Monday, May 30, 2011

ရေတံခွန်စီးပွါးရေး












နိုင်ငံနှစ်ခုအကြားက နီအာဂါရာ ရေတံခွန်ကြီးဆီ ရာက်ခဲ့တဲ့အကြောင်း ပြောခဲ့ပြီးပြီ။
အခုတဖန်ဆက်ပြီး ဖျော်ဖြေဦးမှာကတော့ ရေတံခွန်ကို အမှီပြုပြီး စီးပွါးရေးလုပ်ကိုင်
စားသောက်ကြပုံများပါပဲ။ စီးပွါးရေးအကြောင်း ပြောမယ်ဆိုတော့ ပညာရပ်ဆန်ဆန်၊
စာတမ်းဆန်ဆန်တွေ လာလိမ့်မယ်လို့ မထင်ပါနဲ့။ စီးပွါးရေးအကြောင်း ဒို့နားမလည်ပါ။
သို့သော် မတူကွဲပြားတဲ့အကြံအညဏ်များနဲ့ လုပ်ကိုင်စားသောက်ကြပုံများက စိတ်ဝင်
စားဖို့ကောင်းသမို့ မျှဝေချင်တဲ့သဘောပါပဲ။

ရေတံခွန်ကြီးက ကနေဒါနဲ့ အမေရိကန်အကြား ရှိနေတာမို့ နှစ်နိုင်ငံပိုင် ပစ္စည်းကြီးဖြစ်
နေပါတော့တယ်။ ဒီပစ္စည်းကြီးက လှလည်းလှ၊ ကြီးလည်းကြီး၊ ရင်သပ်ရှုမောဖွယ်လည်း
ကောင်းဆိုတော့ လူသူအများ လာရောက်ငေးမောစရာ ပစ္စည်းကြီးဖြစ်နေပါလေရော။ စီးပွါးရေးအမြင်နဲ့ကြည့်ရင် ဒီရေတံခွန်ကြီးဟာ ငွေတွင်းကြီးပါပဲ။ ဒီငွေတွင်းကြီးကို နှစ်
နိုင်လုံးက အပိုင်အနိုင် တူးကြပါလေတယ်။ စီးပွါးများလည်း ဖြစ်ကြပါလေတယ်။

ပြောချင်တာက စီးပွါးရှာပုံချင်း ကွဲပြားကြတာကိုပါ။ ရေတံခွန်ရဲ့အလှကို ကနေဒါ
ဘက်ခြမ်းက ပိုမြင်ရပါတယ်။ အဲဒီတော့ အလှကိုငေးကြည့်နိုင်ဖို့ ကနေဒါဘက်က
တောင်ကမ်းပါးယံတလျှောက်မှာ လမ်းလျှောက်ကောင်းအောင် ပန်းခြံတခု ဖန်တီး
ပေးထားပါတယ်။ ပန်းခြံထဲကတဆင့် လျှောက်ရင်းငေး ငေးရင်းလျှောက်စံနစ်နဲ့ပါ။











အမေရိကန်ဘက်က ရေတံခွန်အလှကို မြင်ရသော်ညား ကနေဒါဘက်ကမ်း
လောက် မလှရှာပါလေ။ အဲဒီအားနည်းချက် ရှိပေသော်ညား အမေရိကန်က
ခရုမှာလည်း အဆန်နဲ့ ဆိုသလို အားကောင်းချက်ရှိအောင် ဖန်တီးထားပါတယ်။
အဲဒါကတော့ သူ့ဘက်ခြမ်းက ရေတံခွန်တွေကို ဧည့်ပရိတ်သတ်တွေ ကိုယ်တိုင်
ထိတွေ့ခံစားနိုင်အောင် တောင်ကမ်းပါးယံစွန်းမှာ ရေတံခွန်နဲ့အပြိုင် အပေါ်ကနေ
အောက်အထိ လှေကားတွေ ထိုးပေးထားတာပါပဲ။ ရေတံခွန်စီးကျနေတာကို အနီး
ကပ် မြင်တွေ့ယုံမက ရေမှုန်တွေကြားမှာ ပျော်ရွှင်နိုင်ပါသော်ကော။












နောက်တခုလည်း ရှိသေးသဗျ။ ကမ်းပါးအစပ်ကနေ မြစ်အတွင်း ကုန်းပေါင်
တချောင်းထိုးထားသလို တံတားတိုတခု ငေါငေါကြီးထိုးထားပြီး အဲဒီပေါ်ကနေ
လူတွေကြည့်နိုင်အောင် စီစဉ်ထားတာပါပဲ။ အဲဒီအပေါ်တက်ခတော့ ပေးရသပေါ့။











အဲသလို မတူညီတဲ့ခံစားချက်တွေ ကြုံနိုင်အောင်လုပ်ဖို့က တနိုင်ငံဘက်ခြမ်းထဲ
သွားယုံနဲ့ မလုံလောက်ဘူး။ ကနေဒါဘက်က လာသူများကလည်း အမေရိကန်
ဘက်ကို ကူးပြီးကြည့်လေမှ။ အမေရိကန်ဘက်ခြမ်းက လာသူများကလည်း
ကနေဒါဘက်ကို ကူးကာရှုလေမှ အလုံးစုံသော အလှအပများကို မြင်တွေ့ခံစား
နိုင်ကြပေလိမ့်မယ်။ ဒီလိုနဲ့ ခရီးသွားဧည့်သည်များခင်မျာ နှစ်နိုင်ငံအကြား ဗျာ
များကာ ပျော်ပါးမြူးတူး၍ ကူးလူးလှုပ်ရှား နေတော့တယ်။

နှစ်နိုင်ငံအကြား ရေတံခွန်ကိုငေးကာ ကူးကြရင်း ဟိုဘက် သည်ဘက်က ရောင်း
သမျှ အမှတ်တရပစ္စည်းတွေ ၀ယ်ကြ သုံးကြရင်း နယ်စပ်တကြောမှာ မျောကြလေ
ကုန်သတည်း။ နယ်စပ်တကြောမှာ ကာစီနို လောင်းကစားရုံကြီးများကလည်း
တဟည်းဟည်း ရှိကြလေသတည်း။ အဲသမှာ လူအများ စည်ကား ပျော်ပါးကြ
လေသတည်း။

မတူတာတွေကြားက တူညီတဲ့အချက်တခုကိုလည်း ချန်လှပ်မထားပဲ တင်ပြပါဦး
လတ္တံ့။ မြစ်အတွင်းကတဆင့် ရေတံခွန်ကြီးရဲ့အောက်ကို နှစ်ထပ်သင်္ဘောနဲ့ခရီး
ထွက်ကြတဲ့ စီးပွါးရေးကတော့ နှစ်ဘက်လုံးက လုပ်ကြရှာလေသတည်း။ အနယ်
နယ်အရပ်ရပ် နိုင်ငံအစုံစုံမှ လာကြကုန်သော လူသူအပေါင်းတို့သည်လည်း ရေ
တံခွန်ကြီးတ၀ိုက် သွားကြ နားကြရင်း သုံးကာဖြုန်းကာ နေကြလေတော့သတည်း။

