Thursday, March 25, 2010

ကွမ်းကြိုက်တဲ့မောင်



















ကြားပြီးကြရောပေါ့။ ကွမ်းကိစ္စ။ အမေရိကန်က မြန်မာ့ကွမ်းကိစ္စ။
မြန်မာတွေ (၇၀၀၀)လောက်နေကြတဲ့ ဖို့ဒ်ဝိန်း မြို့ က အ၀တ်လျှော်တဲ့
ဆိုင်တခုမှာ မြန်မာတွေ မ၀င်ရဆိုတဲ့စာ ကပ်ထားလို့ စီကနဲဖြစ်သွားခဲ့တဲ့
ကိစ္စပေါ့။ အခုတော့လည်း ပြီးသွားခဲ့ပါပြီ။ ကွမ်းချစ်သူမြန်မာများ ကြုံရာ
မှာ ထွေးတော်မူကြလို့ မခံနိုင်ကြတဲ့သူတွေက အခုလိုတုန့်ပြန်ခဲ့ကြပါသတဲ့။
ဒီလိုတုန့်ပြန်တာဟာ ကွမ်းမစားသူ တခြားမြန်မာတွေကိုပါ အသားလွတ်
စော်ကားတယ်၊ ဒါဟာ လူမျိုးရေးခွဲခြားမှုပဲဆိုပြီး တိုင်ကြ၊ တောကြပါလေ
ရော။ နောက်ဆုံး မြို့ တော်ဝန်ကိုယ်တိုင်က မြန်မာတွေဘက်ကရပ်ပြီး
မသိလို့ လုပ်မိတာတွေကို နားလည်သည်းခံပေးကြပါလို့ တောင်းပန်ခဲ့ရ
ပါသတဲ့။ ဆိုင်ပိုင်ရှင်ကလည်း သူ့ရဲ့ ဝန်ထမ်းက ကပ်ခဲ့တာဖြစ်လို့ ဒီလို
တာဝန်မဲ့တဲ့လုပ်ရပ်ကို တောင်းပန်ပါတယ်တဲ့။

စာရင်းချုပ်လိုက်တော့ (၁) အမေရိကန်မှာ ကွမ်းတံတွေး ထွေးရင် အရပ်က
ဝိုင်း တောင်းပန်တာကိုခံရမယ်။ (၂) ကွမ်းချစ်သူများသတိထား မခံနိုင်တဲ့
သူတွေက ပိုစတာတိုက်ပွဲဆင်နွဲကြလိမ့်မယ်။

" ကွမ်းစကား "

ကွမ်းစားတဲ့ဓလေ့အစ မြန်မာကမဟုတ်။ ဒါပေမဲ့ မြန်မာတွေ ကွမ်းသိပ်
ကြိုက်ကြတာပဲ။ အမျိုးတွေက တောင်ငူကမို့ ကွမ်းလောကအကြောင်း
တစေ့တစောင်း သိထားပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေထဲမှာလည်း
ပြည်မှာနေတဲ့သူတွေ၊ တံတားဦးတ၀ိုက်က လူတွေရှိလို့ ကွမ်းအကြောင်း
လေကြောဆက်ရှည်ပါရစေ။

စာရေးဆရာသုမောင်က ကွမ်းစကားဆိုပြီး အကြောင်းအရာမျိုးစုံ ရေး
ထုတ်နေတဲ့ သူပါ။ သူရေးတဲ့အထဲ ကွမ်းအကြောင်းကောပါရဲ့ လား မသိ။
မပါဘူးထင်တာပဲ။ အခုပြောမှာကတော့ တကယ့်ကွမ်းအကြောင်းပါခင်ဗျား။

ကွမ်းယာစားတဲ့ဓလေ့ကမြန်မာပြည်ကို အိန္ဒိယကတဆင့်လာပါတယ်။ ဇိမ်ခံ
သွားရေစာတမျိုးပေါ့။ ရှင်ဘုရင်ခေတ်က သစ္စာခံခိုင်းရင် ကွမ်းတယာ၊ ရေတ
မုတ်နဲ့ ကိစ္စပြတ်ကြသတဲ့။ အရပ်ထဲမှာ အလှူမင်္ဂလာ အခန်းအနားရှိရင် အလှ
ဆုံးမိန်းခလေးကိုမှ ကွမ်းတောင်ကိုင်ဆိုတဲ့ အထူးနေရာမှာထားသတဲ့။ အချိန်
နဲ့ ပါတ်သက်ရင်လည်း ကွမ်းတယာညက်ခန့်အကြာလို့ သတ်မှတ်ကြသကိုး။

“ကွမ်းဖိုးပေးရတယ်” ဆိုတာလည်းရှိသေးတယ်။ အရင်ခေတ်က တရားရုံးမှာ
အမှုရှုံးရင် တရားရုံးကိုပေးရတဲ့စရိတ်တဲ့။ တရားသူကြီးတွေ ဘယ်လောက်
ကွမ်းဝါးကြသလဲဆိုတာ ခန့်မှန်းသာကြည့်ပေရော့။ ရှင်ဘုရင်တွေကလည်း
ကွမ်းသမားတွေပဲ။ သူတို့ကို ကွမ်းတော်ဆက်သရတဲ့သူကို “ကွမ်းဆော်”လို့
ခေါ်သတဲ့။ ကွမ်းဝါးပြီး ထွေးလိုက်တဲ့တံတွေးကိုတောင် ကွမ်းတံတွေးလို့မခေါ်
ပဲ အရင်က “ကွမ်းသွေး” လို့ခေါ်ကြတယ်။ အမျိုးသမီးများက နှုတ်ခမ်းကလေး
နီနေအောင်နဲ့ ပါးစပ်ကလေးမွှေးနေအောင် ကွမ်းငုံကြပါသတဲ့။ ပါးဖေါင်းဖေါင်း
လေးနဲ့ ကောင်မလေးတွေကိုတောင် “ကွမ်းငုံ” လို့နာမည်ပေးခဲ့ကြပါရော။

