့ နယ် နယ်...(နှဲမှုတ်သံ)

သံချပ်ဆိုတာ ပြည်သူတွေရဲ့ ရင်ထဲက အသံ..
အမှန်တရာ ဖွင့်ဟချက်တွေကို အလေးထားနားထောင်ပြီး ပြုပြင်သင့်တာ ပြုပြင်သင့်တယ်..

သံချပ်ဆိုတာ သင်္ကြန်ရဲ့ ပြယုဂ်တစ်ခု.. ရိုးရာ အမွေးအနှစ်ကို ထိန်းသိမ်းတဲ့ အနေနဲ့ ပြန်လည် ဖော်ထုတ်သင့်တယ်..

ခုနောက်ပိုင်း သင်္ကြန်တွေကတော့ ငရုပ်သီးထည့်ထားတဲ့ မုံ့လုံးရေပေါ်လို စပ်ဖျဉ်းဖျဉ်း..။

( နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ..)








(မိုးမောင်)

ယခုရေးစပ်သော သံချပ်အား (4/4)beat ဖြင့် "ရေပုံးထု" သီဆိုရန်

// B X BB X / B X BB X....B X BB X / B X BB X //

လမ်းထိပ်နားက ဆူဆူညံ....ဘာသံလဲဟေ့ ကြည့်စမ်းပါဟ..

ဟိုလူဒီလူ ၀ိုင်းလို့အော်....ခေတ်မြင်ကွင်းနဲ့ ရင်တွင်းနာများ..

ရွှေပြည်ဝေးတဲ့ ဒီနေရာ.....မဏ္ဍပ်တဲ့လား လူတွေပြောကြ..

မဏ္ဍပ်ဆိုတာ အမှန်မှာ.....စကတ်လေးတွေ တိုကြကပ်ကြ..

အခုဟာဖြင့် မဟုတ်သေးပါ....ဒိုးပတ်တီးမှ သင်္ကြန်တဲ့လားဗျ..

ဒီဂျေဆွဲမှ ကဲရမှာ.....နောင်ကြီးတို့လည်း အသိပါပဲ..

ဒို့ခေတ်ကိုက ပျော်စရာ....အရှက်အကြောက်ဆိုတာ ငှဲ့စရာလား..

ဒီိလိုဝတ်လို့ ရှက်စရာဆိုရင်....လာကြည့်ပါလား ဒို့များမဏ္ဍပ်..

ကိုကိုမမ အားလုံးဟာ.....မချွတ်ခင်က ကျွတ်ချင်နေကြ...(အဟိ)

ဒီလိုဂွင်မျိုး ကြုံခဲ့ရင်....ကိုရင်နော်ကြီးလည်း အပြတ်ကဲမှာပဲ..

ကြာသလားဟေ့ မောင်တို့ရေ....ခေတ်ပျက်မှတော့ ကဲသာကဲလိုက်..

ခေတ်ပျက်မှတော့ ကဲသာကဲလိုက်..။

//B X BB X/B X BB X....B X BB X/B X BB X//

( နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ )









(ခင်ခင်)

ရွှေပြည်ဝေးတို့ ပျော်နေတာ.....စိတ်ချမ်းသာစရာ ။

နှစ်စဉ်နှစ်စဉ် ပျော်စေဖို့ .....ဒို့ဆုမတောင်းဗျို့ ။

ဆုတောင်းချင်တာ တခုတည်းပါ....ပြည်သူများအတွက်ပါ ။

ပြည်တွင်းမှာသာ သံချပ်ညံဖို့......ရွှေပြည်ဝေးတို့ ဆုတောင်းကြဗျို့။


( ပီတိ )

သင်္ကြန်ရေနဲ့ ဖြန်းပက်တာ ....အညစ်အကြေးတွေ ကင်းစင်စေဖို့ ။

စလုံး ငပေါတွေထင်နေတာ....သင်္ကြန်ရေဟာ ရေဖြုန်းတာတဲ့ ။

သူတို့ပြောတာ ရေချွေရန်....ကမ်းခြေမှာသာ ဖြန်းပက်ဖို့တဲ့ ။

သန့်စင်ရေသာ တို့သုံးတာ....ကိုယ်စိတ်နှစ်ပါး ရွှင်လန်းစေဖို့ ။

ဘယ်လို သန့်သန့် စင်္ကာပူမှာ....သောက်နေတာတောင် အိမ်သာရေတဲ့ ။

အိမ်သာရေနဲ့ ပက်တာလောက်တော့ ... ... ... ...







( ခရေဖြူ )

ဒုံချမ်: ... ဒုံချမ်: ...ဒုံချမ်:

သင်္ကြန်နှစ်ကူး ရောက်လို့လာ .....ရှူလိုက်စမ်:မယ် သင်္ကြန်အငွေ့အသက် ။

City Hall လည်း သွားအုန်းမယ်.....Tophyo ပါ ချန်မထားဘူး ။

ခြေလေးရယ်တဲ့  ဆက်လို့ရှည် .....Sembawang ပါ ရောက်ခဲ့တာပေါ့ ။

မြင်ခဲ့တာလေး ပြောပြမယ်.....မကြားချင်ရင် နားပိတ်ထားကြ ။

သင်္ကြန်ငွေ့ လေး ရှူခဲ့တယ်.....ဟိုမှာဒီမှာ အံဖတ်တွေနဲ့ ။

ဘုန်းကြီးကျောင်းရှေ့ မနေရပါ.....ကွမ်းယာရောင်းကာ စီးပွါးရှာကြ ။

မမလေးများ တိုကျပ်ပေါ်.....အကိုတော်တို့ ရှုလို့မဝ ။

သင်္ကြန်ပီးရင် ငွေစုပါ..... E passport က ငါးရာ ငါးရာ ။

ဒုံချမ်: ... ဒုံချမ်: ...ဒုံချမ်:...ဒုံချမ်:

သင်္ကြန်နှစ်ကူး ရောက်လို့လာ.....ပြောလိုက်စမ်းမယ် သံချပ်အထဲ ။

မျိုးချစ်ကြီးများ နေရာတကာ .....လာမထိနဲ့နော် ခံဘူးခံဘူး ။

နွှဲလိုက်ကြတဲ့ရန်ပွဲတွေ..... internet မှာပလူပျံပေါ့ ။

စလုံးပြောင်းတဲ့လူဆိုရင် .....သတ်မှတ်လိုက်မယ် သစ္စာဖောက်ပဲ ။

အပြင်ထွက်ပြီးအော်သူတွေ.....အထဲမှာတော့ ငကြောက် ငကြောက် ။

အထဲမှာများ အော်ဖို့ပြင်.....taxi မလိုဘူး အင်းစိန်စီပဲ ။

အင်းစိန်ကိုလား အနီးလေးထင်....ပို့ပစ်လိုက်မယ် ပူတာအိုထိ ။

ထောင်ကျသူလဲ မနေရပါ....ပြောကြတာက တဖက်စွန်:ရောက်သတဲ့ ။

တို့မြန်မာများ ချစ်တတ်သည်....အင်တာနက်မှာ နေ့ရောညရော ။

ဟေ့စိန်လား... ဟေ့သန်:လား... ဟေ လာ မောင် တို့ ဝါး ။

ဒုံချမ်: ... ဒုံချမ်: ...ဒုံချမ်:...ဒုံချမ်:း )








( ချစ်ကြည်အေး )

ဒုံချပ် ဒုံဒုံချပ်.... ဒုံချပ် ဒုံဒုံချပ်.....

