Friday, May 25, 2012

အတွယ်အဖဲ့နဲ့ အပြောင်းအလဲ















(အပြောင်းအလဲ)

ပုဂ္ဂိုလ်ရေးကို အားပြုတဲ့နိုင်ငံရေးသဘာဝ မြန်မာပြည်မှာပြောင်းလဲဖို့
လေ့ကျင့်သင့်ပြီ။ ပြုပြင်ပြောင်းလဲရေးကိစ္စတွေထဲမှာ ဒါကလည်း အရေး
ကြီးတယ်။ ဒေါ်စုလည်း အသက်ကြီးပြီ မဟုတ်လား။ သူ့ကိုသဘောကျ
လို့ ထောက်ခံတာထက် သူ့ပါတီရဲ့လုပ်ရပ်ကို သဘောကျလို့ထောက်ခံ
တာမျိုး ဖြစ်သင့်ပြီ။ ဒေါ်စုကို ယုံကြည်တာထက် သူ့ပါတီကို ယုံကြည်တာ
မျိုးဖြစ်သင့်ပြီ။ ဒေါ်စုမရှိတော့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းက ပေါ်
နေတာကြာပြီ။ အခုချိန်ထိ အဖြေက ကျကျနန မရှိသေး။

မြန်မာ့နိုင်ငံရေးက လူပုဂ္ဂိုလ်တဦးတယောက်အပေါ် မှီတည်ပြီးဖြစ်နေခဲ့
တာ ဒီကနေ့အထိပဲ။ စစ်တပ်မှာလည်း ဗိုလ်ချုပ်မှုးကြီးမှ ဗိုလ်ချုပ်မှုးကြီး။
ဒီမိုကရေစီဘက်မှာလည်း ဒေါ်စုမှ ဒေါ်စု။ အခုလည်း သမ္မတကြီးမှ သမ္မ
တကြီးဆိုတဲ့ အသံတွေ ညံနေပြန်တယ်။ အာဏာကိုချုပ်ကိုင်ထားသူ
ဗိုလ်ချုပ်မှုးကြီးက ဘုရင်တပါးလို အာဏာရှိလာသလို။ တရားဝင်အာ
ဏာ မရှိပေမဲ့လည်း သူ့လောကမှာတော့ ဒေါ်စုက ဘုရင်မတပါးလို
နေရာရခဲ့တယ်။

ဒေါ်စုကိုထောက်ခံသူတွေထဲမှာလည်း ဒေါ်စုဘာလုပ်လုပ်၊ ဘာပြောပြော
အကုန်မှန်တယ်ဆိုပြီး မျက်စိမှိတ်ထောက်ခံသူတွေ အတော်များတယ်။
နိုင်ငံရေးအရ ထောက်ခံတာမျိုးမဟုတ်ပဲ ပုဂ္ဂိုလ်ရေးအရ ကိုယ်းကွယ်သလို
ဖြစ်နေတယ်။ အဲဒါကြောင့်လည်း ဒေါ်စုဟာ သာမန်နိုင်ငံရေးသမားထက်
သာလွန်တဲ့ အဆင့်မှာရောက်ခဲ့ရတယ်။

စစ်အုပ်စုကလည်း ဒီမိုကရေစီသမားမှန်သမျှ ထောင်ချ ရက်စက်ခဲ့ပေမဲ့
ဒေါ်စုကိုတော့ နေအိမ်အကျယ်ချုပ်ပဲ ချခဲ့တယ်။ ဒါကလည်း စေတနာနဲ့
သက်ညှာတာမျိုး မဟုတ်နိုင်ဘူး။ ဒေါ်စုကို အများနည်းတူ အင်းစိန်ထောင်
ထဲပို့လိုက်ရင် ပြည်တွင်းပြည်ပက ဖိအားတွေ အုံကြွလာနိုင်လို့ဖြစ်လိမ့်မယ်။
ဒီလိုနဲ့ဒေါ်စုဟာ (အခွင့်ထူးခံ) ကံကောင်းတဲ့နိုင်ငံရေးသမားဖြစ်ခဲ့တယ်။
စစ်တပ်က ဒေါ်စုနဲ့ဒီမိုကရေစီသမားတွေအကြား ခွဲခြားဆက်ဆံခဲ့ပေမဲ့ ဒီမို
ကရေစီသမားတွေက ဒေါ်စုကိုယုံကြည်မှု မလျှော့ခဲ့ဘူး။

(အတွယ်အဖဲ့)