ဘာသာရေးလောကမှာလည်း ကွမ်းကရှေ့ တန်းကပါတဲ့အရာခင်မျ။ သံဃာ
တော်တွေအတွက် ဆွမ်း၊ ကွမ်း၊ ကျောင်း၊ ဆေးဆိုတာက အဓိကတဲ့။ ပရိက္ခရာ
ရှစ်ပါးထဲမှာ သံဃာတော်များ ကွမ်းတံတွေး ထွေးတော်မူကြဖို့ ထွေးခံက မပါ
ဘူးဆိုပေတဲ့။ ဘုန်းကြီးကျောင်းရဲ့ အင်္ဂါရပ်ထဲမှာတော့ မပါမဖြစ်ဗျို့ ။ ဒို့ကိုယ်
တော်များကလည်း ကွမ်းကြိုက်တော်မူကြပေသကိုး။ ဇိမ်ခံပစ္စည်းဆိုတော့။
(အဟမ်း)

“ ကွမ်းဘွဲ့ ”

တံတားဦးက ကွမ်းနုဝါ

ငမြာက ဆေး

ကွမ်းသီး တောင်ငူနှင့်

ကိုင်း ထုံးဖြူ ၊ ပြည် ရှား

သာဝါးလို့ ထွေး။

အမည်မသိရှေးစာဆိုရဲ့  ကွမ်းယာနဲ့ပါတ်သက်ပြီး စပ်ထားတဲ့ကဗျာပါ။
ကွမ်းရွက်ဆိုရင်တော့ တံတားဦးကထွက်တဲ့ ကွမ်းရွက်က ပထမတန်း
ပါပဲတဲ့။ ကွမ်းယာထဲထည့်ဝါးတဲ့ ဆေးရွက်ကြီးဆိုရင် ငမြာက အကောင်း
ဆုံးပေါ့။ ကွမ်းသီးကတော့ တောင်ငူကို လိုက်မမှီဘူးတဲ့။ ထုံးဆိုရင် စစ်ကိုင်း
ထုံးမှ။ ရှားစေးဆိုရင် ပြည်ကမှ ကောင်းသတဲ့။ အဲသဟာတွေကို ရောပြီး
သကာလ သာသာကလေး ၀ါးပြီး ထွေးတော်မူကြပါတဲ့။ ကဗျာနဲ့ကို ညွန်းခဲ့
ရှာတာပါ။ ဒီပုဂ္ဂိုလ်လည်း အတော် ကွမ်းကြိုက်တဲ့ “ကွမ်းဂျိုးကြီး” ဖြစ်ခဲ့ပုံ
ရတယ်။

" ထွေးလိုက်ကြစို့ သူငယ်ချင်း "

ကြိုက်တဲ့သူများကျတော့ ကွမ်းယာဝါးလို့ ထွက်လာတဲ့အနံ့ကို သင်းသင်း
ကလေးလို့ ဆိုသကိုး။ မကြိုက်တဲ့ သူတွေကျပြန်တော့ လုံးဝကို မခံနိုင်
လောက်အောင် အနံ့က အတော်ပြင်းတာပါ။ ကြက်သွန်ဖြူ အစိမ်းလိုက်
စားပြီး လူကြားထဲသွားရင် တခြားသူတွေ မခံနိုင်သလိုမျိုးပေါ့။

အဆိုးဆုံးကတော့ အသာဝါးပြီး ထွေးတော်မူကြတဲ့ပုဂ္ဂိုလ်များက ပြစ်ကနဲ၊
ပြစ်ကနဲ ကြုံရာထွေးကြတဲ့ကိစ္စပါ။ ထွေးထားတဲ့နေရာမှာလည်း ပေ။ အနံ့
ကလည်း ထွက်။ တနေရာထဲလည်း မဟုတ်။ ဟိုတပြစ်၊ ဒီတပြစ်။ ဒီကိစ္စက
တော်တော်ရှင်းရခက်ပါတယ်။ ကွမ်းသမားများ လေ့ကျင့်ယူဖို့ အခက်ဆုံး
ကိစ္စပါ။ အဲဒါကြောင့်လည်း ကွမ်းသမားတွေ နာမည်ပျက်ရတာပါ။ အမည်
မသိရှေးစာဆိုကြီး ကွမ်းကဗျာစပ်ခဲ့တုန်းက သာဝါးလို့ထွေးနဲ့တင် အဆုံး
မသတ်ပဲ။ “ သာဝါးလို့ထွေး၊ စည်းကမ်းတကျလေး “ ဆိုတာပါ ထည့်ပြီး
စပ်ဆိုခဲ့မယ်ဆိုရင် နောက်ပေါက် ကွမ်းသမားမျိုးဆက်သစ်တွေ စည်းကမ်း
တကျ ထွေးတော်မူကြလိမ့်မယ်လို့ ယူဆရတာပဲ။

“ကွမ်းတံတွေး မထွေးရ”ဆိုတဲ့ သတိပေးချက်တွေက မြန်မာပြည်နေရာအနှံ့
အပြားမှာ ဒို့တာဝန်အရေးသုံးပါး ကြော်ညာနဲ့ နင်လားငါလား များနေတာပါ။
အဲဒီသတိပေး ချက်တွေအပေါ်မှာပဲ ကွမ်းတံတွေးတွေက ပေနေတတ်ပါတယ်။
တကယ်တော့ ကွမ်းတံတွေးမှ မဟုတ်ပါဘူး မြန်မာတွေတော်တော်များများက
ရိုးရိုးတံတွေးလည်း ဟိုထွေး၊ ဒီထွေးလုပ်နေကြတာပါ။ လူကြားထဲ လမ်းသွား
နေရင်း အလွယ်တကူ တံတွေးထွေးကြတာ ထူးခြားတဲ့ကိစ္စတခုလို့ မမြင်ကြ
ပါဘူး။ ပုံမှန်သဘောမှာ ရှိပါတယ်။ အီစကိုလည်း ဒီအကျင့် ကိုယ့်မှာရှိနေ
မှန်း တော်တော်နဲ့မသိခဲ့ဘူး။ ချစ်ဇနီးက သတိပေးမှ ပြုပြင်လိုက်ရတာပါ။

ကြုံရာတံတွေးထွေးတာ သူများအတွက် အနှောက်အယှက်ဖြစ်ပါတယ်။ ကျန်း
မာရေးကိုလည်း ထိခိုက်စေပါတယ်။ ကို်ယ့်မှာရှိတဲ့ရောဂါပိုးလည်း ကူးစက်စေ
ပါတယ်။ တံတွေးထွေးကြတဲ့နေရာမှာ တရုတ်လူမျိုးတွေလည်း နံမည်ကြီးပါ
တယ်။ တရုတ်တွေကတော့ ကွမ်းမစားကြပါဘူးခင်ဗျား။ စွဲလန်းတဲ့အရာကို
ဖြတ်ဖို့ခက်တာက သဘာဝပါ။ စည်းနဲ့ကမ်းနဲ့ ထွေးကြရင်တော့ သူများပြောတာ
မခံရဘူးပေါ့။