ရွှေပြည်ဝေးက သံချပ်မောင်မယ်တို့ရေ....ဝေ...!

ညီစေနော်...စမယ်....လာပြီ... ။

ဒုံချပ် ဒုံဒုံချပ်.... ဒုံချပ် ဒုံဒုံချပ်.....

ဟေ့ တို့ မြန်ပြည်မှာ ပျော်စရာ.....မီးလာပြန်လည်း လက်ခုပ်တီးရ....

တို့ မြန်ပြည်မှာ အော်စရာဗျ.....ရေလာပြန်လည်း လက်ခုပ်တီးကြ....

ဂိမ္မာန်နွေတွင်း ရောက်လို့ လာ.....မီးဘေးကိုရှောင် မလောင်ခင်တားကြ....

မီးကပ် မီးချိတ် သဲအိတ်တွေ.....ကိုယ့်ဘာသာကိုယ် ဝယ်ကြ ဝယ်ကြ...
(ဟာ ဟုတ်သေးဘူးလကွာ ဒီမှာ....)

မီးကပ် မီးချိတ် သဲအိတ်တွေ.....ရဝတ က အလကားပေးနေသတဲ့....
(ဪ...စေတနာတွေ စေတနာတွေ...ဒီလိုလား...)

မီးကပ် မီးချိတ် သဲအိတ်တွေ....ရဝတ က အလကားပေးနေသတဲ့....

အတိုအထွာဝတ်တဲ့ ညီမလေးတွေ.....ရဝတ က အလကားပေးနေသတဲ့....
(ဟ မင့်ဂျီးတော်ကြီး ပေးလိုက်ပါလား အလကား...)

အတိုအထွာဝတ်တဲ့ ညီမလေးတွေ.....ရွှေပြည်ဝေး မေတ္တာ ရကြစေသား...
( ဪ ဒီလို...အကိုတို့ရဲ့မေတ္တာတွေ.. မေတ္တာတွေ.... )

ရွှေပြည်ဝေးက တောင်းဆုချွေ.....အပျိုလေးတွေ မာကြစေသား...

အိမ်တွင်းပုန်းတဲ့ အပျိုတွေ.....တူးပို့သံကြား ပွစိ ပွစိ...

ဟေ့ သိကြားမင်းကြီး ဆင်းလို့လာ.....တူးပို့သံကြား ပွစိ ပွစိ....
(လုပ်ချလိုက်ပြန်ပြီ....သိကြားမင်းက ပွစိမလားဟ...)

သိကြားမင်းကြီး ဆင်းလို့လာ....ဟန်းဖုန်းကိုင်ကာ ဟဲလို ကြားလား...

ခွေးရေ ပုရပိုက် မလောက်ငှပါ.....ချိုကုတ်တွေကို မှတ်ဖို့ သားဖို့...

(အမယ်မင်း လုပ်ချလိုက်ပဟ ဒီတခါတော့ သွားရှာပေါ့..အင်း အဲ...

သင်္ကြန်တွင်းမှာ ချိုကုတ်ရှိရာ ချိုကုတ်လာတဲ့ အရူး အမူးသမားတွေကို

ပြောတာပါဟ...ညှင်း ညှင်း ညှင်း)

ကဲပါလေ အစဉ်အလာ မပျက် သံချပ်သိမ်းကြရအောင်....

အပျိုပိန်ပိန် ရေမှာ စိမ်တော့.....မုန့်ကျိုးလိမ် မုန့်ကျိုးလိမ်....

အပျို ဝဝ ရေမှာချတော့.....ပဲရေပွ ပဲရေပွ.....

ဟေ့ ချိုကုတ်ရေ.....ဟ ဒူးကြီးလား ....ဟ ဒူးကြီးလား ဟေ့ ချိုကုတ်ရေ....

ဟေ လာ မောင် တို့ ဝါး.....

( ဤသံချပ်အား " ဘေတိုးဘေ တပ်ဗေ ဒိုင်း ဒိုင်း " ဟု တုံးတိတိ သိမ်းရန်...)









( ဆြာယော )

ဝုန်း ဒိုင်း အုန်း ဂွမ်း... ဂျိမ်း ဂျိမ်း ဂျမ်း

ဂျိမ်း ဂျိမ်း ဂျမ်း.... ဂျိမ်း ဂျိမ်း ဂျမ်း (ဘန်ကောက်မှလာသော အသံများ)

ဘန်ကောက်သင်္ကြန်လည်ခဲ့တယ်....ဟောဟဲ ဟောဟဲ... ဂျိမ်း ဂျိမ်း ဂျမ်း၊ ဂျိမ်း ဂျိမ်း ဂျမ်း ။