စစ်အစိုးရလက်ထက်မှာ ဒေါ်စုကို ရစရာမရှိအောင် နိုင်ငံရေးအရ တိုက်
ခိုက်ခဲ့တယ်။ နိုင်ငံတော်ပိုင် သတင်းမီဒီယာအစုံက ထိုးနှက်တိုက်ခိုက်ခဲ့
တာ။ နိုင်ငံရေးတင်မက ပုဂ္ဂိုလ်ရေးကိစ္စတွေကိုပါ အပီအပြင် “တွယ်”ခဲ့
တာ။ ပြည်သူအများက ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့သူကို အဲ့သလို
“တွယ်”ရမလားဆိုပြီး အတော်“ဒေါပွ”ခဲ့ကြတယ်။ နိုင်ငံပိုင်သတင်းစာမှာ
အဆင့်အတန်းမရှိတဲ့ ဝေဖန်ရေးတွေပါလာတာဟာ တိုင်းပြည်သိက္ခာကို
ထိခိုက်စေတယ်လို့ စစ်အုပ်စုက မသိရှာဘူး။ သူတို့က ရန်သူဆိုရင် “တွယ်”
ဖို့နဲ့ “ဆော်”ဖို့ပဲ သိရှာတယ်။

စစ်အစိုးရခေါင်းဆောင်တွေက အရပ်ဝတ်လဲပြီး တရားဝင်အစိုးရဖွဲ့လှုပ်ရှား
လာတဲ့နောက်ပိုင်း ဒေါ်စုကို“တွယ်”တဲ့ဇတ်လမ်း တခန်းရပ်သွားခဲ့တယ်။
ဒါပေမဲ့ ဒေါ်စုကရွေးကောက်ပွဲဝင်ပြီး လွှတ်တော်တက်ဖို့ဆုံးဖြတ်ခဲ့တဲ့နောက်
ပိုင်းမှာတော့ ဒေါ်စုကို “ဖဲ့”တဲ့အသံတွေ အွန်လိုင်းလောကမှာ ကြားလာရ
တယ်။စစ်အုပ်စု လိုလားသူတွေသာမက စစ်အုပ်စုမလိုလားသူ (ဒီမိုကရေစီ
ရေးထောက်ခံသူတွေထဲကပါ) ဒေါ်စုကို တိုက်ခိုက်လာကြတယ်။ နိုင်ငံရေး
တင်မက ပုဂ္ဂိုလ်ရေးအရပါ အပီအပြင်“ဖဲ့”လာကြတယ်။ ဒီလူတွေက ဒေါ်စု
ကို အရင်က ယုံကြည်ထောက်ခံခဲ့သူတွေ။ အခုတော့ မုန်းရင် အပြတ်မုန်း။
ချစ်ရင် အပြတ်ချစ်ဆိုတာမျိုးတွေ ဖြစ်ကုန်တယ်။

တကယ်ဆို နိုင်ငံရေးအရ မှားတယ်၊ လွဲတယ်လို့မြင်ရင် နိုင်ငံရေးဆန်ဆန်
အဆင့်အတန်းရှိရှိ ဝေဖန်သင့်တယ်။ ဒီလိုသာဝေဖန်ကြရင် အပြစ်တင်စော
တဲ့အသံတွေနဲ့အတူ ဂရုစိုက်ခံရမှုနဲ့ လေးစားမှုတွေလည်း ရလာနိုင်တယ်။
ဝေဖန်ချက်က ပိုပြီးထိရောက်နိုင်တယ်။ အစွန်းတဘက်ထိရောက်အောင်
သွားပြီး ပုဂ္ဂိုလ်ရေးအရ“ဖဲ့”ကြတော့ အဆင့်မရှိတဲ့ရန်ဘက်တွေပဲ တိုးလာ
တယ်။ ထောက်ပြတဲ့အချက်က ကောင်းပေမယ့် ပြောပေါက်ဆိုပေါက်က
“ဖဲ့”သလိုဖြစ်နေတော့ စေတနာမမှန်ဘူးလို့ အမြင်ခံရတယ်။ အလုပ်မဖြစ်
ဘူးပေါ့။ ကိုယ့်ဝေဖန်ချက် တန်ဘိုးလျှော့တာပေါ့။ ထိရောက်တဲ့ ဝေဖန်မှုတွေ
ထွန်းကားလာစေချင်လို့ ပြောနေတာပါ။ တိုင်းပြည်ကောင်းကျိုးအတွက်
အစိုးရတင်မက ဒေါ်စုနဲ့သူ့ပါတီကိုလည်း ဝေဖန်ထောက်ပြတာတွေ တာဝန်
အရကို လုပ်ဖို့လိုတယ်။