(ရုပ်ပုံ ၊ အီစကို)

Sunday, May 29, 2011

စပ်ကြား












မတူတာနှစ်ခု ထိစပ်ကြတဲ့အခါ အဆက်အစပ်ဖြစ်သွားတဲ့နေရာက စိတ်ဝင်စား
ဖို့ကောင်းတဲ့ သဘာဝတမျိုး ဖြစ်လာတတ်ပါတယ်။ အရောင်နှစ်မျိုးရောတဲ့အခါ
ဒီလိုထူးခြားချက်ကို အလွယ်တကူ မြင်နိုင်ပါလိမ့်မယ်။ အဲဒါကို “စပ်ကြားအရောင်”
လို့တောင် သီးသန့်နာမည်တတ်ပြီး ခေါ်ကြပါတယ်။

မတူတဲ့လူမျိုးနှစ်ခုပေါင်းစပ်ပြီး ထွက်ပေါ်လာတဲ့ နောက်တမျိုးကိုတော့“ကပြား”လို့
ဆိုကြပြန်တယ်။ ကြားဖူးကြမှာပေါ့ ဗိုလ်ကပြားတို့၊ တရုတ်ကပြားတို့ ဆိုတာတွေ။
ကပြားလေးတွေက ချောတတ်သတဲ့။ ကြားနှစ်ကြားကို မသွားကောင်းဘူးလို့လည်း
ကြားဖူးတယ်။

( သကြားမင်း။ ။ အို..အသင်စာရေးသူ..။ သင် ဘာကိုရေးချင်၍ ဤသို့ရှည်လျှား
ထွေပြားနေရသနည်း။ ရှင်းလော့ အမြန်။

စာရေးသူ။ ။ အို...အသင်သကြားမင်း..။ ငါရေးလိုသည်ကား ကနေဒါနှင့်အမေရိ
ကန် နယ်စပ်အကြောင်းပင်တည်း။

သကြားမင်း။ ။ ဒါဆိုလည်း ရေးလိုရာ အမြန်ရေးရော့လဟယ်။ ရှည်လျှားပေများ
ရင် စာဖတ်သူအတွက် အချိန်ကုန်သဟဲ့။

စာရေးသူ။ ။ ဟုတ်ပါလပြီ အသင်သကြားမင်း။ တချို့သူများက အရစ်ကလေးနဲ့
မှ ကြိုက်တော်မူ၍ အခုလို အခင်းအကျင်းနဲ့ သိုင်းနေ၀ိုင်းနေရပါကြောင်း...။

သကြားမင်း။ ။ သယ်....ငါလုပ်လိုက်ရ။ တော်..တန်..တိတ်။ အကြော်ပန်းကန် ဖိတ်။
အော်လံ ပိတ်၍ ရေးလေတော့။)

ဤသို့ မဆီမဆိုင်အရာများကို ပိုပြီးရှည်အောင် ရေးပြီးသကာလ။ လိုရင်းကို တိုရှင်း
ပါတော့မယ်။

ဟိုတနေ့က ကနေဒါနယ်စပ်ကို ရောက်ခဲ့တယ်။ ကနေဒါရဲ့နယ်စပ်မြို့က ဟန်မီလ်
တန် ။ သူနဲ့ကပ်လျှက် အမေရိကန်နယ်စပ်မြို့က ဘတ်ဖဲလိုး။ အပေါ်မှာ မြင်ရတဲ့ပုံ
က နှစ်နိုင်ငံကြားက နယ်စပ်တံတား။ ဘာကိုသွားပြီး သတိရသလဲဆိုတော့။ ထိုင်း
မြန်မာနယ်စပ် မဲဆောက်မြ၀တီ။ ဘာကြောင့်တုံးဆိုတော့ အခြေအနေက သွားတူ
နေလို့။ ဘာအခြေနေတုံးဆိုတော့ တိုးတက်ဖွင့်ဖြိုးမှု မတူတဲ့အခြေအနေ။ (ကဲ..
ရှင်းစမ်းပါဦး။)

ဘတ်ဖဲလိုးမြို့က စီးပွါးရေးအခြေအနေ မကောင်းဘူး။ မြို့ပျက်ကြီးလိုပဲ။ တိတ်လို့
ဆိတ်လို့။ မွဲလို့ ခြောက်လို့။ ကျို့တို့ ကျဲတဲ။ မြန်မာပြည်ဘက်ခြမ်းက မြ၀တီမြို့လိုပ။
အွန်တေရီယိုကတော့ ဆန့်ကျင်ဘက်။ သာလို့ ယာလို့။ စည်လို့ ကားလို့။ ပေါလို့
ကြွယ်လို့။ လှလို့ ပလို့။ ထိုင်းဘက်ခြမ်းက မဲဆောက်မြို့လိုပ။ အဲဒီနှစ်နိုင်ငံနယ်စပ်
အကြားမှာ နာမည်ကျော် နီအာဂါရာ ရေတံခွန်ကြီးရှိတယ်။ ကြည့်လို့ကောင်းတယ်။
လူသူအများနဲ့ အမြဲလိုလို စည်ကားနေတတ်တဲ့ နေရာကြီးပေါ့ကွယ်။











(ရုပ်ပုံ ၊ ဟဲ..ဟဲ..ဟဲ)

Tuesday, May 24, 2011

တောရောက်တောင်ရောက်










တခါတခါ ဘာရေးရမှန်း မသိ ဖြစ်တတ်တယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲ
စဉ်းစားတော့ ရေးစရာအကြောင်း မရှိလို့ မဟုတ်။ ရှိသမှ သိပ်ကိုများနေလို့
ရွေးရခက်နေတာရယ်။ ရေးရမယ့်အကြောင်းအရာကို သိပ်ပြီး စိတ်မပါသေး
တာရယ်။ ရေးမယ့်အကြောင်းအရာက အခြေအနေ အချိန်အခါနဲ့ သိပ်ပြီး
မအပ်စပ်ဘူးလို့ ယူဆတာရယ်တွေကြောင့် ရေးမလိုလုပ်ပြီးခါမှ မရေးဖြစ်ပဲ
ထားလိုက်ရတော့တယ်။

ပြုံးဖို့ကောင်းတာက အခုရေးနေတဲ့အကြောင်းဟာ စာမရေးဖြစ်ဘူးဆိုတဲ့
အကြောင်းကို ရေးနေတာပဲ။ ဟိုတလောကလည်း စာကို မဖြစ်မနေ ရေးမယ်
ဆိုပြီး အိပ်ငိုက်နေရင်းနဲ့ အိပ်ငိုက်နေတဲ့အကြောင်း မဖြစ်ညစ်ကျယ် တပုဒ်
ရေးမိတယ်။ အခုလည်း လုပ်ပြန်ပြီ။ မရေးဖြစ်တဲ့အကြောင်းတဲ့ ရေးပြန်ပြီ။