“ ကွမ်းလက်ကျန် ”

ကွမ်းအကြောင်းက ရေးစရာတွေ တော်တော်ကျန်ပါသေးတယ်။ ကွမ်းနဲ့ဆိုင်တဲ့
စီးပွါးရေးလုပ်ငန်းများ။ သခင်ကိုယ်တော်မှိုင်းရဲ့  ကွမ်းအစ်ဘယ်မှာလဲ။ နယ်စပ်
ဖြတ်ကျော် ကွမ်းကုန်သွယ်ရေး။ လျှို့ ဝှက်မြေအောက်ကွမ်းယာ။ ကွမ်းယာတွင်
ပါဝင်သော ထူးဆန်းသည့်ဆေးပစ္စည်းများအကြောင်း။ ကွမ်းဝါးခြင်းအနုပညာ။
အပြည်ပြည်ဆိုင်ရာ ကွမ်းယဉ်ကျေးမှု။ မတူကွဲပြား ကွမ်းစားနည်းများ။ သမိုင်း
ဝင် ကွမ်းပစ္စည်းများ။ ကွမ်းမစားဖူးသူ လက်ထောင်။ ကွမ်းနှင့်လုပ်သော ဆက်
ဆံရေး။ ကျွနု်ပ်တို့သည် ကွမ်းမှဆင်းသက်လာကြသည်။ ကွမ်းယာမဟုတ်သော
ကွမ်းယာ စသဖြင့်ပေါ့။ နောက်ပိုင်း စိတ်ကူးပေါက်မှရေးပါဦးမယ် ။


(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, March 6, 2010

ချဉ်ငံစပ်ယဉ်ကျေးမှု










"ဆရာလု မွှန်းခဏ်း"

တညသ၌ ကျွန်ုပ်၏ယောက္ခထီးကြီးခမျာ စာရွက်များနှင့်အလုပ်ရှုပ်နေရှာ၏။
စာရွက်များကို ကွန်ပြူတာက ထုတ်သည်။ စုသည်။ ဆောင့်သည်။ ညှိသည်။ ချုပ်သည်။
တအုပ်ပြီးတအုပ် ချုပ်၍ချုပ်၍ ကျေနပ်နေလေ၏ ။ ထိုစာအုပ် ကောင်းကြောင်းကိုလည်း
တပြုံးပြုံနှင့် နှုတ်တက်ရွရွ ပြော၍နေလေ၏။

အတန်ကြာလတ်သော် ကျွန်ုပ်ကပါ မနေသာတော့။ ဘာများတုံးဟု စပ်စုမိ လေသတတ်။
အနှီပုဂ္ဂိုလ်ကြီး တက်ကြွစွာ ချုပ်လုပ်နေသည့်စာအုပ်မှာ တရားစာအုပ်ဟု အထင်ရောက်ခဲ့
သောကျွန်ုပ် အမှားကြီး မှားလေ၏။ စာအုပ်ကား မြန်မာဘလော်ဂါအကြော်အမော် လုလု၏
ချက်နည်း ပြုတ်နည်း အီးဘွတ်ခ်ကြီး ပင်ဖြစ်တော့သတည်း။ စိတ်ဝင်စားသူများ ဤကိုသွားပါလေ။ http://lulucooking.blogspot.com (ဤကား အခမဲ့ ကြော်ညာတည်း)

ယောက္ခမကြီးက သူ၏မိတ်ဆွေများထံ လက်ဆောင်ကမ်းရန် အလို့ငှာ ဤသို့ ဤနှယ်ပြုရလေ
သည်တဲ့။ ကျွန်ုပ်မှာလည်း ဘလော်ဂါ လုလု၏ လုံ့လဥဿဖနှင့် စေတနာတရားကို သတ္တ၀ါအများ
သာဓုခေါ်နိုင်ရန်အလို့ငှာ ဤစာစုမှတဆင့် မျှဝေလိုက်ရပေတော့သည်။ နိုင်ငံကျော်ဦးကြီးပုမရှိတော့
သည့်နောက်ပိုင်း ကျော်ကြားလာလတံ္တ့သော စားဖိုမှူးကောင်း တဦးသည်ကား ဒေါ်ကြီးလုပင်ဖြစ်
ချိမ့်မည်ဟုလည်း နိမိတ်ဖတ်လိုက်ရပေသည်။ (ဆရာလု ကျန်းမာပါစေဗျား)

“သုတ်သော်မှတည့် အော်..ကောင်း၏”

ဤသို့ အမွှန်းတင်ပြီးသကာလ ချဉ်ငံစပ်ကိစ္စကို စပါတော့မည်။ စားဖွယ်ဟင်းလျှာ နှင့်ပါတ်သက်၍
မြန်မာတို့၏ အကြိုက်အရသာကား ချဉ်ငံစပ်တည်း။ အိမ်နီးချင်း တိုင်းပြည်တို့နှင့်ယှဉ်သော် ထူးပေဘိ။
တရုတ်တို့၏ အကြိုက်ကား စိမ့်ချို။ အိန္ဒိယ တို့ကား စိမ့်စပ်ချို။ ထိုင်းတို့၏အကြိုက်ကား ချဉ်စပ်ချိုငံ
ဟူလို။

ထို့ထက်ထူးသည့်အချက်ကား မြန်မာများသည် အလွန်အင်မတန်မှ အသုတ်ကို ကြိုက်တတ်ကြခြင်း
ပင်တည်း။ ထမင်းကိုလည်း သုတ်၏။ မုန်ညှင်းချဉ်ကိုလည်း သုတ်၏။ ကြော်ပြီးသားကြက်ကိုလည်း
သုတ်သည်။ ပြုတ်ပြီးသားဘဲဥ၊ ကြက်ဥများ ကိုလည်းသုတ်၏။ ခေါက်ဆွဲ၊ကြာဇံကဲ့သို့ အမျှင်များမှသည်
ယုတ်စွအဆုံး ရေခဲ ကိုပင်သုတ်လေ၏။ ရေခဲသုတ်မှလွဲ၍ ကျန်သည်များကို ချဉ်ငံစပ် ဖြစ်မှကြိုက်ကြ
လေကုန်သတည်း။