(အချစ်အမုန်း)

မြန်မာ့နိုင်ငံရေးလောကမှာ ပုဂ္ဂိုလ်ရေး အစွန်းရောက်ယုံကြည်မှုတွေ ရှိနေ
တာက နိုင်ငံရေးအင်အားစုကို ယုံကြည်အောင် မကြိုးစားပဲ လူတဦးထဲကို
အလွယ်တကူယုံကြည်ခဲ့တဲ့ အကျင့်ကြောင့်ပါ။ ဒီအလေ့အထက မကောင်း
ဘူး။ ဒီမိုကရေစီကိုသွားတဲ့အခါမှာ ဒီလိုအလေ့အထကို ခပ်စောစောကတည်း
က ဖြတ်ထားနိုင်မှ။ (ဒေါ်စုကို မယုံနဲ့လို့ ပြောတာမဟုတ်ဘူးနော်) ဘာကိုမဆို
အလွယ်တကူ ကိုးကွယ်ယုံကြည်တတ်တာက မြန်မာတွေရဲ့ဓလေ့လိုဖြစ်နေ
တယ်။ ဝေဖန်ဆန်းစစ်တဲ့အသိနဲ့ နိုင်ငံရေးအမြင်ကို ထူထောင်ရမယ့်အချိန်
ရောက်ပြီ။ ဒီလိုမဟုတ်ရင် လူစွမ်းကောင်းမျှော်တဲ့အကျင့်က မြန်မာတွေထဲ
ဆက်ပြီးစွဲနေလိမ့်မယ်။

ဒေါ်စုလည်း သနားပါတယ်။ အမုန်းလွန်အစွန်းနဲ့ အချစ်လွန်အစွန်းရောက်
သမားတွေရဲ့ နှစ်ဘက်ခွဆွဲတာ တောက်လျှောက်ခံနေရတယ်။ ဒီအတိုင်း
ဆက်သွားရင် သူလည်း မလွယ်ဘူး။ ငါလည်း မလွယ်ဘူး။ နင်လည်း မလွယ်
ဘူး။ အလုပ်မဖြစ်တဲ့ အကျင့်တွေ၊ စံနစ်တွေကို အခုချိန်မှာ မပြောင်းရင် ဘယ်
အချိန်ကျမှ ပြောင်းကြမလဲ။ အလိုလိုကမှ အရာရာမှာ နောက်ကျနေရတဲ့ အထဲ။
မီးတွေပျက်နေရတဲ့ အထဲ။ သမ္မတဂျီး နေမကောင်းဖြစ်နေရတဲ့ အထဲ။ သမ္မတ
အကျန်ပေးက ဖရောင်းတိုင်မီး ပူဇော်ခိုင်းနေရတဲ့ အထဲ ။

(ရုပ်ပုံ ၊ ဂူဂလ်)

Tuesday, May 22, 2012

မီးပျက်တာများ အဆန်းလုပ်လို့














ဖရောင်းတိုင်မီးတွေနဲ့ လူတွေ လမ်းပေါ်ထွက်ကုန်ကြပြီတဲ့ဆိုလို့ ဘာများလဲ
မှတ်တယ်။ မီးမလာလို့ ဆန္ဒပြကြတာကိုး ။ မြန်မာပြည်မှာ မီးမလာတာများ
အဆန်းလုပ်ပြီး ဆန္ဒပြရတယ်လို့ ။ အရင်တုန်းက မီးမလာတဲ့အဖြစ်မျိုး မကြုံ
ဖူးတာကျနေတာပဲ။ “ဒီမိုကရေစီ နောက်မှလုပ်၊ မီးလာအောင်အရင်လုပ်” ဆို
လား။ ဆန္ဒပြသူတဦးရဲ့ကြွေးကြော်ချက်ပါ ဓါတ်ပုံကလည်း အတော်ပြန့်နှံ့နေ
ပါရောလား ။ ဒီပုဂ္ဂိုလ်က လူ့ဘ၀မှာ ဒီမိုကရေစီထက် လျှပ်စစ်မီးက ပိုအရေး
ကြီးပါလားလို့ သဘောပေါက်ထားပုံရတယ်။ မြန်မာပြည်မှာ ပြောင်းလဲနေတာ
တော့ အမှန်ပဲ။ ဆန်းဆန်းပြားပြား မီးမလာလို့ ဆန္ဒပြကြသတဲ့။ အံ့ရော။