ဂျိမ်း ဂျိမ်း ဂျမ်း၊ ဂျိမ်း ဂျိမ်း ဂျမ်း....ဘန်ကောက်သင်္ကြန်လည်ခဲ့တယ် ။

ဘန်ကောက်သင်္ကြန် စည်တယ်ဆို....ဒီနှစ် ရေပက်ပုံ က တမျိုးဆန်း ။

ကြမ်းကြမ်းရမ်းရမ်း ပက်ကြတယ်.....သွေးတွေရဲရဲ မျက်ရည်ရွှဲရွှဲ ။

သွေးတွေရဲရဲ မျက်ရည်ရွှဲရွှဲ .....ကြမ်းကြမ်းရမ်းရမ်း ပက်ကြတယ် ။

သကြားမင်းလည်း ရုပ်ဖျက်ကာ....အနီဝတ်ကာ ဘန်ကောက်ဆင်းရ ။

ကြံဖန်ဂုဏ်ယူရင် ဖြစ်ပါတယ်.. ဂျပန်သတင်းထောက်သေတာ တို့ဆီ ပထမ ။

ဂျပန်သတင်းထောက်သေတာ တို့ဆီ ပထမ....ကြံဖန် ဂုဏ်ယူတာ ပြောပါတယ် ။

ရွှေပြည်ဝေးတို့ ဖိတ်လို့သာ..... ဆြာယောမှာ ရောက်လာခဲ့ရ ။

ဆြာယောမှာ ရောက်လာခဲ့ရ... ငိုချင် လက်တို့ ရောက်ခဲ့တာ.. ။

ရွှေပြည်ဝေးမဏ္ဍပ် စည်ပင်နေ ....မြင်ရသူလည်း ကြည်နူးပါရဲ့  ။

မြင်ရသူလည်း ကြည်နူးပါရဲ့  ....ရွှေပြည်ဝေးမှာ စည်ပင်နေ ။

ခမ်းခမ်းနားနား ဆင်ထားတာ....စပွန်ဆာကြီးတွေ ရထားထင်ရဲ့  ။

စပွန်ဆာကြီးတွေ ရထားထင်ရဲ့  ....နေပြည်တော်လို ဆင်ထားတာ ။

မစ္စတာမူး (hMOO) လည်း မြူးနေတယ်....ဆန်ရေစပါး ပေါတော့မှာပဲ ။

ဆန်ရေစပါး ပေါများပေလိမ့်....ဆရာမူးတယောက် မြူးနေတယ် ။

အရွယ်ထောက်လို့ ဆင်ခြင်ကာ ....ဆြာယော... ခဏနေကာ ပြန်ပါရစေဦး ။

ခဏတော့နေကာ ပြန်ပါရစေဦး....အရွယ်ထောက်လို့ ဆင်ခြင်ကာ ။

မျက်စေ့တွေလည်း နောက်ပါတယ်....အပြာလေးက ဘူယေးဒဲ့လဲ ။

အပြာလေးက ဘူယေးဒဲ့လဲ....မျက်စေ့တွေလည်း နောက်တယ်နော် ။

ဘန်ကောက်မှာဆူလို့ ဒီလာတယ်....စားစရာတွေလည်း မကျန်တော့ဘူး (ပြန်ပြီ)







(အောင်သာငယ်)

တူး… …. ပို့…
တူး…. ပို့… တူး… ပို့…
တူး… …. ပို့…
တူး…. ပို့… တူး… ပို့… ။

တရေးအိပ်ပြီး နိုးလို့လာ….ဘယ်သူလဲဗျာ… ပြောကြပါဦး…။

တရေးအိပ်ပြီး နိုးလို့လာ… ဘယ်သူလဲဗျာ… ပြောကြပါဦး…။
(ဘိုလုပ်… သိနိုင်မှာလဲနော်… ဘူလဲ-လို့… ခက်ထှာ….း)

ဘယ်သူလဲဗျာ ပြောကြပါဦး… တရေးအိပ်ပြီး… နိုးလို့လာ…။

ဘယ်သူလဲဗျာ… ပြန်အိပ်ပါဦး…။
(အာ… အတိုင် အဖောက်တွေ ရှုပ်ကုန်ပြီ… ဘိုတွေလုပ်ပြီး… တိုင်… ဖောက်…နေကြတာလဲ… မသိရင်… နားမလည်ရင်… အမည်မဖော်ချင်သူ… ပန်ဒိုရာ-ဆီမှာ သွားလေ့လာကြဦး…။ ဒွတ်ခပဲ…ဗမာတွေ… အဲလေ… ရွှေတွေဖြစ်ပြီး… သံချပ်ကိုလည်း အတိုင်…အတိုင်မှန်း… မသိ… အဖောက်… အဖောက်မှန်း… မသိ… ကဲ… စင်ပေါ်က… အဲလေ… ဆင်ပေါ်က… အာ… မဟုတ်သေးဘူး… မဏ္ဍပ်ကနေ… အားလုံးပြန်ကြ… ကိုယ်တယောက်ထဲ… တိုင်မယ်… ဖောက်မယ်… ဟဲ…ဟဲ…)

(ကဲ… ကဲ… ပြန်စမယ်… ပြန်စမယ်… )

တရေးအိပ်ပြီး နိုးလို့လာ… ဘယ်သူလဲဗျာ… ပြောကြပါဦး…

ဘယ်သူလဲဗျာ… ပြောကြပါဦး…တရေးအိပ်ပြီး နိုးလို့လာ…
အေတီအဲန်ပါ… သူပဲ… သူပဲ…။

သူပဲ… သူပဲ… အေတီအဲန်…သံချပ်ထိုးမလို့… နိုးလာဆိုပဲ…။
သံချပ်ထိုးမလို့… နိုးပြီးရင်….ရွှေပြည်ဝေးမှာ တရေးအိပ်မလို့…း))

သံချပ်ထိုးဖို့လာချေပြီ… အေတီအဲန်ကို… ကြိုလှညှ့်… ဆိုလှည့်…။
ကြိုလှည့်… ဆိုလှည့်… အေတီအဲန်… အမှန်အကန်ကို လာချေပြီမို့…။

အေတီအဲန်-တို့ လာချေပြီ… ပျိုမဒီတွေ… ဟိုကြည့်... သည်ကြည့်…။
ဟိုကြည့် … သည်ကြည့် … ပျိုမဒီတွေ… အေတီအဲန်-တို့ လာချေပြီမို့… ။

ကြိုလှည့်… ဆိုလှည့်… ပျိုမဒီတွေ… အေတီအဲန်ကို… အဲ.. အဲ… အဲ… အဲ…
(အဲ… ဟုတ်သေးပါဘူး… မွှားကုန်ဘီ…း))

( ပြန်ပြင်ဆိုတယ်…)
အေတီအဲန်-တို့ လာချေပြီ… ရွှေပြည်ဝေးက… ကြိုလှည့်… ဆိုလှည့်…

ကြိုလှည့်… ဆိုလှည့်… အေတီအဲန်… အမှန်အကန်ကို … တေးဆိုမှာမို့…။

ဟေ့… မောင်ရေ့… ဟေ့… အေတီအဲန်ရေ့…

ဟေ့... ရွှေပြည်ဝေး…ဟေ့… လာ… မောင်ရို့… ၀ါး…

ဗေပုံ… ထိပုံ… ပတ်… ဗေဗေ… ဂျိ…။

(တရေးနိုးပြီး သံချပ်ထိုးရတာမို့...ဒါက ပထမပိုင်းပါ...ခုတော့ ပြန်အိပ်လိုက်ပါဦးမယ်... နောက်နေ့မှ ဒုတိယပိုင်းကို ဆက်ကြတာပေါ့...ပျော်ပျော်ပါးပါးပေါ့... -ဒေါက်တာမောင်မောင်လေသံနှင့်ပြောသွားသည်-း)) (အားလုံးပဲ… ၀န်ဒါရှိရင်… လွန်ဒါမိပါဗျာ…း)