မြန်မာတို့သည် အသီး၊အရွက်၊ အသား၊ငါး စားလို့ရတာမှန်သမျှ သုတ်၍သုတ်၍ စားလိုကြသူများ
ဖြစ်၏။ ထူးပေစွတကား။ အခြားလူမျိုးများသည်ကား မြန်မာရို့  လောက်အသုတ်ကိုမစားကြလေကုန်။
အသုတ်ဆိုင်ဟူ၍ သီးသန့်ဖွင့်ရသော စီးပွါး ရေးလုပ်ငန်းကား မြန်မာတိုင်းပြည်၌သာတွေ့ ရပေလိမ့်မည်။
အဘယ့်ကြောင့်များ ကျွန်ုပ်တို့ခမျာ အသုတ်ကိုကြိုက်ကြရရှာလေသနည်း။ တွေးဘွယ်ကောင်းလေစွ။

“ဆီကိုရေချိုး”

မြန်မာတို့၏မူလဘူတ အစားအသောက်မှာ ဘာမှန်းမသိရ။ မှန်း၍ပြောရသော် ရတနာပုံခေတ်ဦး
လောက်အထိ ပြုတ်ခြင်း၊ကင်ခြင်းနှင့် ဖုတ်ခြင်းဟူသော အခြေခံ အဆင့်လောက်သာ ဖြစ်တန်ရာ၏။
မှားသော် ပြင်ပေးကြပါကုန်) လူ့ယဉ်ကျေးမှု အဆင့်မြင့်လာခြင်းကို တိုင်းထွာရာ၌ ဆီကိုလူတို့မည်ကဲ့
သို့အသုံးချ သနည်းဟူသော အချက်ကိုကြည့်ရာတိ ။ ထို့မတိုင်မှီအဆင့် ဆီကိုဖြစ်အောင် မြန်မာတို့
မည်သို့မည်ပုံ လုပ်ဆောင်သနည်း။ သို့တည်းမဟုတ် မြန်မာပြည်၌ ဆီသုံးဆွဲမှုကို မည်သည့်အချိန်က
မည်ကဲ့သို့စတင် ခဲ့သနည်း ဆိုသည့်အရေးပါသောမေးခွန်းများအား ကျွန်ုပ်ခမျာမဖြေ နိုင်ရှာ။ သနားဖွယ်တိ။
(သိသော် သင်ပေးကြပါကုန်)

အသုတ်ဟူသည် မြန်မာပြည်၌ ဘယ်အချိန်က ဘယ်လိုစခဲ့သည်မှန်းမသိရပေ။ လက်ဘက်သုတ်ဟူ
သည်ကား မြန်မာတို့၏ ၀ိသေသတခုပင်ဖြစ်လာလေတော့ သည်။ လက်ဘက်သုတ်ဆိုလည်း ချဉ်ငံစပ်မှ
ကြိုက်ကြလေကုန်သည်။

အသုတ်အရာ၌ဆီသည် အခရာ။ ဆီမပါလျှင် အသုတ်မမြည်။ မြန်မာများက ဆီကို ရွှဲရွဲသုံးမှ ကြိုက်ကြ
လေကုန်သည်။ ဆီရှားပါးသောခေတ်ကိုလည်း ဖြတ်သန်းခဲ့ကြ ရသည်ထင့်။ ဆိုရိုးစကားရှိပုံကား ဆီကို
ရေချိုး၊ ဆေးရိုးမီးလှုံ တောင်လိုပုံ ဟူသတတ်။

“ညှပ်ရောဌာနေ တိုင်းမြန်ပြည်”

စင်စစ် မြန်မာတို့၏ယဉ်ကျေးမှုကား တရုတ်နှင့်အိန္ဒိယဟူသော အင်မတိအင် မတန် အစဉ်အလာ၊
အရှိန်အစော်ကြီးမားသည့် နိုင်ငံကြီးနှစ်ခု၏ ရောညှစ်ခြင်း ဒဏ်ခံရရှာသော ယဉ်ကျေးမှုပင်တကားဟု
ဆိုလေသော် မျိုးချစ်မောင်မယ်များက စိတ်ခုတော်မှုကြပေလိမ့်မည်။ သို့ပါ၍ ဤသို့ဆိုလေအံ့။ မြန်မာ
တို့၏ ယဉ်ကျေးမှုကား ထိုနိုင်ငံကြီးနှစ်ခုမှ ကောင်းနိုးရာရာများကိုရွေးထုတ်၍ မိမိတို့၏ ကာလံဒေသံနှင့်
ကိုက်ညီအောင် မွန်းမံထားသည့် ထူးခြားပါဘိသော ယဉ်ကျေးမှုအသစ်ပင်ဖြစ်လေသည်ဟုဆိုသော်
မကောင်းလေတကား။

ထားလေတော့။ ထူးခြားမှုတို့ကို ဆိုလေမည်။ ထမင်းကိုစားရာ၌ မြန်မာတို့သည် တရုတ်တို့လိုတူနှင့်
မစား အိန္ဒိယတိုင်းသားတို့လို လက်နှင့်သာစားကုန်၏။ ဆီပြန် ဟင်းချက်ရာ၌ကား အိန္ဒိယနည်းကို
အများစု ယူလေ၏။ အသီးအရွက်ကြော်ရာ၌ တရုတ်နည်းကိုယူလေ၏။ ခေါက်ဆွဲကိုတီထွင်သူမှာ
တရုတ်ဟုတ်သော်ညား ခေါက်ဆွဲကိုသုတ်သူမှာ မြန်မာဖြစ်ချိန့်မည်။ မုန့်ဟင်းခါးသည် မြန်မာတို့၏
မူရင်း အစာ မဟုတ်နိုင်ဟု ထင်ရသော်လည်း မုန့်ဟင်းခါးကို သုတ်သူမှာ မြန်မာတို့ပင်တည်း။
အိန္ဒိယနည်းကိုယူသော်လည်း အနံ့အရသာ၌ကား အိန္ဒိယတို့လောက် မပြင်းထန်။ တရုတ်နည်းကို
ယူသော်လည်း တရုတ်အရသာထက် ပို၍လေးမှ ကြိုက်ပြန်၏။

“မုန့်ဋီကာ”

မုန့်ပဲသွားရေစာကိစ္စကား အတော်ရှင်းရန် ခက်ပေလိမ့်မည်။ ယဉ်ကျေးမှုမည်သည် အားကောင်းရာမှ
အားနည်းရာသို့ စီးဆင်း၏ဟူ၍ ဆိုရိုးရှိလေသလို၊ အချိန်ကြာသော် ရောနှောတတ်သည်မှာ ဓမ္မတာဟု ပြောသည်များလည်းရှိကုန်၏။ မည်သို့ပင်ဖြစ်လင့် ကစား။ မြန်မာမုန့်များနှင့် အိမ်နီးချင်းတိုင်းပြည်တို့၏
မုန့်များကား တူကုန်၏။ ဆင်ကုန်၏။