အစိုးရမင်းများကလည်း ပြည်သူတွေကို ကြောက်ပဲကြောက်နေကြတာလား။
သဘောပဲ ကောင်းလွန်းနေတာလား။ ဘယ်လောက်အထိ လုပ်ကြမလဲဆိုပြီး
စောင့်ကြည့်နေတာလား။ အာဏာထပ်သိမ်းနိုင်အောင်များ လွှတ်ပေးထား
တာလား။ ဒီမိုကရေစီကို တကယ်ပဲကျင့်ကြံနေတာလား။ လူယုံအောင်သဘော
ထားကြီးပြနေတာလား။ တခုခုတော့ တခုခုပဲ။

အရင်ကဆို ကုန်ဈေးနှုန်းကြီးနေလို့ ကျအောင် လုပ်ပေးပါလို့ လူတစုက တောင်း
ဆိုမိပါတယ်။ ဖမ်းလိုက် ဆီးလိုက်တာ ဘာပြောကောင်းမလဲ။ အခုအစိုးရလုပ်နေ
တဲ့သူတွေပဲ ဖမ်းခဲ့ကြတာပေါ့။ အခုတော့လည်း သောင်းကျန်းသူတွေလက်ချက်
ကြောင့် မီးပေးချင်လှပေမဲ့ မပေးနိုင်တဲ့အကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ပြည်
သူအများကို အထူးမေတ္တာပန်ကြားလိုက်ပါသတဲ့။ ဒီအစိုးရတဖွဲ့လုံး နိုဘလ်ဆု
ရတော့မယ်ထင်တယ်။ သမ္မတကလည်း သဘောကောင်းလိုက်တာတဲ့။ သမ္မတ
ကြီး သမ္မတကြီးနဲ့ ဖူးဖူးမှုတ်နေကြလေရဲ့။

မြန်မာပြည်မှာ လျှပ်စစ်မီးပြဿနာတက်နေတာ ကြာပေါ့။ သမိုင်းတလျှောက်လုံး
တက်နေတဲ့ပြဿနာ။ လျှပ်စစ်ထုတ်တဲ့ လောပီတနယ်မှာ မီးမရှိဘူးဆိုကတည်းက
သဘောပေါက်။ နောက်ပိုင်းမှာထွက်လာတဲ့ သဘာဝဓါတ်ငွေ့ကိုလည်း ပြည်သူ
တွေသုံးဖို့က နည်းနည်း။ နိုင်ငံခြားရောင်းစားဖို့က များများလုပ်ခဲ့တာ မဟုတ်လား။
ထိုင်းနိုင်ငံရောက် မြန်မာတွေကြားမှာ အပျော်အပျက်ပြောတတ်ကြတဲ့စကားတခု
ရှိတယ်။ အခုမှပဲ ကိုယ့်မီးနဲ့ကိုယ် ၂၄နာရီမပြတ် နေနိုင်တော့တယ်တဲ့။ ထိုင်းမှာသုံး
တဲ့လျှပ်စစ်ဓါတ်အတော်များများက မြန်မာပြည်ကလာတာကိုး။ အဲဒါကြောင့် မြန်မာ
ပြည်မှာ မီးမရဘူးဆိုရင် ထိုင်းဘက်ကိုလာခဲ့ကြပါလားလို့ ဖိတ်ခေါ်ရမလိုဖြစ်နေပြီ။

အရင်ခေတ်တွေတုန်းကတော့ ဆန္ဒပြကြတဲ့အခါ “မီးဒုတ် မီးဒုတ် ရှို့ရှို့”လို့ အော်
ကြတယ်။ အဲဒီအချိန်က လျှပ်စစ်မီးဆိုတာ မရှိသေးဘူးကိုး။ အဲ့ဒီလိုအော်တာက
လည်း မီးမလာလို့ မဟုတ်ဘူး။ ကိုလိုနီစံနစ်ကို တိုက်ထုတ်ဖို့ လှုန့်ဆော်တဲ့အသံ။
အခုကာလမှာ မီးဒုတ် မီးဒုတ် ရှို့ရှို့ဆိုရင်တော့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်း
ရေးသမားတွေက စိတ်ဆိုးကြလိမ့်မယ်။ အလိုလိုကမှ သစ်တောတွေပြုန်းလို့
တောင်တွေ ကတုံးဖြစ်နေရတဲ့အထဲ။ ဘယ်လိုပဲဖြစ်ဖြစ် မူလဘူတဓါတ်ကြီးလေး
ပါးမှာ မီးဟာလည်းအရေးကြီးပေသမို့ ဆန္ဒတွေပြကြလို့ မီးတွေလာရင်တော့
ကောင်းသပေါ့လေ။