စာမရေးဖြစ်တဲ့အကြောင်းက ရေးစရာလားလို့ မေးခွန်းထုတ်နိုင်ပါတယ်။
ရေးစရာပေါ့လို့ပဲ ပြန်ဖြေရမှာပါ။ ခရီးလွန်နေလို့၊ နေမကောင်းလို့၊ အပျော်
လွန်နေလို့၊ အလုပ်များနေလို့၊ အင်တာနက် မရှိတဲ့နေရာ ရောက်နေလို့
စသဖြင့် အကြောင်းပြစရာ ကိစ္စတွေရှိရင် ဒါတွေကြောင့် စာမရေးဖြစ်ဘူး
လို့ ရေးတော့ စာဖတ်သူက အော်...ဒါကြောင့်ကိုး...လို့ သိသွားရတာပေါ့။

အခုရေးတာက ဘလော့ဂ်မှာရေးတာဆိုတော့ ဗုံမဟုတ် ပတ်မဟုတ်စာတွေ
ရေးမိရင် ရံဖန်ရံခါ လာလာပြီး ဖတ်ရှုကြသူတွေအတွက်အားနာသလိုလည်း
ဖြစ်ရပြန်တယ်။ ကိုယ့်ရဲ့စာကို ပိုက်ဆံပေးပြီးဖတ်ကြတာမဟုတ်ပေမဲ့လည်း
အချိန်ပေးပြီးဖတ်တာကိုပဲ ကျေးဇူးတင်ရမယ့် သဘောရှိနေတာကိုး။ အလ
ကားရတဲ့နွား သွားဖြဲမကြည့်သင့်ဖူးလို့ ပြောရင်လည်းသင့်မယ် မထင်ဘူး။
မကြိုက်ရင် မဖတ်နဲ့ပေါ့လို့ ပြောရင်လည်း ကြိုက်ကြမယ် မထင်ဘူး။

ကိုယ်လည်း အားတဲ့အခါ ဟိုဘလော့ဂ်သွားကြည့်၊ ဒီဘလော့ဂ်သွားကြည့်လုပ်
တတ်ပါတယ်။ အခြေအနေတချက်ကြည့်ပြီး မဖတ်ပဲနေတာတွေ အများကြီးပါပဲ။
ရေးသမျှအစအဆုံး ဖတ်ဖြစ်သွားတာလည်း အများကြီးပါပဲ။ ကဲ..အခုဟာက
ဘာကိုဆိုလိုနေတာတုံးလို့ မေးကြတော့မယ် ထင်တယ်။ ပြောချင်တာက ရေး
တဲ့သူက ကောင်းမယ်ထင်လို့ရေးထားတဲ့ စာတွေကို ဖတ်တဲ့သူက ကောင်းမယ်
ထင်ရင် ဖတ်ကြပါလို့ ပြောချင်တာပါပဲ။

ဒါကိုများ စကားလုပ်ပြီးပြောနေစရာလား လို့မေးလာပြန်ရင်လည်း ခံရဦးမှာပဲ။
တခါတခါ လူတွေက ရေးသမျှကို အဟုတ်ကြီးမှတ်ပြီး အတည်ပေါက်နဲ့ ဖတ်မိ
သွားမှာစိုးလို့ ပြောရတာပါလို့ ဆင်ခြေတက်ပါမယ်။ ကိုယ်လည်း ဒီလိုကြုံခဲ့ဖူး
တာကိုး။ တချို့လူတွေရဲ့စာတွေကို အဟုတ်ကြီးမှတ်ပြီး အချိန်ပေးဖတ်ခဲ့ဖူး
တယ်။ ဖတ်ပြီးမှ နောင်တရခဲ့ဖူးတယ်။ ဒီလိုမဖြစ်အောင် ပြောနေတာပါ။

အခုစာကိုပဲ ကြည့်ပါ။ အစမှာချီခဲ့တုန်းက စာရေးစရာတွေ များလွန်းတဲ့ကြားက
မရေးဖြစ်တဲ့အကြောင်းကို အတည်ပေါက်နဲ့ပြောလာပြီး အခုတော့ ပုံမလာရင်
မဖတ်နဲ့လို့ ပြောနေပြန်ပြီ။ ဒီလူ ဘယ်လိုလူလဲ။ ရှေ့နောက် မညီတာတွေ လုပ်
နေပြန်ပြီ။ တော်ပြီ။ ဒီစာကို ဖတ်မနေနဲ့တော့။ အလကားစာ။ အားလို့ လျှောက်
ရေးနေတာ။ ဒီဟာကိုဖတ်မယ့်အစား ပျင်းတာကမှ အရသာရှိဦးမယ်။

(ဓါတ်ပုံ ၊ ဂူဂလ်)

Sunday, May 22, 2011

စူပါမင်း















စူပါမင်း။ မင်းဟာ ဒုက္ခိတဆိုပေမဲ့ ငါ့ထက် ပိုပျော်ရွှင်နိုင်တဲ့သူ။ မင်းရဲ့ခြေထောက်
တွေ မသန်စွမ်းလို့ ဘီးတတ်လှည်းနဲ့ နေရသူ။ ဒါပေမဲ့ မင်းဟာ ငါ့ထက် ကမ္ဘာပတ်
နိုင်သူ။ မသန်မစွမ်းဆိုပေမဲ့ ငါ့အမျိုးသမီးထက် ပိုချောသူကို မင်းက ရထားသူ။
ဟေ့ကောင်စူပါမင်း။ မင်းနာမည်ကို လက်ဘက်ရည်ဆိုင်ကလည်း ယူသုံး။ ဆေးလိပ်
ခုံကလည်းယူသုံး။ ဆံသဆိုင်ကလည်း ယူသုံး။ မင်းရဲ့ပုံကို စာအုပ်မျက်နှာဖုံးမှာလည်း
တွေ့။ကြော်ညာဆိုင်းဘုတ်မှာလည်း တွေ့။ ရုပ်မြင်သံကြားမှာလည်း တွေ့။ ဘယ်လို
လဲကွ။ မင်းက အဆင်ပြေလှချီလား။

ဟေ့ကောင် သူငယ်ချင်း စုပါမင်း။ မင်းနဲ့ငါက အိမ်နီးချင်း၊ ကျောင်းနေဘက်။ ဆွေ
မျိုးစပ်ရင်တောင် သိပ်မကင်းတဲ့ကောင်ပါကွာ။ မင်းနဲ့လုပ်တဲ့ အင်တာဗျူးတွေက
လည်းဟိုမှာတွေ့လိုက် ဒီမှာတွေ့လိုက်နဲ့။ ငယ်ငယ်တုန်းက နှစ်လုံးကွဲအောင်
တောင် စကားမပြောတဲ့အကောင်။ အခုတော့လည်း လူတတ်ကြီးလုပ်ပြီး ဟော
လို့၊ ပြောလို့။ မင်းကများ ငါတို့ကို ဆုံးမ နေရတယ်လို့။ ဟား...ဟား...ဟား...။