ဘယ်က ဘယ်ပုံမြစ်ဖျားခံလာကြသည် မသိ။ ထန်းလျှက်နှင့်လုပ်သောမုန့်များ ကား မြန်မာတွင်မက ထိုင်း၊လာအို၊ဗီယက်နမ်၊ကမ္ဘောဒီးယား၊မလေးရှားတို့တွင် လည်းရှိ လေသတတ်။ မြန်မာမုန့်များနှင့်
တူလေသတတ်။ ပဲနှင့်လုပ်သောမုန့်များ၊ ကောက်ညှင်းနှင့်လုပ်သော မုန့်များသည်လည်း ထိုနည်း၎င်း
ပင်။ ကောက်ညှင်းသုံး စွဲမှုမှာ တရုတ်ဘက်ကလာသည်ထင့်။ ထားလေတော့ ချဉ်ငံစပ်ကြပေဦးစို့။

“ချဉ်ငံစပ်ယဉ်ကျေးမှု”

စားဖွယ်တခုကို ချဉ်ငံစပ်ဖြစ်လေမှကြိုက်တော်မူသောလူတို့သည်ကား ရှားလေ၏။ မြန်မာတို့၏
ချဉ်ငံစပ်ဟင်းများကို အိန္ဒိယတို့ကိုလည်း ဧည့်ခံဖူး၏။ တရုတ်များကို လည်းဧည့်ခံဖူး၏။ ထိုင်း၊ လာအို အစရှိသည်တို့ကိုလည်းဧည့်ခံဖူး၏။ အနောက် တိုင်းသားများကိုလည်း ဧည့်ခံဖူး၏။ ၎င်းတို့၏မှတ်ချက်
ကား တခုတည်းပင်။ မြန်မာဟင်းကား ပြင်းထန်သည် ဟူသတတ်။

ဤအချက်ကို ထောက်ရှုသော် မြန်မာတို့သည်ကား အပြင်းကြိုက်များပင်ဖြစ်လေသည်တည်း။
အရသာပြင်းပြင်းကြိုက်သူတို့၏ စိတ်ဓါတ်များကား ပြင်းထန်ပါ၏လော။ အပြင်းဓါတ်ကြိုက်သူတို့၏
သဘာဝကိုတုန့်ပြန်ပုံကား မည်သို့နည်း။ ၎င်းတို့ဖန်တီး သည့် လူ့ပါတ်ဝန်းကျင်ကား မည်သို့နည်း။
ဆိုင်၏လော၊ မဆိုင်၏လော မသိတတ်လေ။

မြန်မာအသုတ်ဆိုင်များအနီး ရောက်သွားပါက ကြားရမည့်အသံများမှာကား ဟင်းချို၊ ဟင်းခါး
အဆစ်တောင်းသည့် အသံများမတိုင်မီ ချဉ်ငံစပ်လေးလုပ်ပေးနော်။ သို့တည်းမဟုတ် ချဉ်ချဉ်၊ ငံငံ၊
စပ်စပ်လေး သုတ်ပေးနော်ဟူသောအသံများပင်ဖြစ်ချိန့်မည်။ မြန်မာ တို့သည်ကား အစာစားလျှင်
ချွေးကလေးစို့လာမှ အောင်မြင်စွာစားသောက်ခြင်းအမှုကို ပြုရာသည်ဟု မှတ်ယူတတ်သူများပင်တကား။

Wednesday, March 3, 2010

ကျွန်ုပ်တို့၏ နေ့စဉ်သုံး ဘာသာစကား










ထည့်မယ်
ဝိုက်မယ်

ကျစ်မယ်

ရစ်မယ် ။


လှည့်မယ်

ထုမယ်

ချည်မယ်

ချုပ်မယ်

လိမ်မယ် ။


ဖဲ့မယ်

ဖွမယ်

ဖိမယ်

ဖို့မယ် ။


ပေးလိုက်

ကြွေးလိုက်

ခွန့်လိုက်

ထောင်လိုက်

ပြီးရင် ရိတ်လိုက် ။


ကြိတ်လိုက်

နှိပ်လိုက်

ညှိလိုက်

ပြီးရင် စိလိုက် ။


တိုင်းပြည်မှာ

သာသနာရောင်ဝါတွေ ထွန်းတယ်လည်းဆိုသေး

ကလိန်ကကျစ်တွေလည်းပေါသေး

ရင်လေးစရာ ။


(ရုပ်ပုံ ၊ ဂူဂလ်)

Saturday, February 13, 2010

နီးဟောင်မား













( တရုတ်နှစ်ကူး အထူးအစီစဉ်လို့ပဲ ဆိုပါစို့။ ကျားနှစ်ကို ကြိုဆိုတယ်ပေါ့ဗျာ။ တကယ်တော့
တိုက်ဆိုင်လို့ ဒီစာကိုပြန်တင်လိုက်တာပါ။ အနည်းအကျဉ်းပဲ ပြန်လည်မွန်းမံ ထားပါတယ်။
ဒီဘလော့ဂ်ကို စရေးတုန်းက တရုတ်အကြောင်းနဲ့စခဲ့တယ်ဆိုတာ အခုမှပြန်သတိထားမိတယ်။
၂၀၀၇ ဇူလိုင်လမှာရေးခဲ့တာ။ မဖတ်ရသေးသူတွေအတွက်တော့ အသစ်ပေါ့။ တရုတ်အကြောင်း
က သိထားသင့်တယ်၊ သတိထားသင့်တယ် ထင်လို့ပါ။ ရှင်းနင်ခွိုက်လောက် ပါခင်ဗျား ။ )


"ဘာသာရေး လိုသလား"