(ဆက်ကြပါဦး)

Wednesday, March 31, 2010

မဏ္ဍပ်ကြော်ငြာ









ရွှေပြည်ဝေး၂၀၁၀

ပြီးခဲ့တဲ့နှစ်သင်္ကြန်မှာ နိုင်ငံစုံကမြန်မာဘလော့ဂါတွေ ရွှေပြည်ဝေးမဏ္ဍပ်မှာ

သံချပ်ထိုးရင်း သင်္ကြန်ကျခဲ့ကြပါတယ်။ ပျော်စရာပါ။ ဒီနှစ်လည်းထပ်လုပ်

မယ်လို့စိတ်ကူးပါတယ်။ မနှစ်က သံချပ်မောင်မယ်တွေကိုရော ဒီနှစ်မှာပါဝင်

ဆင်နွဲလိုသူ လူသစ်တွေရော သံချပ်တွေနဲ့ပျော်ကြဖို့ ဖိတ်ခေါ်ပါတယ်။


မုန့်လုံးရေပေါ်၊ မန္တလေးဘီယာ၊ ဘလက်လေဘလ်၊ ငါးခြောက်ကြော်၊

ကိုကာကိုလာနဲ့ ပါရာစီတမော့တို့ကို စတုဒီသာအဖြစ် စီစဉ်ထားပါတယ်။


သင်္ကြန်ပိုးကြွသူများအားလုံး ရွှေပြည်ဝေးမဏ္ဍပ်က ကြိုဆိုပါတယ်။

အပြင်းစားသံချပ်များနဲ့ သင်္ကြန်ကိုဖြတ်သန်းကြပါစို့။

သံချပ်များ စတင်လက်ခံနေပါပြီ။


မနှစ်ကသံချပ်တွေကို အမှတ်တရ ကြည့်လိုသူများ။ ဒါကိုနှိပ်။


(ရုပ်ပုံ၊ ဂူဂလ်)

"မဏ္ဍပ်ကြော်ငြာ"









ရွှေပြည်ဝေး၂၀၁၀


ပြီးခဲ့တဲ့နှစ်သင်္ကြန်မှာ နိုင်ငံစုံကမြန်မာဘလော့ဂါတွေ ရွှေပြည်ဝေးမဏ္ဍပ်မှာ

သံချပ်ထိုးရင်း သင်္ကြန်ကျခဲ့ကြပါတယ်။ ပျော်စရာပါ။ ဒီနှစ်လည်းထပ်လုပ်

မယ်လို့စိတ်ကူးပါတယ်။ မနှစ်က သံချပ်မောင်မယ်တွေကိုရော ဒီနှစ်မှာပါဝင်

ဆင်နွဲလိုသူ လူသစ်တွေရော သံချပ်တွေနဲ့ပျော်ကြဖို့ ဖိတ်ခေါ်ပါတယ်။


မုန့်လုံးရေပေါ်၊ မန္တလေးဘီယာ၊ ဘလက်လေဘလ်၊ ငါးခြောက်ကြော်၊

ကိုကာကိုလာနဲ့ ပါရာစီတမော့တို့ကို စတုဒီသာအဖြစ် စီစဉ်ထားပါတယ်။


သင်္ကြန်ပိုးကြွသူများအားလုံး ရွှေပြည်ဝေးမဏ္ဍပ်က ကြိုဆိုပါတယ်။

အပြင်းစားသံချပ်များနဲ့ သင်္ကြန်ကိုဖြတ်သန်းကြပါစို့။


မနှစ်ကသံချပ်များ အမှတ်တရ ။ ဒါကိုနှိပ်။


http://blueskyforest.blogspot.com/2009/04/blog-post.html

Thursday, March 25, 2010

ကွမ်းကြိုက်တဲ့မောင်



















ကြားပြီးကြရောပေါ့။ ကွမ်းကိစ္စ။ အမေရိကန်က မြန်မာ့ကွမ်းကိစ္စ။
မြန်မာတွေ (၇၀၀၀)လောက်နေကြတဲ့ ဖို့ဒ်ဝိန်း မြို့ က အ၀တ်လျှော်တဲ့
ဆိုင်တခုမှာ မြန်မာတွေ မ၀င်ရဆိုတဲ့စာ ကပ်ထားလို့ စီကနဲဖြစ်သွားခဲ့တဲ့
ကိစ္စပေါ့။ အခုတော့လည်း ပြီးသွားခဲ့ပါပြီ။ ကွမ်းချစ်သူမြန်မာများ ကြုံရာ
မှာ ထွေးတော်မူကြလို့ မခံနိုင်ကြတဲ့သူတွေက အခုလိုတုန့်ပြန်ခဲ့ကြပါသတဲ့။
ဒီလိုတုန့်ပြန်တာဟာ ကွမ်းမစားသူ တခြားမြန်မာတွေကိုပါ အသားလွတ်
စော်ကားတယ်၊ ဒါဟာ လူမျိုးရေးခွဲခြားမှုပဲဆိုပြီး တိုင်ကြ၊ တောကြပါလေ
ရော။ နောက်ဆုံး မြို့ တော်ဝန်ကိုယ်တိုင်က မြန်မာတွေဘက်ကရပ်ပြီး
မသိလို့ လုပ်မိတာတွေကို နားလည်သည်းခံပေးကြပါလို့ တောင်းပန်ခဲ့ရ
ပါသတဲ့။ ဆိုင်ပိုင်ရှင်ကလည်း သူ့ရဲ့ ဝန်ထမ်းက ကပ်ခဲ့တာဖြစ်လို့ ဒီလို
တာဝန်မဲ့တဲ့လုပ်ရပ်ကို တောင်းပန်ပါတယ်တဲ့။

စာရင်းချုပ်လိုက်တော့ (၁) အမေရိကန်မှာ ကွမ်းတံတွေး ထွေးရင် အရပ်က
ဝိုင်း တောင်းပန်တာကိုခံရမယ်။ (၂) ကွမ်းချစ်သူများသတိထား မခံနိုင်တဲ့
သူတွေက ပိုစတာတိုက်ပွဲဆင်နွဲကြလိမ့်မယ်။

" ကွမ်းစကား "

ကွမ်းစားတဲ့ဓလေ့အစ မြန်မာကမဟုတ်။ ဒါပေမဲ့ မြန်မာတွေ ကွမ်းသိပ်
ကြိုက်ကြတာပဲ။ အမျိုးတွေက တောင်ငူကမို့ ကွမ်းလောကအကြောင်း
တစေ့တစောင်း သိထားပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေထဲမှာလည်း
ပြည်မှာနေတဲ့သူတွေ၊ တံတားဦးတ၀ိုက်က လူတွေရှိလို့ ကွမ်းအကြောင်း
လေကြောဆက်ရှည်ပါရစေ။