အစိုးရက ဆန္ဒပြတာတွေကို ခွင့်ပြုလာတာတော့ ဟုတ်ပါပြီ။ ဆန္ဒတွေပြည့်အောင်
လုပ်ပေးဖို့က ပိုအရေးကြီးတယ်ဆိုတာ သဘောပေါက်ရဲ့လားမသိ။ အခုတကြိမ်
မီးမလာတာ ဓါတ်တိုင်လေးခု မိုင်းခွဲခံရလို့ဆိုတော့ မိုင်းထောင်သူကိုပဲ အပြစ်တင်
ရမလိုလို။ အမေရိကန်ကုမ္ဗဏီအကူအညီနဲ့ မီးလာအောင်လုပ်နေတယ်ဆိုလို့ အမေ
ရိကန်ကိုပဲ ကျေးဇူးတင်ရမလိုလို။ ရေကာတာစီမန်ကိန်းတွေကို ကန့်ကွက်မိတာပဲ
မှား သလိုလို။ သဘောကောင်းတဲ့ အစိုးရကိုပဲ အားနာရမလိုလို။ ဟိုလိုလို ဒီလိုလိုနဲ့
အဆုံးမရှိဖြစ်နေတဲ့ ဇတ်လမ်းတွေက မြန်မာပြည်မှာ ခပ်များများ မဟုတ်လား။

ဒီမိုကရေစီရရှိရေးဆိုပြီး ဆန္ဒတွေပြခဲ့ကြတာ နှစ်တွေကြာပေမဲ့လည်း အာဏာရှင်
တွေက မပေးတော့ မရဘူး။ အဲဒီတော့ အညာဆန္ဒပြပွဲက မီးအခွင့်အရေးတောင်း
သူလို ဒီမိုကရေစီကို နောက်မှလုပ် မီးလာအောင် အရင်တောင်း ။ မီးရရင် ရေရ
အောင် ထပ်တောင်း။ ရေရရင် အလုပ်ရအောင် ထပ်တောင်း။ ဒီလိုနဲ့ ဟိုဟာတောင်း
လိုက် ဒီဟာတောင်းလိုက်နဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကိုပါ တဆက်ထဲတောင်း
သွားရင်းနဲ့ရလည်း ကောင်းရော မှုတ်လား။ ဒီနည်းက ပိုပြီးမြန်လေမလားပဲ။ ကိုင်း....
မီးဒုတ်...မီးဒုတ်....ရှို့...ရှို့ ။ ဆန္ဒ...ဆန္ဒ..ပြ...ပြ ။ မီး..မီး..မြန်မြန်ပေး ။ ရရင် ရ... မရရင်...
ချ ။ ရရ... မရရ.... ချ ။

(ရုပ်ပုံ ။ ဂူဂလ်)

Thursday, May 17, 2012

အမှန်တွေ မှားတဲ့သတင်း















အမှန်တွေ မှားတဲ့အခါ။ အစွန့်ပယ်ခံဘုရားတွေနဲ့ လူပိုဖြစ်သွားတဲ့ဘုန်းကြီးတွေ
အရေးပေါ်အစည်းအဝေးခေါ်ကြ။ သစ္စာဖေါက်ဖြစ်သွားတဲ့ သူရဲကောင်းတွေနဲ့
အစိုးရမင်းဖြစ်လာတဲ့ လူလိမ်တို့အဆွေခင်ပွန်းဖွဲ့ကြ။ လွှတ်တော်အမတ်ဖြစ်
လာတဲ့ လေလံသမားက ဆင်းရဲသားအမတ်တွေကို ညစာခဏခဏ ခေါ်ခေါ်
ကြွေး။ ပြည်ပြေးဖြစ်ရတဲ့ မျိုးချစ်တွေနဲ့ အကျဉ်းသားဖြစ်ရတဲ့ ကဗျာဆရာတွေ
အရက်သောက်ရင်း နိုင်ငံတော်သီချင်းကို ကြေကြေကွဲကွဲ မူးပြီးအော်ဆိုကြ။
ကြားပွဲစား စေ့စပ်ရေးသမားတွေနဲ့ ထောက်လှန်းရေးတွေ ၀ှက်ဖဲချင်းလဲကြ။
အလှူရှင်ယောင်ဆောင်ထားတဲ့ စီးပွါးရေးသမားက စုံစမ်းထောက်လှန်း။
ဈေးကွက်ဖွင့်ဖို့ အကွက်ချောင်း။