တရုတ်ပြည်မှာနေတာ အနှစ်နှစ်ဆယ်ကျော် ကြာလာပြီဖြစ်တဲ့ မြန်မာတယောက်နဲ့  ဟိုတလောက
တယ်လီဖုန်း ပြောဖြစ်ပါတယ်။ တရုတ်ပြည်ကြီး တဟုန်ထိုးတိုးတက် လာနေတဲ့အကြောင်း၊တရုတ်
ပြည်သူတွေက တဦးချင်းစီကို ချမ်းသာလာနေတဲ့ အကြောင်းပြောကြရင်းနဲ့  ဒီအတိုင်းသာဆက်သွား
ရင် နောင်လာမယ့် ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်ဆို တရုတ်တွေ ကမ္ဘာကို ဒုက္ခကောင်းကောင်းပေးကြ
လိမ့်မယ်လို့  သူကပြောပါတယ်။ တရုတ်တွေကဒုက္ခပေးရင် အမေရိကန်တွေထက်တောင် ဆိုးလိမ့်
မယ်လို့ လည်းဆိုပါတယ်။

ဘယ့်နှယ်ကြောင့်များပါလိမ့်လို့ သူ့ ကိုမေးကြည့်တော့၊ နှစ်ပေါင်းများစွာကွန်မြူနစ်အစိုးရ အုပ်ချုပ်
ထားတဲ့တရုတ်ပြည်မှာ ဘာသာရေးယုံကြည်ကိုးကွယ်မှူ မထွန်းကားဘူးဆိုတဲ့ အချက်။ ဒီအချက်မှာ
လည်း ပြောစရာရှိတာက ရိုးရာနတ်ကိုးကွယ်မှူ ၊ ဘုံကျောင်းသွား ဆုတောင်းဝတ်ပြုမှူ ၊ ကွန်ဖြူးရှပ်
ယဉ်ကျေးမှူ ၊ ဖါလုံဂေါင်းလို့ ခေါ်တဲ့ တရားမ၀င်ဘာသာ ရေး အင်အားစုဖြစ်ထွန်းနေမှူတွေ ရှိနေ
တယ်ဆိုပေမဲ့ မူဆလင်နိုင်ငံတွေ၊ အမေရိကန်၊ လက်တင် အမေရိကား၊ ဥရောပနဲ့ တခြားခရစ်ယန်
ဘာသာကြီးစိုးတဲ့ နိုင်ငံတွေလို ဘာသာရေးကို တခုတ်တရ ကျင့်ကြံစောင့်ထိမ်းတဲ့အလေ့အထမျိုး
တော့ တရုတ်ပြည်မှာ ရှိမနေဘူး။ ဆိုလိုတာက ဘာသာရေးအဆုံးအမအရ ကိုယ်ကျင့်တရားကောင်း
အောင် ကျင့်ကြံအားထုတ်တာမျိုး တရုတ်ပြည်မှာ မထွန်းကားဘူးဆိုတဲ့ကိစ္စပါ။ ( ဒီအချက်ကို အငြင်း
အခုံလုပ်ကြည့်သင့်ပါတယ် ။ )


“ဘယ်လဲဟဲ့ ကွန်မြူနစ် ”

ကိုယ်ကျင့်တရားဆိုင်ရာ ဘာသာရေး အထိမ်းအကွပ်တွေ တရုတ်ပြည်မှာ ရှိမနေတဲ့အပြင် စည်းကမ်း
ကြီးပါတယ်လို့  နာမည်ကျော်ခဲ့တဲ့ ကွန်မြူနစ်ဝါဒကလည်း အခုအခါ နွားနို့ ကိုးလီ ရေကိုးလီ ဖြစ်လာ
နေလို့ ကိုယ်ကျင့်တရားဆိုင်ရာ ကွန်မြူနစ်အဆုံးအမကလည်း ဖုန်တက် ခြကိုက်ဖြစ်လာနေပါပြီတဲ့။
တရုတ်တို့ရဲ့  ကွန်မြူနစ်ဝါဒဟာ ညညဆို နိုက်ကလပ်ကို သွားရတာနဲ့ ၊ အငယ်အနှောင်းလေးထားရ
တာနဲ့ ၊ လာဘ်လာဘကလေး ခုံမင်ရတာနဲ့ ၊ အစိုးရ ၀င်ထမ်းတပိုင်း စီးပွါးရေးလုပ်ငန်းရှင်တပိုင်း ဖြစ်
ချင်ရတာနဲ့  တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်ကြီးမှာ တော်တော်ကြီးကို ပြောင်းလဲလာနေတာပါ။

တရားတဲ့နည်းနဲ့ ပဲဖြစ်ဖြစ်၊ မတရားတဲ့နည်းနဲ့ ပဲဖြစ်ဖြစ် ကိုယ့်အတွက်ကိုက်ရင် ပြီးတာပဲဆိုတဲ့ စီးပွါးရေး
သောင်းကျန်းတဲ့ တရုတ်ပြည်သားတွေ သိသိသာသာများလာနေပြီဆိုပဲ။ အဲဒါကြောင့် အတုအပကုန်
ပစ္စည်းတွေ၊ ခိုးကူး၊ ခိုးထုတ်တဲ့နည်း ပညာဆိုင်ရာပစ္စည်း ဈေးကွက်က တရုတ် ပြည်မှာ သိပ်တွင်ကျယ်
ဆိုပဲ။ (နို့မှုန့်ကိစ္စသာ ကြည့်တော့) တရုတ်ပြည်မှာခေတ်စားတဲ့ အယူအဆတခုကလည်း ကြောင်ဖြူ
ချင်ဖြူမည်းချင်မည်း ၊ ကြွက်မိဖို့ သာ အဓိကပဲလို့ ဆိုသကိုး။


“တရုတ် တိုးရစ်”

ဘာပဲပြောပြော တရုတ်ပြည်သားတွေ အရင်ကထက် ချမ်းသာလာနေကြပါပြီ။ အခုဆိုကမ္ဘာလှည့်
ခရီးသွားတွေထဲ တရုတ်နိုင်ငံသားတွေ မကြာမကြာမြင်နေရပါပြီ။ တရုတ်မြန်မာနယ်စပ်က မူဆယ်
မြို့ ဆိုတာ တရုတ်နိုင်ငံသား ခရီးသွားတွေမကြာခဏ လာလည်နေတဲ့မြို့ ဖြစ်နေပါပြီတဲ့။ မူဆယ်
မြို့ လမ်းမတွေမှာ၊ ကားဂိတ်တွေမှာ သနပ်ခါးပါး ကွက်ကြားနဲ့  မြန်မာကလေးငယ်လေးတွေ၊ ခေါင်း
ရွက်ဗျက်ထိုးဈေးသည် လေးတွေကို သူတို့တွေက တအံ့တသြနဲ့ ဓါတ်ပုံတွေရိုက်ကြဆိုပဲ။ ကလေး
တွေဆိုလို့ တရုတ်နိုင်ငံမှာ ကလေးနဲ့ ပါတ်သက်တဲ့ ပြဿနာတခုရှိသေးတယ်။ အဲဒီပြဿနာက
တရုတ်တွေဒုက္ခပေးရင် အမေရိ ကန်ထက်ဆိုးလိမ့်မယ်ဆိုတာနဲ့  ပါတ်သက်နေတယ်လို့ ဆိုပါတယ်။