စာရေးဆရာသုမောင်က ကွမ်းစကားဆိုပြီး အကြောင်းအရာမျိုးစုံ ရေး
ထုတ်နေတဲ့ သူပါ။ သူရေးတဲ့အထဲ ကွမ်းအကြောင်းကောပါရဲ့ လား မသိ။
မပါဘူးထင်တာပဲ။ အခုပြောမှာကတော့ တကယ့်ကွမ်းအကြောင်းပါခင်ဗျား။

ကွမ်းယာစားတဲ့ဓလေ့ကမြန်မာပြည်ကို အိန္ဒိယကတဆင့်လာပါတယ်။ ဇိမ်ခံ
သွားရေစာတမျိုးပေါ့။ ရှင်ဘုရင်ခေတ်က သစ္စာခံခိုင်းရင် ကွမ်းတယာ၊ ရေတ
မုတ်နဲ့ ကိစ္စပြတ်ကြသတဲ့။ အရပ်ထဲမှာ အလှူမင်္ဂလာ အခန်းအနားရှိရင် အလှ
ဆုံးမိန်းခလေးကိုမှ ကွမ်းတောင်ကိုင်ဆိုတဲ့ အထူးနေရာမှာထားသတဲ့။ အချိန်
နဲ့ ပါတ်သက်ရင်လည်း ကွမ်းတယာညက်ခန့်အကြာလို့ သတ်မှတ်ကြသကိုး။

“ကွမ်းဖိုးပေးရတယ်” ဆိုတာလည်းရှိသေးတယ်။ အရင်ခေတ်က တရားရုံးမှာ
အမှုရှုံးရင် တရားရုံးကိုပေးရတဲ့စရိတ်တဲ့။ တရားသူကြီးတွေ ဘယ်လောက်
ကွမ်းဝါးကြသလဲဆိုတာ ခန့်မှန်းသာကြည့်ပေရော့။ ရှင်ဘုရင်တွေကလည်း
ကွမ်းသမားတွေပဲ။ သူတို့ကို ကွမ်းတော်ဆက်သရတဲ့သူကို “ကွမ်းဆော်”လို့
ခေါ်သတဲ့။ ကွမ်းဝါးပြီး ထွေးလိုက်တဲ့တံတွေးကိုတောင် ကွမ်းတံတွေးလို့မခေါ်
ပဲ အရင်က “ကွမ်းသွေး” လို့ခေါ်ကြတယ်။ အမျိုးသမီးများက နှုတ်ခမ်းကလေး
နီနေအောင်နဲ့ ပါးစပ်ကလေးမွှေးနေအောင် ကွမ်းငုံကြပါသတဲ့။ ပါးဖေါင်းဖေါင်း
လေးနဲ့ ကောင်မလေးတွေကိုတောင် “ကွမ်းငုံ” လို့နာမည်ပေးခဲ့ကြပါရော။

ဘာသာရေးလောကမှာလည်း ကွမ်းကရှေ့ တန်းကပါတဲ့အရာခင်မျ။ သံဃာ
တော်တွေအတွက် ဆွမ်း၊ ကွမ်း၊ ကျောင်း၊ ဆေးဆိုတာက အဓိကတဲ့။ ပရိက္ခရာ
ရှစ်ပါးထဲမှာ သံဃာတော်များ ကွမ်းတံတွေး ထွေးတော်မူကြဖို့ ထွေးခံက မပါ
ဘူးဆိုပေတဲ့။ ဘုန်းကြီးကျောင်းရဲ့ အင်္ဂါရပ်ထဲမှာတော့ မပါမဖြစ်ဗျို့ ။ ဒို့ကိုယ်
တော်များကလည်း ကွမ်းကြိုက်တော်မူကြပေသကိုး။ ဇိမ်ခံပစ္စည်းဆိုတော့။
(အဟမ်း)

“ ကွမ်းဘွဲ့ ”

တံတားဦးက ကွမ်းနုဝါ


ကွမ်းသီး တောင်ငူနှင့်

ကိုင်း ထုံးဖြူ ၊ ပြည် ရှား

သာဝါးလို့ ထွေး။

အမည်မသိရှေးစာဆိုရဲ့  ကွမ်းယာနဲ့ပါတ်သက်ပြီး စပ်ထားတဲ့ကဗျာပါ။
ကွမ်းရွက်ဆိုရင်တော့ တံတားဦးကထွက်တဲ့ ကွမ်းရွက်က ပထမတန်း
ပါပဲတဲ့။ ကွမ်းယာထဲထည့်ဝါးတဲ့ ဆေးရွက်ကြီးဆိုရင် ငမြာက အကောင်း
ဆုံးပေါ့။ ကွမ်းသီးကတော့ တောင်ငူကို လိုက်မမှီဘူးတဲ့။ ထုံးဆိုရင် စစ်ကိုင်း
ထုံးမှ။ ရှားစေးဆိုရင် ပြည်ကမှ ကောင်းသတဲ့။ အဲသဟာတွေကို ရောပြီး
သကာလ သာသာကလေး ၀ါးပြီး ထွေးတော်မူကြပါတဲ့။ ကဗျာနဲ့ကို ညွန်းခဲ့
ရှာတာပါ။ ဒီပုဂ္ဂိုလ်လည်း အတော် ကွမ်းကြိုက်တဲ့ “ကွမ်းဂျိုးကြီး” ဖြစ်ခဲ့ပုံ
ရတယ်။

" ထွေးလိုက်ကြစို့ သူငယ်ချင်း "

ကြိုက်တဲ့သူများကျတော့ ကွမ်းယာဝါးလို့ ထွက်လာတဲ့အနံ့ကို သင်းသင်း
ကလေးလို့ ဆိုသကိုး။ မကြိုက်တဲ့ သူတွေကျပြန်တော့ လုံးဝကို မခံနိုင်
လောက်အောင် အနံ့က အတော်ပြင်းတာပါ။ ကြက်သွန်ဖြူ အစိမ်းလိုက်
စားပြီး လူကြားထဲသွားရင် တခြားသူတွေ မခံနိုင်သလိုမျိုးပေါ့။