စူပါမင်း...စူပါမင်း....။ မင်းနာမည်အရင်းက စိန်ထွန်းပါကွာ။ လူတွေကတော့
မင်းကို စူပါမင်းလို့ပဲ သိနေကြတော့တယ်။ မှတ်မိသေးလား စိန်ထွန်း။ အလယ်
တန်းကျောင်းမှာတုန်းက မင်းကို နောက်လားပြောင်လား လုပ်တဲ့အကောင်တွေ
ငါဝင်ထိုးခဲ့တာ။ အဲဒီတုန်းကတော့ မင်းက ငါ့ကို စူပါမင်းဆို...ကွ။ ဟော...အခု
တော့ စူပါမင်းက အရက်သမားဖြစ်ပြီး လမ်းမလျှောက်နိုင်တဲ့ကောင်က စူပါမင်း
ကြီးဖြစ်နေပါရောလား။ ဟား...ဟား...ဟား...ဟား..။

ဟေ့ကောင် စိန်ထွန်း။ ငါမသိတဲ့အချိန်မှာ မင်းဘာတွေလုပ်ခဲ့လို့ အခုလိုကြီးပွါး
နေရတာလဲ။ ငါ့မှာတော့ သင်္ဘောလိုက်၊ မှောင်ခိုကူး၊ ရွှေတူး၊ ကျောက်တူး။
နောက်ဆုံးတော့လည်း ဘာမှမထူး။ ရှာသမျှကုန်။ ဒုံရင်း..ဒုံရင်း..။ မင်းကတော့
နိုင်ငံကျော် တက်ကျမ်းဆရာကြီးကို ဖြစ်လို့။ နိုင်ငံတကာတောင် လိုက်ပြီး ဟော
ရ ပြောရနဲ့။ တယ်ဟုတ်နေပါလားကွ စိန်ထွန်းရ။ ဟားဟား...ဟားဟား..။ စူပါ
မင်းကြီး စိန်ထွန်းရ။

ငါ့ကိုလည်း ပြောလှည့်ပါဦး၊ ဟောလှည့်ပါဦးကွ။ မိန်းမက နောက်မီးလင်း။
သမီးအကြီးက လင်နောက်လိုက်။ အလတ်ကောင်က အခြောက်ဖြစ်။ အငယ်
မလေးက မရေမရာ။ သူငယ်ချင်း စူပါမင်းကြီးရေ ကယ်ပါဦးဟ။ ငါ့ဘ၀ကို။ မင်း
ပြောသလို ငါလည်း ကြိုးစားခဲ့တာပါပဲကွာ..။

မှတ်မိသေးလား။ ငယ်ငယ်တုန်းက စူပါမင်းရုပ်ရှင် မင်းနဲ့ငါ အတူကြည့်ကြတော့
စူပါမင်း တကယ်ရှိ မရှိ ငြင်းခဲ့ကြတယ်လေ။ အဲဒီတုန်းက စူပါမင်းဆိုတာ မရှိဘူး
လို့ မင်းကပြောတော့ ငါတောင်မင်းကို စိတ်ဆိုးခဲ့သေးတယ် မဟုတ်လား။ အခု
တော့ မင်းက စာရေးဆရာ၊ တက္ကသိုလ် ကထိက၊ ရုပ်ရှင်သရုပ်ဆောင်၊ ပန်းချီ
ဆရာ၊ အားကစားသမား၊ ကဗျာဆရာ၊ စန္ဒယားဆရာ နိုင်ငံတော်ကိုယ်စားပြု
ပုဂ္ဂိုလ်၊ လူထုရဲ့စံပြ။ ဟိုလူက သဘောကျ၊ ဒီလူက သဘောကျနဲ့ စူပါမင်းကို
ဖြစ်လို့။

သူငယ်ချင်း....စိန်ထွန်း...စူပါမင်းရေ....။ မိုးပေါ်ကိုတက်ပြီးတော့သာ ပျံပြလိုက်
ပါတော့ကွာ....။ အခုချိန်မှာ မင်းက မိုးပေါ်ကိုပျံနိုင်တယ်လို့ ပြောရင်လည်း လူ
တွေက ယုံကြတော့မှာပဲကွ။ မင်းက စူပါမင်း ဖြစ်နေပြီကိုး..။ ဟား..ဟား..ဟား....။

(ရုပ်ပုံ ၊ ဂူဂလ်)

Monday, May 16, 2011

ငိုက်သော်ရှိ မငိုက်သော်ရှိ












လူမှန်လျှင် ငိုက်ခြင်းအမှုကို ပြုတတ်မြဲပင်။ ငယ်စဉ်က ဖြေဆိုခဲ့ရသော စာမေးပွဲများ
အတွင်း “ငိုက်ခြင်းဟူသည် အဘယ်နည်း” ဟူသောမေးခွန်း မပါဝင်ခဲ့သဖြင့် ငိုက်မြည်း
မှုအကြောင်းရှင်းပြရန် အနည်းငယ် အခက်အခဲကြုံနေရပါသည်။ သို့ရာတွင် ကိစ္စမရှိ
ပါချေ။ ကျနော်ကြားဖူးသလို ပြောဆိုပါမည်။

အိပ်ရေး မ၀၍ ငိုက်မြည်းခြင်း။ အိပ်ရေးဝသော်လည်း အစာစားပြီး အဆီရစ်၍ ငိုက်
မြည်းခြင်း။ငိုက်သောအကျင့်ကို စွဲနေသောကြောင့် ငိုက်မြည်းခြင်း။ အာရုံကြော
အားနည်းမှုကြောင့် ငိုက်တတ်ခြင်းနှင့် ပျင်းရာမှငိုက်လာခြင်း စသည်အားဖြင့်
အမျိုးမျိုးသော အကြောင်းကြောင်းတို့ကြောင့် လူတို့ ငိုက်ကြလေကုန်၏။

ယခုလည်း စာရေးသူ ငိုက်လျှက်က ဤစာကို ရေးသားသီကုံးနေခြင်းဖြစ်လေ၏။
စာရေးသူ ငိုက်မြည်းရခြင်းအကြောင်းကား အိပ်ရေးမ၀၍ပင် ဖြစ်လေသတည်း။
ငိုက်မြည်းခြင်း၌ အရသာအချို့ရှိလေသည်။ အမြင် အကြားအာရုံများ လေးလံလာ
သဖြင့် အရာရာ မပီဝိုးတ၀ါးဖြစ်ခြင်းဟူသော အရသာမှာ မူးယစ်ဆေးအချို့ ဈေး
ကြီးပေး၍ သုံးစွဲကာမှ ရတတ်သော အရသာမျိုးနှင့် ခပ်ဆင်ဆင်တူလေ၏။တဖန်
အိပ်ပျော်တလှည့်၊ နိုးတလှည့်နှင့် မြုပ်ချီပေါ်ချီဖြစ်သော အရသာမှာလည်း ထူးကဲ
မှုရှိကြောင်း သင်တို့ကောင်းကောင်း သိထားနှင့်ပြီ မဟုတ်ပါလား။