“သားရတနာ စိန်ခေါ်ချက်”

တရုတ်ပြည်မှာက လူဦးရေသိပ်များတော့ အိမ်ထောင်တခုမှာ ကလေးတယောက်ပဲယူရမယ်ဆိုတာ
နိုင်ငံတော်က ပြဌာန်းထားတဲ့ဥပဒေပါ။ ဒီဥပဒေကို ၁၉၇၉ခုနှစ်က စပါတယ်။ အဲဒီကာလကမွေး လာ
သူတွေဟာ အခုဆို အသက်သုံးဆယ်လောက်ရှိပြီ။ အရွယ်ရောက်ကုန်ကြပြီ ဆိုပါတော့။ ဖြစ်ပုံက
တရုတ်လူမျိုးဆိုတာ သိကြတဲ့အတိုင်း သားနဲ့ သမီးဆို သားကို ပိုလိုချင်သူတွေ။ ကိုယ်ဝန်ရှိလို့ သား
ယောက်ျားလေး မဟုတ်ရင် အများစုက ကိုယ်ဝန်ဖျက်ချကြပါသတဲ့။

ဒီလိုနဲ့ ပဲ တရုတ်မိသားစုတွေမှာ သားယောက်ျားလေးတွေထွန်းကားပြီး ဆွေမျိုးတွေကလည်းအဲဒီ
တဦးတည်းသော သားလေးတွေကိုပဲ တုန်နေအောင်ချစ်၊ ဖူးဖူးမှူတ်၊ အလိုလိုက် ခဲ့ကြပါသတဲ့။
အလိုလိုက်ခံရတဲ့ သားများရဲ့ ထုံးစံအတိုင်း ကိုယ်တော်ချောလေးများက ခေသူ များမဟုတ်ကြဘူးပေါ့။
မိဘဆွေမျိုးများအပေါ်ဆိုးကြ၊ နွဲ့ ကြသပေါ့။ မိသားစုတခုမှာ ရှင်ဘုရင် လေးတပါးစီရှိနေကြတယ်လို့
တောင် အမွန်းတင်ပြောတတ်ကြပါသတဲ့။ အခုတော့ အဲဒီသားတော်မောင်ကလေးများက အရွယ်ရောက်
လာကြပြီကော။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်လို့ ရတဲ့ အရွယ်ဝင်လာကြပြီကော။

အခုလောက်ဆို သဘောပေါက်လောက်ပြီ ထင်ပါတယ်။ တရုတ်ပြည်မှာ လူဆိုးလေးတွေ အရွယ်
ရောက် လာကြပါပြီ။ တနေ့  ဒီပုဂ္ဂိုလ်လေးတွေသာ တိုင်းပြည်ကိုအုပ်စိုးတဲ့ကာလ ရောက်လာရင်…
ဆိုတာ စိုးရိမ်တတ်သူတွေအတွက် ရင်လေးစရာကိစ္စ ဖြစ်နေပါသတဲ့။ ဒါဟာ တရုတ်ပြည်က ကျွန်
တော့မိတ်ဆွေ ကြိုတင်ပြီးအစိုးရိမ်လွန်နေတာလည်းဖြစ်နိုင်ပါတယ်၊ အဆိုးတရားကိုကြိုတွက်ပြီး ပြင်ဆင်
ထားနိုင်ရင် ရှေ့  ရေးအတွက် စိတ်အေးရတယ်လို့ပဲ ယူဆရမလား။


“ဆွေမျိုး ပေါက်ဖေါ်ဝါဒ”

ကျွန်တော်ကတော့ တရုတ်လူမျိုးတွေအပေါ် သိပ်ပြီး အစိုးရိမ်မကြီးမိသေးပါဘူး။ ကျွန်တော်က တရုတ်
သိုင်းကားဆိုလည်းကြိုက်။ တရုတ်ပန်းချီဆိုလည်းကြိုက်။ တရုတ်သမိုင်းဆိုလည်း စိတ်ဝင်စား။ တရုတ်
အစားအအစာကလည်းကြိုက်။ ကုန်ကုန်ပြောရရင် ကျွန်တော့ချစ်ဇနီးတောင် တရုတ်သွေး မကင်းပါ။

လောလောဆယ် စိုးရိမ်မိတာတခုကတော့ တရုတ်ပြည်မှာ မိန်းမထက် ယောက်ျားများနေတယ်
ဆိုတဲ့ ကိစ္စကိုပါ။ အခုကိုပဲသတင်းတွေ ကြားနေရပါပြီ။ မြန်မာမလေးတွေကို ဈေး ကောင်းကောင်း
ပေးပြီး တရုတ်အစ်ကိုကြီးများက ဇနီးမယားအဖြစ် မြန်မာပြည်နောက်ဖေး ပေါက်က ၀ယ်ယူနေကြ
ပါသတဲ့။ ကချင်မလေးတွေ၊ ရှမ်းမလေးတွေ၊ ရွှေညာသူမြန်မာ မလေးတွေတချို့ ကလည်း “မထူးပါ
ဘူးဟယ်” ဆိုပြီး တရားအားထုတ်၊ တရုတ်အားထား နေကြရပါသတဲ့။ စိုးရိမ်စရာ မကောင်းလားဗျာ။

တရုတ်နဲ့ မြန်မာ သွေးနှောကြတယ်ဆိုတာက အခုမှဖြစ်လာတာ မဟုတ်ဘူးလေ။ တရုတ်နဲ့ မြန်မာ
နှစ်နိုင်ငံက ဆက်ဆံရေးကောင်းဖို့လိုပါတယ်။ အိမ်နီးချင်းတွေ မဟုတ်လား။ မန္တလေးမြို့ ကြီးမှာ တရုတ်
တွေသိပ်များလာနေတဲ့ကိစ္စကတော့ ကျွန်တော်မျိုးလည်း မတတ်နိုင်ဘူးခင်မျာ။ မြန်မာတွေလည်း ထိုင်းတို့
မလေးရှားနိုင်ငံတို့မှာ များနေကြတာပဲ။ ကျွန်တော်ကိုယ်တိုင်တောင် သူများတိုင်းပြည်မှာနေနေရတာ
ဆယ်နှစ်ကျော်ကြာနေပေါ့။