အဆိုးဆုံးကတော့ အသာဝါးပြီး ထွေးတော်မူကြတဲ့ပုဂ္ဂိုလ်များက ပြစ်ကနဲ၊
ပြစ်ကနဲ ကြုံရာထွေးကြတဲ့ကိစ္စပါ။ ထွေးထားတဲ့နေရာမှာလည်း ပေ။ အနံ့
ကလည်း ထွက်။ တနေရာထဲလည်း မဟုတ်။ ဟိုတပြစ်၊ ဒီတပြစ်။ ဒီကိစ္စက
တော်တော်ရှင်းရခက်ပါတယ်။ ကွမ်းသမားများ လေ့ကျင့်ယူဖို့ အခက်ဆုံး
ကိစ္စပါ။ အဲဒါကြောင့်လည်း ကွမ်းသမားတွေ နာမည်ပျက်ရတာပါ။ အမည်
မသိရှေးစာဆိုကြီး ကွမ်းကဗျာစပ်ခဲ့တုန်းက သာဝါးလို့ထွေးနဲ့တင် အဆုံး
မသတ်ပဲ။ “ သာဝါးလို့ထွေး၊ စည်းကမ်းတကျလေး “ ဆိုတာပါ ထည့်ပြီး
စပ်ဆိုခဲ့မယ်ဆိုရင် နောက်ပေါက် ကွမ်းသမားမျိုးဆက်သစ်တွေ စည်းကမ်း
တကျ ထွေးတော်မူကြလိမ့်မယ်လို့ ယူဆရတာပဲ။

“ကွမ်းတံတွေး မထွေးရ”ဆိုတဲ့ သတိပေးချက်တွေက မြန်မာပြည်နေရာအနှံ့
အပြားမှာ ဒို့တာဝန်အရေးသုံးပါး ကြော်ညာနဲ့ နင်လားငါလား များနေတာပါ။
အဲဒီသတိပေး ချက်တွေအပေါ်မှာပဲ ကွမ်းတံတွေးတွေက ပေနေတတ်ပါတယ်။
တကယ်တော့ ကွမ်းတံတွေးမှ မဟုတ်ပါဘူး မြန်မာတွေတော်တော်များများက
ရိုးရိုးတံတွေးလည်း ဟိုထွေး၊ ဒီထွေးလုပ်နေကြတာပါ။ လူကြားထဲ လမ်းသွား
နေရင်း အလွယ်တကူ တံတွေးထွေးကြတာ ထူးခြားတဲ့ကိစ္စတခုလို့ မမြင်ကြ
ပါဘူး။ ပုံမှန်သဘောမှာ ရှိပါတယ်။ အီစကိုလည်း ဒီအကျင့် ကိုယ့်မှာရှိနေ
မှန်း တော်တော်နဲ့မသိခဲ့ဘူး။ ချစ်ဇနီးက သတိပေးမှ ပြုပြင်လိုက်ရတာပါ။

ကြုံရာတံတွေးထွေးတာ သူများအတွက် အနှောက်အယှက်ဖြစ်ပါတယ်။ ကျန်း
မာရေးကိုလည်း ထိခိုက်စေပါတယ်။ ကို်ယ့်မှာရှိတဲ့ရောဂါပိုးလည်း ကူးစက်စေ
ပါတယ်။ တံတွေးထွေးကြတဲ့နေရာမှာ တရုတ်လူမျိုးတွေလည်း နံမည်ကြီးပါ
တယ်။ တရုတ်တွေကတော့ ကွမ်းမစားကြပါဘူးခင်ဗျား။ စွဲလန်းတဲ့အရာကို
ဖြတ်ဖို့ခက်တာက သဘာဝပါ။ စည်းနဲ့ကမ်းနဲ့ ထွေးကြရင်တော့ သူများပြောတာ
မခံရဘူးပေါ့။

“ ကွမ်းလက်ကျန် ”

ကွမ်းအကြောင်းက ရေးစရာတွေ တော်တော်ကျန်ပါသေးတယ်။ ကွမ်းနဲ့ဆိုင်တဲ့
စီးပွါးရေးလုပ်ငန်းများ။ သခင်ကိုယ်တော်မှိုင်းရဲ့  ကွမ်းအစ်ဘယ်မှာလဲ။ နယ်စပ်
ဖြတ်ကျော် ကွမ်းကုန်သွယ်ရေး။ လျှို့ ဝှက်မြေအောက်ကွမ်းယာ။ ကွမ်းယာတွင်
ပါဝင်သော ထူးဆန်းသည့်ဆေးပစ္စည်းများအကြောင်း။ ကွမ်းဝါးခြင်းအနုပညာ။
အပြည်ပြည်ဆိုင်ရာ ကွမ်းယဉ်ကျေးမှု။ မတူကွဲပြား ကွမ်းစားနည်းများ။ သမိုင်း
ဝင် ကွမ်းပစ္စည်းများ။ ကွမ်းမစားဖူးသူ လက်ထောင်။ ကွမ်းနှင့်လုပ်သော ဆက်
ဆံရေး။ ကျွနု်ပ်တို့သည် ကွမ်းမှဆင်းသက်လာကြသည်။ ကွမ်းယာမဟုတ်သော
ကွမ်းယာ စသဖြင့်ပေါ့။ နောက်ပိုင်း စိတ်ကူးပေါက်မှရေးပါဦးမယ် ။


(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, March 6, 2010

ချဉ်ငံစပ်ယဉ်ကျေးမှု










"ဆရာလု မွှန်းခဏ်း"

တညသ၌ ကျွန်ုပ်၏ယောက္ခထီးကြီးခမျာ စာရွက်များနှင့်အလုပ်ရှုပ်နေရှာ၏။
စာရွက်များကို ကွန်ပြူတာက ထုတ်သည်။ စုသည်။ ဆောင့်သည်။ ညှိသည်။ ချုပ်သည်။
တအုပ်ပြီးတအုပ် ချုပ်၍ချုပ်၍ ကျေနပ်နေလေ၏ ။ ထိုစာအုပ် ကောင်းကြောင်းကိုလည်း
တပြုံးပြုံနှင့် နှုတ်တက်ရွရွ ပြော၍နေလေ၏။

အတန်ကြာလတ်သော် ကျွန်ုပ်ကပါ မနေသာတော့။ ဘာများတုံးဟု စပ်စုမိ လေသတတ်။
အနှီပုဂ္ဂိုလ်ကြီး တက်ကြွစွာ ချုပ်လုပ်နေသည့်စာအုပ်မှာ တရားစာအုပ်ဟု အထင်ရောက်ခဲ့
သောကျွန်ုပ် အမှားကြီး မှားလေ၏။ စာအုပ်ကား မြန်မာဘလော်ဂါအကြော်အမော် လုလု၏
ချက်နည်း ပြုတ်နည်း အီးဘွတ်ခ်ကြီး ပင်ဖြစ်တော့သတည်း။ စိတ်ဝင်စားသူများ ဤကိုသွားပါလေ။ http://lulucooking.blogspot.com (ဤကား အခမဲ့ ကြော်ညာတည်း)