လူပျိုပေါက်အရွယ်က စာသင်ခန်းအတွင်း ခပ်ချောချောကျောင်းသူတဦး ငိုက်မြည်း
နေပုံကို ထိုင်ငေးခဲ့ဖူး၏။ ထို့ပြင်တ၀ တက္ကသိုလ်ပညာဆည်းပူးခဲ့စဉ်ကလည်း ခပ်
ချောချော ဆရာမနှစ်ဦး နားနေခန်းအတွင်း ပူးတွဲငိုက်မြည်းနေခိုက် အမှတ်မထင်
ကြုံကြိုက်ခဲ့ဖူးလေသည်။ လှပ ချောမောသူများသည် ဟန်ဆောင်မှုကင်းသည့်
ငိုက်မြည်းချိန်၌မှာပင် ချစ်စရာကောင်းနေတတ်ကြောင်း သင်သိထားပါသလား။

ချစ်စရာမကောင်းသည့်အပြင် မုန်းစရာပင်ကောင်းလှသော ငိုက်မြည်းသူများကို
လည်း သင်တို့မကြာခဏ မြင်ဖူးကြလိမ့်မည်ဟု ယူဆ၏။ ၄င်းတို့မှာ အစိုးရ၀န်
ကြီးများ လွှတ်တော်အတွင်း ငိုက်မြည်းနေပုံနှင့် ဌာနဆိုင်ရာအရာရှိကြီးများ
အစည်းအဝေးအတွင်း ငိုက်မြည်းနေကြပုံတို့ပင်။ မုန်းဖို့လည်း မကောင်း ချစ်ဖို့
လည်း မကောင်းသော ငိုက်မြည်းသူများကို ဘုရားကျောင်း၊ တရားပွဲနှင့် ဘာ
သာရေးဆိုင်ရာ အခန်းအနားတို့တွင် ပုံမှန်မြင်တွေ့ရလိမ့်မည်။ အမှန်တကယ်
ချစ်ဖို့ကောင်းအောင် ငိုက်မြည်းသူတို့ကား ကလေးငယ်များပင်တည်း။

စာရှုသူ အသင်။ ဤစာကို “ငိုက်စာ” ဟုခေါ်သည်။ ငိုက်ခြင်းမလှ ငိုက်လာသော်..
စာရေးခြင်းအမှုကို ရပ်ပေလိမ့်မည်။ သို့မဟုတ်။ စာရေးခြင်း ရပ်သွားလိမ့်မည်။
စာရေးသူ ဆိုသည်မှာ စာကိုပုံမှန်ရေးရမည်ဟု အထက်ဆရာများက ငေါက်ထား
ဖူး၏။ ဘလော်ဂါဟူသည်လည်း ထိုနည်းလည်းကောင်း လိုက်နာကျင့်ကြံလော့ဟု
ဆိုဆုံးမခြင်း ခံခဲ့ရဖူး၏။ စာရေးသူ စာမရေးသည်မှာ အတန်ကြပြီဖြစ်၍ ယခုအခါ
ငိုက်နေသော်လည်း အထုံပါရမီ ပါရလေအောင် ဤစာကို အားတင်း၍ ရေးသား
စီရင် ဖွဲ့ဆိုနေပါသည်။

အသင်စာရှုသူလည်း ငိုက်သော်ရှိ၊ မငိုက်သော်ရှိ ဤစာအား ဖတ်ရှုပြီးသကာလ။
အလကား အရည်မရ အဖတ်မရ စာ။ အချိန်ကုန်ခံပြီး ဖတ်မနေတော့ဘူးဟု ဒေါ
သထွက်ပါလေ။ သင်၏နံဘေး၌ ထွေးခံ အဆင်သင့်ရှိနေပါလျှင်လည်း သင်၏
တံတွေးကို “ထွီ” ကနဲ။ သို့တည်းမဟုတ် “ထွမ်” ကနဲ ထွေးချလိုက်ပါလေ။ ဤတွင်
ငိုက်စာ ဆုံးလေ၏ ။ သတ္တ၀ါအပေါင်း ကျန်းမာကြလေကုန်။

(ရုပ်ပုံ ၊ ဂူဂလ်)

Wednesday, May 4, 2011

၂၀၁၁ ပွဲစဉ်များ











တူနီးရှားက စတယ်ခင်ဗျ ။လူထုကြီး အုံကြွတယ်။ အစိုးရကို ဆန့်ကျင်တယ်။ အစိုးရ
ကလည်းနှိပ်ကွပ်တယ်ခင်ဗျ။ ပစ်တယ် ခပ်တယ်။ သတ်တယ် ဖြတ်တယ်။ ထတယ်
ကြွတယ်။ ချီတက်တယ်၊ စုဝေးတယ်။ ဖြိုတယ် ခွင်းတယ်။ သေတယ် ကြေတယ်။
တုန့်ပြန်တယ်။ အာခံတယ်ခင်ဗျ။ဆုတ်တယ် တက်တယ်။ ဟော...ပြေးပြီခင်ဗျ။
ပြေးပြီ..ပြေးကြပြီ။ တူနီးရှားသမ္မတ ထွက်ပြေးသွားပြီ။ သူ့မိသားစုလည်း လိုက်သွား
တယ်ခင်ဗျ။ ရွှေတွေငွေတွေလည်း မသွားတယ်ဗျ။နောက်ဆုံးတော့ တူနီးရှားမှာ
အာဏာရှင်အစိုးရ ပြုတ်ကျသွားပါတယ်ခင်ဗျား..။

လိုက်လာတယ်။ လိုက်လာတယ် ခင်ဗျ။ တူနီးရှားနောက်မှာ အီဂျစ်ကပ်ပြီး လိုက်
လာတယ်။အီဂျစ်လည်း အစပိုင်းမှာ ခပ်ကြမ်းကြမ်းလေး ကစားတယ်။ အစိုးရဘက်
ကလည်း ဖျက်တယ်ခင်ဗျ။ အီဂျစ်လူထုကလည်း မခေပါဘူး။ လူထုအားကို မရ
ရအောင် စုထားနိုင်ပါတယ်။ ဟော.. အမျိုးသမီးတွေလည်း ပါလာပါပြီ။ အထိအခိုက်
အကျအဆုံးလည်း များတယ်ခင်ဗျ။ အီဂျစ်လူထု ကဇွဲကောင်းကောင်းနဲ့ ဆက်ပြီး လှုပ်
ရှားတယ်။ အစိုးရက အင်တာနက်တွေကို ဖြတ်လိုက်တယ်ခင်ဗျ။ လူထုကြီး သွေးဆူ
လာပါတယ်။ ဒီပွဲမှာ ဒိုင်လူကြီးက စစ်တပ်ခင်ဗျ။ မျှမျှတတ ဆက်ဆံတယ်။ လူထုကို
ဘာဒုက္ခမှ မပေးပါဘူး။

ဟော...ပြေးပြီးခင်ဗျ။ ပြေးပြီ။ နောက်တယောက် ပြေးပြန်ပြီခင်ဗျ။ ဟုတ်ပါတယ်ခင်ဗျား။
အာဏာရှင် မူဘာရက် ဆင်းပေးလိုက်ရပါပြီ။ အီဂျစ်တော်လှန်ရေး ကမ္ဘာကျော်တဲ့အထိ
အောင်မြင်ခဲ့ပါပြီခင်ဗျား...။