တကယ်တော့ တရုတ်လူမျိုးတွေ ကိုယ့်ရပ်ကိုယ့်ရွာကိုစွန့် ပြီး ကမ္ဘာတခွင် ကျင်လည်နေကြတာ ဗိုလ်ချုပ်
အောင်ဆန်း မမွေးခင်ကတည်းကပါ။ စကားကြုံလို့ ပြောရရင် ရဲဘော်သုံးကျိပ် အမွိုင်ကိုသွားတဲ့ခရီးမှာ
သင်္ဘောနာမည်က ဟိုင်လီ တဲ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့  တရုတ်နာမည်က "တန်လူရှောင်" လို့  ခေါ်ပါသတဲ့။
အမွိုင်မှာ ဗိုလ်ချုပ်တို့ တော်လှန်ရေးသမားအချင်းချင်း အဆက်အသွယ်ပြတ်နေတဲ့အချိန် ပျင်းပျင်းရှိတာနဲ့ 
သူတို့ တည်းတဲ့ ဟိုတယ်နားက တရုတ်မလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းက လက်မောင်းကြွက်သားညှစ်ပြခဲ့
ပါသတဲ့။ (အထာပေးတယ်ပေါ့ဗျာ)

မိတ်ဆွေများခင်ဗျား။ ကျွန်တော်တို့ တန်ဘိုးထားပြီးဝတ်ဆင်နေကြတဲ့ အမျိုးသားဝတ်စုံ တိုက်ပုံအင်္ကျီဆိုတာ
တရုတ်အ၀တ်အစား စစ်စစ်ဖြစ်ပါကြောင်း နီးဟောင်မားလိုက်ရပါတယ်။ ၀မ်စွေ့ ပါခင်ဗျား။

(ရုပ်ပုံ ၊ ဂူဂလ်)

Friday, February 12, 2010

မြို့ ဖြူကြီး









နှင်းတွေနဲ့
လင်းနေတဲ့ညတွေ
တမြို့ လုံး
နှင်းပုံထဲမှာ အိပ်ရ ။

ခြောက်ခြားဖွယ်နှင်းတွေ
နေ့ရော ညရော ကျ
ငေးရင်း မောနေရတဲ့မြို့  ။

အပြင်မထွက်ကြနဲ့
သတိပေးသံတွေ
ညံနေတဲ့မြို့  ။

ကလေးတွေက ပျော်
နှင်းနဲ့ဆော့ရလို့ ။

လူကြီးတွေ
နှင်းကော်ရလို့
စိတ်ပျက်
နှင်းပိလို့
အိမ်ပြိုမှာလည်းစိုး ။

လူမည်းတွေများတဲ့မြို့ 
အခုတော့လည်း
နှင်းတောကြီးထဲ
ဖြူလို့ ဖွေးလို့ ။

(ဓါတ်ပုံ ၊ ငါ့ဟာပဲ)

Monday, February 8, 2010

တောပျော်












ဆူးတွေပေါတဲ့တော ဆိုတော့
ဆူးတော ပေါ့ကွာ ။

သတ္တိရှိပါတယ် ဆိုသူများ
ရိုးသားသူပါလို့ ကြွားသူများ
ငါကွ ဆိုသူများ
ဟိုဘက်က ကြွပါ ။

ဒို့ဆီမှာ
သူရဲကောင်းတွေကလည်း သိပ်များ
သံဃာတော်တွေကလည်း သိပ်များ
နတ်ကတော်
စစ်သည်တော်
တော်လှန်ရေးသမား
သူတောင်းစား
တရားသမားနဲ့
လူလိမ်တွေကလည်း သိပ်များ ။

အကုန်လုံး
ဟိုဘက်ကသာ ကြွပေးကြပါခင်ဗျား ။

လူလိမ်တွေဆိုတော့လည်း
အားလုံးက ခပ်တည်တည် ။

ဟိတ်
ဟိုနားက ကဗျာဆရာ
ပေါက်ကွဲပြမနေနဲ့
အရူးမှန်းသိအောင်
အမောက်ထောင်မနေနဲ့
ဒီမှာက
နင်လည်း ကဗျာဆရာ
ငါလည်း ကဗျာဆရာပဲ ။


နိုင်ငံခြားပြန်ကိုယ်တော်များ
ဟိုဘက်က ကြွပါဘုရား
နိုင်ငံခြားထွက်မယ့် ကိုယ်တော်များ
သိပ်မတိုးကြပါနဲ့ ဘုရား ။

ဟဲ့
ဒီခေတ်က
နိုင်ငံခြားပြန်ခေတ်
နင်လည်း Illegl
ငါလည်း Illegal
ဟိုစူပါစတားလည်း Illegal ပဲ ။

စီးပွါးရေးခေတ်ဟဲ့
အရောင်းစွံအောင်သာလုပ်
သိက္ခာက
တပိသာဘယ်လောက်မို့တုံး ။

လွှတ်လိုက်
လွှတ်လိုက်
နင့်သမီးကို အရောင်းစွံအောင်
ဟိုဘက်ကမ်းကို လွှတ်လိုက် ။

ပညာခေတ်ဟဲ့ ပညာခေတ်
ပညာရှိရင်ပြီးရော
စိတ်ကောင်းရှိဖို့မလို
ဝိတ်ကောင်းကောင်းနဲ့
ဟိတ်ကောင်းကောင်းရှိဖို့လိုတယ် ။

ဆူးတွေပေါတဲ့တောမှာ
မျောရင်လည်းမျော
မောရင်လည်းမော
ငါတယောက်တည်းပဲ
နေခဲ့မယ် ။

အကုန်လုံး
ဟိုဘက်ကသာ ကြွပေးကြပါခင်ဗျား ။

(ဓါတ်ပုံ ၊ ဂူဂလ် )

Sunday, February 7, 2010

နှင်းပင်










နွေဦးမပေါက်ခင်
နှင်းပင်တွေပေါက်တယ် ။

ခေါ်လာသူ မုန်တိုင်း
အဖြူရောင်တွေ သွန်ပြီး
ပြန်ထွက်သွား ။

နားအေးပါးအေးကာလ
မျက်စိတော့ကျိန်းတယ် ။

(ဓါတ်ပုံ ၊ ငါ့ဟာ)