ယောက္ခမကြီးက သူ၏မိတ်ဆွေများထံ လက်ဆောင်ကမ်းရန် အလို့ငှာ ဤသို့ ဤနှယ်ပြုရလေ
သည်တဲ့။ ကျွန်ုပ်မှာလည်း ဘလော်ဂါ လုလု၏ လုံ့လဥဿဖနှင့် စေတနာတရားကို သတ္တ၀ါအများ
သာဓုခေါ်နိုင်ရန်အလို့ငှာ ဤစာစုမှတဆင့် မျှဝေလိုက်ရပေတော့သည်။ နိုင်ငံကျော်ဦးကြီးပုမရှိတော့
သည့်နောက်ပိုင်း ကျော်ကြားလာလတံ္တ့သော စားဖိုမှူးကောင်း တဦးသည်ကား ဒေါ်ကြီးလုပင်ဖြစ်
ချိမ့်မည်ဟုလည်း နိမိတ်ဖတ်လိုက်ရပေသည်။ (ဆရာလု ကျန်းမာပါစေဗျား)

“သုတ်သော်မှတည့် အော်..ကောင်း၏”

ဤသို့ အမွှန်းတင်ပြီးသကာလ ချဉ်ငံစပ်ကိစ္စကို စပါတော့မည်။ စားဖွယ်ဟင်းလျှာ နှင့်ပါတ်သက်၍
မြန်မာတို့၏ အကြိုက်အရသာကား ချဉ်ငံစပ်တည်း။ အိမ်နီးချင်း တိုင်းပြည်တို့နှင့်ယှဉ်သော် ထူးပေဘိ။
တရုတ်တို့၏ အကြိုက်ကား စိမ့်ချို။ အိန္ဒိယ တို့ကား စိမ့်စပ်ချို။ ထိုင်းတို့၏အကြိုက်ကား ချဉ်စပ်ချိုငံ
ဟူလို။

ထို့ထက်ထူးသည့်အချက်ကား မြန်မာများသည် အလွန်အင်မတန်မှ အသုတ်ကို ကြိုက်တတ်ကြခြင်း
ပင်တည်း။ ထမင်းကိုလည်း သုတ်၏။ မုန်ညှင်းချဉ်ကိုလည်း သုတ်၏။ ကြော်ပြီးသားကြက်ကိုလည်း
သုတ်သည်။ ပြုတ်ပြီးသားဘဲဥ၊ ကြက်ဥများ ကိုလည်းသုတ်၏။ ခေါက်ဆွဲ၊ကြာဇံကဲ့သို့ အမျှင်များမှသည်
ယုတ်စွအဆုံး ရေခဲ ကိုပင်သုတ်လေ၏။ ရေခဲသုတ်မှလွဲ၍ ကျန်သည်များကို ချဉ်ငံစပ် ဖြစ်မှကြိုက်ကြ
လေကုန်သတည်း။

မြန်မာတို့သည် အသီး၊အရွက်၊ အသား၊ငါး စားလို့ရတာမှန်သမျှ သုတ်၍သုတ်၍ စားလိုကြသူများ
ဖြစ်၏။ ထူးပေစွတကား။ အခြားလူမျိုးများသည်ကား မြန်မာရို့  လောက်အသုတ်ကိုမစားကြလေကုန်။
အသုတ်ဆိုင်ဟူ၍ သီးသန့်ဖွင့်ရသော စီးပွါး ရေးလုပ်ငန်းကား မြန်မာတိုင်းပြည်၌သာတွေ့ ရပေလိမ့်မည်။
အဘယ့်ကြောင့်များ ကျွန်ုပ်တို့ခမျာ အသုတ်ကိုကြိုက်ကြရရှာလေသနည်း။ တွေးဘွယ်ကောင်းလေစွ။

“ဆီကိုရေချိုး”

မြန်မာတို့၏မူလဘူတ အစားအသောက်မှာ ဘာမှန်းမသိရ။ မှန်း၍ပြောရသော် ရတနာပုံခေတ်ဦး
လောက်အထိ ပြုတ်ခြင်း၊ကင်ခြင်းနှင့် ဖုတ်ခြင်းဟူသော အခြေခံ အဆင့်လောက်သာ ဖြစ်တန်ရာ၏။
မှားသော် ပြင်ပေးကြပါကုန်) လူ့ယဉ်ကျေးမှု အဆင့်မြင့်လာခြင်းကို တိုင်းထွာရာ၌ ဆီကိုလူတို့မည်ကဲ့
သို့အသုံးချ သနည်းဟူသော အချက်ကိုကြည့်ရာတိ ။ ထို့မတိုင်မှီအဆင့် ဆီကိုဖြစ်အောင် မြန်မာတို့
မည်သို့မည်ပုံ လုပ်ဆောင်သနည်း။ သို့တည်းမဟုတ် မြန်မာပြည်၌ ဆီသုံးဆွဲမှုကို မည်သည့်အချိန်က
မည်ကဲ့သို့စတင် ခဲ့သနည်း ဆိုသည့်အရေးပါသောမေးခွန်းများအား ကျွန်ုပ်ခမျာမဖြေ နိုင်ရှာ။ သနားဖွယ်တိ။
(သိသော် သင်ပေးကြပါကုန်)

အသုတ်ဟူသည် မြန်မာပြည်၌ ဘယ်အချိန်က ဘယ်လိုစခဲ့သည်မှန်းမသိရပေ။ လက်ဘက်သုတ်ဟူ
သည်ကား မြန်မာတို့၏ ၀ိသေသတခုပင်ဖြစ်လာလေတော့ သည်။ လက်ဘက်သုတ်ဆိုလည်း ချဉ်ငံစပ်မှ
ကြိုက်ကြလေကုန်သည်။

အသုတ်အရာ၌ဆီသည် အခရာ။ ဆီမပါလျှင် အသုတ်မမြည်။ မြန်မာများက ဆီကို ရွှဲရွဲသုံးမှ ကြိုက်ကြ
လေကုန်သည်။ ဆီရှားပါးသောခေတ်ကိုလည်း ဖြတ်သန်းခဲ့ကြ ရသည်ထင့်။ ဆိုရိုးစကားရှိပုံကား ဆီကို
ရေချိုး၊ ဆေးရိုးမီးလှုံ တောင်လိုပုံ ဟူသတတ်။

“ညှပ်ရောဌာနေ တိုင်းမြန်ပြည်”