၂၀၁၁ ကစားပွဲစဉ်တွေကတော့ အကြိတ်အနယ်ပါပဲခင်ဗျ။ အီဂျစ်ရဲ့အရှိန်က ဒေသတွင်း
မှာ တော်တော် သြဇာကြီးပါတယ်။ ထလာပြီ ခင်ဗျ။ ကြွလာကြပြန်ပြီ။ အစိုးရဆန့်ကျင်ရေး
လှိုင်းလုံးကြီးတွေက ဘာရိမ်း၊ ယီမင်၊ ဆီးရီးယား။ ဂျော်ဒန်၊ လစ်ဗျား တ၀ုန်းဝုန်းနဲ့ ထနေ
တယ်ခင်ဗျ။ အိုင်ဗရီကို့စ်ကပွဲလည်း အတော်ကောင်းတဲ့ ပွဲပါပဲ။ သမ္မတနှစ်ဦး အပြင်းအထန်
အလုအယက် အကွဲအပြဲ နွှဲကြတယ်ခင်ဗျ။ အဲဒီမှာလည်း သေကြတယ်ခင်ဗျ။ အိမ်ထဲမှာပုန်း
နေတဲ့ သမ္မတဟောင်းကို သမ္မတသစ်ရဲ့တပ်ဖွဲ့တွေက ၀င်စီးနင်းပြီးဖမ်းလိုက်ကြပါတယ်။
အာရပ်ကမ္ဘာနဲ့ မြောက်အာဖရိကမှာ အာဏာရှင်ဆန့်ကျင်ရေးပွဲတွေ အရှိန်အဟုန်ကောင်း
နေတုန်း ၀ုန်းကနဲ အသံကျယ်ကြီးတခု အာရှဘက်က ထွက်လာတယ်ခင်ဗျ။ ကစားပွဲတွေ
ခဏတိတ်သလို ဖြစ်သွားပါတယ်။

ဂျပန်မှာ ငလျင်ကြီးလှုပ်တာပါခင်ဗျား။ ဆူနာမီလှိုင်းတွေကလည်း ကြောက်ခမန်းလိလိပါပဲ။
အပျက်အစီး အသေအပျောက်ကလည်း သောက်သောက်လဲပါပဲ။ ဒီကြားထဲ နျူကလီးယား
စက်ရုံထိခိုက်သွားလို့ ရေဒီယိုဓါတ်တွေ ယိုစိမ့်လာပါတယ်။ ဂျပန်ပွဲကလည်း ကြမ်းတယ်ခင်ဗျ။
ဒီပွဲမတိုင်ခင် မြန်မာပြည်မှာလည်း ကြိတ်ပွဲလေးတပွဲ နွှဲခဲ့ပါသေးတယ်။ လူစိတ်ဝင်စားမှုတော့
ကောင်းကောင်းမရခဲ့ပါဘူး။ အရပ်သားအစိုးရ ဖွဲ့ပြီး စစ်ဗိုလ်ဟောင်းက သမ္မတတက်လုပ်တယ်
ခင်ဗျ။ ဗိုလ်ချုပ်မှုးကြီးကလည်း နားပြီလို့ဆိုတယ်ခင်ဗျ။ ဒီပွဲကတော့ လူများပြီး ပွဲမစည်ခဲ့ပါဘူး။

ဂျပန်ငလျင်အရှိန်မသေခင်မှာပဲ မြန်မာပြည်အရှေ့ပိုင်းမှာ ငလျင်တခု လှုပ်ခဲ့တယ်ခင်ဗျ။
အကြီးအကျယ်မဟုတ်ပေမဲ့ အတော်တော့ ခံလိုက်ရပါတယ်။ အခုတော့ အသံတိတ်သွား
ပါပြီ။ အသံကျယ်ကျယ် ထွက်ခဲ့တာကတော့ လစ်ဗျားကတိုက်ပွဲတွေပါပဲ။

ပစ်တယ်ခင်ဗျ...ပစ်တယ်...အသားကုန်ပစ်ကြပါတယ်။ ကဒါဖီခေါင်းဆောင်တဲ့ လစ်ဗျား
အစိုးရကလည်းပစ်။ အစိုးရဆန့်ကျင်ရေး သူပုန်တွေကလည်း ပစ်။ ပွဲကြီးပွဲကောင်းပါပဲ။
လစ်ဗျားအစိုးရအရာရှိတွေနဲ့ စစ်ဘက်အရာရှိကြီးတွေ တော်တော်များများ ရာထူးက
ထွက်ကုန်တယ်ခင်ဗျ။ ပြည်သူတွေနဲ့ပေါင်းပြီး အစိုးရကို ပြန်ချတယ်ခင်ဗျ။ တချို့မြို့
တွေကို သူပုန်တွေက သိမ်းထားပါတယ်။ ပြန်လုတယ်ခင်ဗျ... သူပုန်လက်ကမြို့တွေကို
အစိုးရဘက်က ပြန်လုပါတယ်။ လက်နက်ကြီးတွေ သုံးတယ်ခင်ဗျ။ လေကြောင်းတိုက်ပွဲ
တွေပါ နွှဲလာပါတယ်။ ပွဲက လစ်ဗျားမှာ တော်တော်ကြမ်းတယ်ခင်ဗျ။

ရေနံကြောင့်လား မသိဘူးခင်ဗျ အနောက်နိုင်ငံတွေ ပါလာကြပါပြီ။ လစ်ဗျားအစိုးရတပ်
တွေကို တိုက်ဖို့ သူပုန်တွေကိုကူမယ်လို့ ကြေညာလိုက်ပါပြီ။ ပထမပိုင်းမှာ နေတိုးတပ်
တွေက ၀င်မကစားဘူးလိုလို ဘာလိုလိုနဲ့ နောက်ပိုင်းမှာတော့ လစ်ဗျားလေကြောင်းကို
ထိမ်းချုပ်ပြီး ဗုံးတွေ အသားကုန်ဝင်ကြဲပါတယ်ခင်ဗျ။ ကဒါဖီရဲ့သားလည်း ဗုံးထိလို့ကြွ
သွားပါပြီခင်ဗျား။

လစ်ဗျားတိုက်ပွဲတွေမှာ လူတွေအာရုံရှုပ်နေကြတုန်း အင်ဂလန်က ဘင်သံ ထွက်လာပါ
တယ်။ ဘုရင်မကြီးမြေး မင်္ဂလာဆောင်ပွဲခင်ဗျ။ လူငယ်တွေ အာရုံ လွဲသွားပါတယ်။
တိုက်သံခိုက်သံတွေကနေ ဇနီးမောင်နှံ လူရှေ့သူရှေ့နမ်းပြတဲ့ကိစ္စကို ပျော်စရာအဖြစ် အာရုံပြောင်းထားကြပါတယ်။ ကြာကြာမခံဘူးခင်ဗျ။ ပါကစ္စတန်ဘက်က ရဟတ်ယာဉ်
အသံနဲ့ သေနပ်ပစ်သံတချို့ထွက်လာပါတယ်။