အမှားတွေ မှန်တဲ့အခါ ။ သတင်းတွေကို အပျင်းဖြေဖို့ နားထောင်။ (သတင်းတွေက
ရယ်ရတာကိုး) ။  အရင်တုန်းကတော့ လက်နက်ကိုင်၊ အခုတော့ အလှူခံခွက်ကိုင်။
ဘိန်းရောင်းပြီး သူဌေးဘွဲ့ခံသူနဲ့ လူကုန်ကူးလို့ ချမ်းသာသူတွေက ဘဏ်တွေ တခု
ပြီးတခုဖွင့် (ဆင်းရဲသားတွေ အနေချောင်ဖို့တဲ့)။ တော်လှန်ရေးသမားတွေကလည်း
NGOတွေအပြိုင်အဆိုင်ထောင်။ ဘေးမှာနေတဲ့ရှေ့နေတွေက နောက်မှာနေဖို့ဆုံး
ဖြတ်။ (ပိုပြီးတွက်ခြေကိုက်လိုက်လို့တဲ့)။ ကောသလအိပ်မက် ၁၆ချက်ကို နိုင်ငံရေး
ဦးတည်ချက်အဖြစ် အကောင်အထည်ဖေါ်ကြ။ စစ်သည်တော်တွေရဲ့အိပ်မက်က
တော့ တိုင်းပြည်ကိုကာကွယ်ဖို့ အာဏာသိမ်းကြစို့တဲ့။

ဖေါက်ပြန်တဲ့ အမှန်ကို ကိုးကွယ်မိသူတွေကတော့ နောင်တတွေ အထွေးလိုက်ရပြီး
မူးလည်း ဆဲ၊ မမူးလည်း ဆဲ။ အမှားကို အမှန်ဖြစ်လာအောင် မွေးမြူခဲ့သူတွေကတော့
ဂုဏ်သိက္ခာထွားထွားနဲ့ တိုင်းပြည်ကို ဦးဆောင်။ ကိုယ့်ပေါင်ကို လှန်ပြီးထောင်းရမှာ
ရှက်သူတွေကတော့ ဘာသာရေးယောင်ယောင်၊ ပညာတတ်ယောင်ယောင်နဲ့ လူလိမ်
တွေဖြစ်လို့ ဖြစ်မှန်းမသိ။ ဆင်ရဲ့နားရွက်ကို ယပ်တောင်လို့ ဟောခဲ့သူတွေကလည်း
တိုင်းပြည်ရဲ့ မျက်စိကြီးနားကြီးတွေ ဖြစ်လိုဖြစ်။ နိုင်ငံတော်အလံတွေကို တမျိုးပြီးတမျိုး
ပြောင်းလို့ အလေးပြုကြ။ အမှန်တွေမှားတဲ့အကြောင်း သတင်းတွေကတော့ မထူးတဲ့
သတင်းမို့ လူတွေစိတ်မ၀င်စားတော့ပါ။

ကမ္ဘာမကြေသီချင်းကို ခပ်တည်တည်နဲ့ ဆက်ပြီးဆိုနေရှာတဲ့ နိုင်ငံငယ်တခု။ စကား
ပြောရင် ဗိုလ်လိုညှပ်ပြောလိုက်ရမှ ကျေနပ်ရှာတဲ့ လူမျိုးစု။ အမှန်တွေက မှားလိုက်၊
အမှားတွေက မှန်လိုက်နဲ့။ တိုင်းပြည်အတွင်း တိုးတက်ရာ တိုးတက်ကြောင်း စိတ်ကြွ
ဆေးတွေသောက်ပြီး ပြောမဆုံးပေါင် တောသုံးထောင်။

တော်လှန်ရေးခရီးမှာ ကျဆုံးခဲ့ရသူများကလည်း မဖွင့်သေးတဲ့ ကုန်တိုက်ရှေ့မှာ တိုး
ကြိတ်ကာ တန်းစီနေလေရဲ့။ (သူတို့အတွက် ပန်းခြံလေး တခုတလေ ရလိုရငြားပေါ့) ။

(ရုပ်ပုံ ၊ ဂူဂလ်)