စင်စစ် မြန်မာတို့၏ယဉ်ကျေးမှုကား တရုတ်နှင့်အိန္ဒိယဟူသော အင်မတိအင် မတန် အစဉ်အလာ၊
အရှိန်အစော်ကြီးမားသည့် နိုင်ငံကြီးနှစ်ခု၏ ရောညှစ်ခြင်း ဒဏ်ခံရရှာသော ယဉ်ကျေးမှုပင်တကားဟု
ဆိုလေသော် မျိုးချစ်မောင်မယ်များက စိတ်ခုတော်မှုကြပေလိမ့်မည်။ သို့ပါ၍ ဤသို့ဆိုလေအံ့။ မြန်မာ
တို့၏ ယဉ်ကျေးမှုကား ထိုနိုင်ငံကြီးနှစ်ခုမှ ကောင်းနိုးရာရာများကိုရွေးထုတ်၍ မိမိတို့၏ ကာလံဒေသံနှင့်
ကိုက်ညီအောင် မွန်းမံထားသည့် ထူးခြားပါဘိသော ယဉ်ကျေးမှုအသစ်ပင်ဖြစ်လေသည်ဟုဆိုသော်
မကောင်းလေတကား။

ထားလေတော့။ ထူးခြားမှုတို့ကို ဆိုလေမည်။ ထမင်းကိုစားရာ၌ မြန်မာတို့သည် တရုတ်တို့လိုတူနှင့်
မစား အိန္ဒိယတိုင်းသားတို့လို လက်နှင့်သာစားကုန်၏။ ဆီပြန် ဟင်းချက်ရာ၌ကား အိန္ဒိယနည်းကို
အများစု ယူလေ၏။ အသီးအရွက်ကြော်ရာ၌ တရုတ်နည်းကိုယူလေ၏။ ခေါက်ဆွဲကိုတီထွင်သူမှာ
တရုတ်ဟုတ်သော်ညား ခေါက်ဆွဲကိုသုတ်သူမှာ မြန်မာဖြစ်ချိန့်မည်။ မုန့်ဟင်းခါးသည် မြန်မာတို့၏
မူရင်း အစာ မဟုတ်နိုင်ဟု ထင်ရသော်လည်း မုန့်ဟင်းခါးကို သုတ်သူမှာ မြန်မာတို့ပင်တည်း။
အိန္ဒိယနည်းကိုယူသော်လည်း အနံ့အရသာ၌ကား အိန္ဒိယတို့လောက် မပြင်းထန်။ တရုတ်နည်းကို
ယူသော်လည်း တရုတ်အရသာထက် ပို၍လေးမှ ကြိုက်ပြန်၏။

“မုန့်ဋီကာ”

မုန့်ပဲသွားရေစာကိစ္စကား အတော်ရှင်းရန် ခက်ပေလိမ့်မည်။ ယဉ်ကျေးမှုမည်သည် အားကောင်းရာမှ
အားနည်းရာသို့ စီးဆင်း၏ဟူ၍ ဆိုရိုးရှိလေသလို၊ အချိန်ကြာသော် ရောနှောတတ်သည်မှာ ဓမ္မတာဟု ပြောသည်များလည်းရှိကုန်၏။ မည်သို့ပင်ဖြစ်လင့် ကစား။ မြန်မာမုန့်များနှင့် အိမ်နီးချင်းတိုင်းပြည်တို့၏
မုန့်များကား တူကုန်၏။ ဆင်ကုန်၏။

ဘယ်က ဘယ်ပုံမြစ်ဖျားခံလာကြသည် မသိ။ ထန်းလျှက်နှင့်လုပ်သောမုန့်များ ကား မြန်မာတွင်မက ထိုင်း၊လာအို၊ဗီယက်နမ်၊ကမ္ဘောဒီးယား၊မလေးရှားတို့တွင် လည်းရှိ လေသတတ်။ မြန်မာမုန့်များနှင့်
တူလေသတတ်။ ပဲနှင့်လုပ်သောမုန့်များ၊ ကောက်ညှင်းနှင့်လုပ်သော မုန့်များသည်လည်း ထိုနည်း၎င်း
ပင်။ ကောက်ညှင်းသုံး စွဲမှုမှာ တရုတ်ဘက်ကလာသည်ထင့်။ ထားလေတော့ ချဉ်ငံစပ်ကြပေဦးစို့။

“ချဉ်ငံစပ်ယဉ်ကျေးမှု”

စားဖွယ်တခုကို ချဉ်ငံစပ်ဖြစ်လေမှကြိုက်တော်မူသောလူတို့သည်ကား ရှားလေ၏။ မြန်မာတို့၏
ချဉ်ငံစပ်ဟင်းများကို အိန္ဒိယတို့ကိုလည်း ဧည့်ခံဖူး၏။ တရုတ်များကို လည်းဧည့်ခံဖူး၏။ ထိုင်း၊ လာအို အစရှိသည်တို့ကိုလည်းဧည့်ခံဖူး၏။ အနောက် တိုင်းသားများကိုလည်း ဧည့်ခံဖူး၏။ ၎င်းတို့၏မှတ်ချက်
ကား တခုတည်းပင်။ မြန်မာဟင်းကား ပြင်းထန်သည် ဟူသတတ်။

ဤအချက်ကို ထောက်ရှုသော် မြန်မာတို့သည်ကား အပြင်းကြိုက်များပင်ဖြစ်လေသည်တည်း။
အရသာပြင်းပြင်းကြိုက်သူတို့၏ စိတ်ဓါတ်များကား ပြင်းထန်ပါ၏လော။ အပြင်းဓါတ်ကြိုက်သူတို့၏
သဘာဝကိုတုန့်ပြန်ပုံကား မည်သို့နည်း။ ၎င်းတို့ဖန်တီး သည့် လူ့ပါတ်ဝန်းကျင်ကား မည်သို့နည်း။
ဆိုင်၏လော၊ မဆိုင်၏လော မသိတတ်လေ။

မြန်မာအသုတ်ဆိုင်များအနီး ရောက်သွားပါက ကြားရမည့်အသံများမှာကား ဟင်းချို၊ ဟင်းခါး
အဆစ်တောင်းသည့် အသံများမတိုင်မီ ချဉ်ငံစပ်လေးလုပ်ပေးနော်။ သို့တည်းမဟုတ် ချဉ်ချဉ်၊ ငံငံ၊
စပ်စပ်လေး သုတ်ပေးနော်ဟူသောအသံများပင်ဖြစ်ချိန့်မည်။ မြန်မာ တို့သည်ကား အစာစားလျှင်
ချွေးကလေးစို့လာမှ အောင်မြင်စွာစားသောက်ခြင်းအမှုကို ပြုရာသည်ဟု မှတ်ယူတတ်သူများပင်တကား။