ပွဲစဉ်အပြောင်းအလဲက သိပ်မြန်သွားလို့ ပရိတ်သတ်တွေလည်း မျက်စိလည်မတတ်
ဖြစ်သွားကြပါတယ်။ လစ်ဗျားကနေ လန်ဒန်။ လန်ဒန်ကနေ ပါကစ္စတန်ကို ရုတ်တရက်
ပွဲစဉ်တွေ ရွှေ့သွားပါတယ်။ ဘင်လာဒင် အသတ်ခံလိုက်ရပါပြီ။ အမေရိကန်တပ်ဖွဲ့တခု
ရုတ်တရက် ၀င်တိုက်တာပါ။ ပွဲကလောလောဆယ် ခြေရှုပ်နေပါတယ်။ ဘောလုံးက
ဘယ်သူ့ဆီမှာလည်းဆိုတာ မရှင်းသေးပါဘူး။ တုန့်ပြန်ဂိုးတွေ ပြန်သွင်းမယ့်သဘော
လည်း မြင်နေရပါတယ်။ ၂၀၁၁ နှစ်ဝက်တောင်မကျိုးခင်မှာ ပွဲတွေက တော်တော်ကြမ်း
ထားပါပြီ။

မူဆလင်ကမ္ဘာမှာ ရုတ်ရုတ်သဲသဲဖြစ်နေချိန် တရုတ်နဲ့ရုရှားကတော့ ညိမ်နေတယ်ခင်ဗျ။
ပရိတ်သတ်ကြီးကလည်း နောက်ဆက်တွဲပွဲစဉ်တွေကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်
နေကြပါတယ်။ ပွဲကြည့်စင်ကို ဗုံးလာမှန်မှာလည်း စိုးရိမ်ရတယ်ခင်ဗျ။ ပွဲတွေက ကြမ်းနေ
တာကိုး...။ အားလုံးကို သတိထားနေကြဖို့ပဲ သတိပေးလိုက်ပါရစေတော့။ ဘယ်အချိန်
ဘယ်နေရာမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူက ကြိုသိနိုင်မှာတုံး။ သိထားရင်လည်း
လက်တို့ကြပါဦးလို့။

ရေးနေရင်း စဉ်းစားမိတာက ဒီလိုအရေးအသားမျိုး “မင်းလူ” လည်းရေးဖူးတယ်ဆိုတာပဲ။
တကယ်တော့ ကမ္ဘာ့အရေးအခင်းတွေကို ဘောလုံးပွဲနဲ့နှိုင်းပြီးရေးတာ မြန်မာပြည်မှာ
တော်တော် စောစောကတည်းက ရှိခဲ့တာပါ။ ဘယ်သူ စရေးတယ်ဆိုတာတော့ သိဘူး။
အားလုံး ကျန်းမာကြပါစေ။


(ရုပ်ပုံ ၊ ဂူဂလ်)

Monday, May 2, 2011

ညကြီးမင်းကြီး












အိမ်မှာ ဧည်သည်ဇနီးမောင်နှံ ရောက်နေတယ်။ ညပိုင်းမှာ စကားပြောနေကြတုန်း
ချစ်ဇနီးက “ဘင်လာဒင်သေပြီတဲ့” လို့ အိမ်ခန်းထဲက လှန်းအော်တယ်။ တီဗီဖွင့်လိုက်
လို့လည်း ပြောတယ်။ လာနေပါပြီဗျား တီဗီမှာ။ သိပ်တော့ မယုံချင်သေးဘူး။ ဒီ
သတင်းက ဘယ်လောက်သေချာလို့လဲပေါ့။ အင်တာနက်မှာ ထပ်ရှာတယ်။ ဘယ်
သတင်းဌာနတွေက အခိုင်အမာပြောနေပြီလဲ သိချင်လို့။ အမေရိကန်သတင်းတွေမှာ
ပဲ ပါနေတယ်လို့ သတင်းတွေကဆိုတယ်။ ယုံရခက်ခက်။

ရုပ်မြင်သံကြားမှာ သတင်းကြေညာရင်း အိမ်ဖြူတော်ရှေ့မှာ လူတွေစုကုန်ကြပြီလို့
ပြတယ်။ သမ္မတအိုဘားမားလည်း မကြာခင် ဒီသတင်းသေချာကြောင်း ပြောလိမ့်မတဲ့။
တခြားရုပ်မြင်သံကြားလိုင်းတွေမှာလည်း အိမ်ဖြူတော်ရှေ့လူစုနေကြပုံကို ပြနေတယ်။

ဧည့်သည်မောင်နှံနဲ့ ချစ်ဇနီးက မရိုးမရွဖြစ်နေကြပြီ။ “သွားကြရအောင်လား” လို့လည်း
ညှိသလိုလို တွန်းအားပေးသလိုလို လုပ်နေကြပြီ။ အချိန်က ညဆယ်နာရီကျော်ပြီ။ နှစ်ခါ၊
သုံးခါမက ပြောနေကြတော့။ အားလုံးရဲ့သဘောပဲ။ အားလုံးသွားချင်မှ သွားကြစို့လို့ ပြော
တော့။ အားလုံးက သွားချင်ကြပါသတဲ့။ အိမ်ဖြူတော်က သိပ်ဝေးတာမှ မဟုတ်ပဲကိုး။

ဒါနဲ့ပဲ သွားကြပါရော ဆိုပါတော့။ အိမ်ဖြူတော်နားရောက်တော့ လမ်းမတွေပေါ်မှာ ကား
တွေက ဟွန်းသံတွေ ညံနေပြီ။ ပျော်လို့ တီးနေကြတာ။ လူတွေလည်း ပြေးလွှားနေကြပြီ။
မထူးပါဘူး။ ငါတို့လည်းပြေးကြစို့ ဆိုပြီး လူအုပ်ကြီးထဲ ရောက်သွားပါလေရော။ အိမ်ဖြူ
တော်ရှေ့ လူအုပ်ထဲမှာအများစုက လူငယ်တွေပါ။ အိမ်ဖြူတော်နားမှာက ဂျော့ခ်ျဝါရှင်
တန်တက္ကသိုလ် ရှိလေတော့အဲဒီက ကျောင်းသူကျောင်းသားတွေက အများစု။

တဖြေးဖြေးနဲ့ သတင်းသမားတွေလည်း များလာတယ်။ လူတိုင်းက ကင်မရာနဲ့ဆိုတော့
ဘယ်သူက သတင်းသမားလဲဆိုတာ သိရခက်တယ်။ လက်ကိုင်ဖုန်းတွေနဲ့ ဓါတ်ပုံတွေ
ရိုက်၊ ဗီဒီယိုတွေရိုက် အဲဒီဖုန်းကနေပဲ တခါထဲ အင်တာနက်ထဲကိုထည့်ကြ၊ တင်ကြ။
အော်ကြ၊ ဟစ်ကြ။ ကြွေးကြော်ကြ။ နိုင်ငံတော်သီချင်းကိုဆိုကြ။










လူတွေကလည်း အစုံ။ ဥရောပ အုပ်စုကလည်း ဘောလုံးပွဲတွေမှာ အော်သလို
“အိုလေး..အိုလေးအို..လေးအို..အို” ဆိုလား အဲဒီသံစဉ်နဲ့ အော်လိုအော်။ ယူ..အက်စ်..
အေ..။ ယူ..အက်စ်...အေ..ဆိုပြီး အော်လိုအော်။ အိုဘားမား...အိုဘားမားဆိုပြီး
အော်လိုအော်။ အနီးနားက ဓါတ်တိုင်ပေါ် လူတယောက်က တက်ပြီး အလံတက်ချိတ်
တော့ အမေရိကန်နိုင်ငံတော်သီချင်းကို ၀ိုင်းဆိုကြ။ မျိုးစုံပဲ။ လူတွေ ပျော်ကြတယ်။

အိမ်ပြန်မယ်လို့ လူပြန်စုတော့ ညတနာရီခွဲပြီ။ လမ်းပေါ်မှာ လူတွေက လာနေကြတုန်း။
မီးသတ်ကားတွေလည်း ပျော်လို့ဟွန်းတွေတီး။ ရဲတွေလည်း လက်သီးလက်မောင်းတန်း။
မိန်းကလေးတွေထဲမှာ ကတဲ့သူက က။ ခုန်တဲ့သူက ခုန်။ တချို့ယောက်ကျားလေးတွေက
ဘာသဘောမှန်းမသိ အင်္ကျီတွေချွတ်ကြတယ်။ တချို့က အလံတွေခြုံကြတယ်။ တယောက်
နဲ့တယောက် လက်ဆွဲနှုတ်ဆက်။ ဖက်သူ ဖက်။ လက်ဖ၀ါးခြင်း ရိုက်သူ ရိုက်။ ချစ်ဇနီးက
တော့ ဧည့်သည်တွေကို ဧည့်ခံပွဲတခုကိုခေါ်သွားခွင့်ရသလိုမျိုး ကျေနပ်နေပုံရတယ်။ ဧည့်
သည်တွေကလည်း ပျော်လို့။ အိမ်အပြန် ကားထဲမှာ သီချင်းတွေအကျယ်ကြီးဖွင့်၊ ဟွန်းတွေ
တပွမ်ပွမ်တီးပြီး ပြန်ခဲ့ကြတယ်။ တခြားကားတွေလည်း ဒီလိုပဲ။ လူအချင်းချင်း၊ ကားအချင်း
ချင်း နှုတ်ဆက်ကြလို့။ ညကြီးမင်းကြီး။

လူတယောက် သေတဲ့ကိစ္စက ပျော်စရာလား။ ဘင်လာဒင်သေတော့ လူတွေပျော်ကြတာ
တော့ အမှန်။ မပျော်တဲ့လူတွေလည်း ရှိမှာသေချာတာပေါ့။ မပျော်တဲ့လူတွေက ဘာတွေ
ဆက်လုပ်ကြမလဲဆိုတာ စဉ်းစားမိရင် အိပ်လို့ရမှာ မဟုတ်ဘူး။ ဒီလိုနဲ့ ဆက်မစဉ်းစားပဲ
အိပ်ရာဝင်ခဲ့ရတဲ့ညပါ။ ဒီကြားထဲ ဧည့်သည်တွေပြောတဲ့စကားကို မအိပ်ခင်မှာ ပြန်ကြား
ဖြစ်အောင် ကြားမိသေးတယ်။ ငါတို့တိုင်းပြည်က လူကြီးတော့ မသေနိုင်ဘူးကွာ..တဲ့။
အော်...ပါလာပြန်ပြီ ဒီလူတွေ။ လူဆိုးတွေ သေတာ ပျော်စရာကောင်းတတ်သကိုး။


(ဓါတ်ပုံ ၊ ငါ့ဟာ)

Sunday, May 1, 2011

ကသုတ်ကရက်နဲ့ ကုတ္တက်က ကိုကိုကျောက်


( ဆရာကျောက် အမှတ်တရ )

Wednesday, March 30, 2011


ကိုကြီးကျောက်တို့ ကျောင်းပြီးစ ဘဓရမှာ အလုပ်စဝင်တော့ ပထမဆုံးဆင်းရတဲ့ field ကရွှေဘိုခရိုင် ခင်ဦးနယ်က သင်ပေါင်း နဲ့ ကုတ္တက်ဆိုတဲ့ ရွာလေးတွေမှာ၊ ဒီရွာလေးတွေမှာစတည်းချရင်း အနီးပတ်ဝန်းကျင်ကချောင်းလေးတွေက ရွှေစနမူနာလေးတွေယူရတာပေါ့လေ၊ ဒီရွာလေးတွေက
ဧရာဝတီမြစ်ရဲ့ တတိယမြစ်ကျဉ်းဒေသ မြစ်အနောက်ဖက်ကမ်းနယ်ပေါ့၊​ဧရာဝတီမြစ်ရဲ့ တတိယမြစ်
ကျဉ်းဟာ နာမည်ကျော်စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ ရှိနေတာကလား၊

စစ်ကိုင်းပြတ်ရွေ့ကြောကြီးက မြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ် ကူမွန်တောင်ကြားကနေ
တောင်ဖက်ကို တန်းဆင်းလာလိုက်တာ မိုးကောင်းလွင်ပြင်ကိုဖြတ် ကသာထီးချိုင့်ကနေ သပိတ်ကျင်း၊
စဥ့်ကူး၊ စစ်ကိုင်းတောင်ရေခါးအင်း ၊ စစ်ကိုင်း ဆင်များရှင်ဘုရားနားကနေ ၊ နေပြည်တော်၊တောင်ငူ၊ဖြူး၊
ပဲခူး ၊ အဲဒီကနေ ကပ္ပလီပင်လယ်ထဲကို ဆင်းသွားတာကိုး၊ ဧရာဝတီမြစ်တတိယမြစ်ကျဉ်းကလဲ
ပြတ်ရွေ့ကြောကြီးပေါ်ဆိုတော့ မြစ်ကြီးကလဲ တောင်မြောက်ဖြောင့်ဖြောင့်ကြီး မကွေ့မကောက်စီးနေ
တာကလား၊ အဲဒီမြစ်ကျဉ်းထဲက ကျွန်းလေးပေါ်မှာ အညာသီဟတောဘုရားကလဲ တည်နေတာ အင်မတန်သာယာလိုက်တာ၊ ဟော..စဥ့်ကူးမင်းကတော့ အညာသီဟတောဘုရားဖူးထွက်လိုက်မိ တာ ဖောင်းကားစားမောင်မောင်က နန်းသိမ်းထားလို့ ရာထူးလက်လွတ်ဖြစ်ရပါရောလား။

ကိုကြီးကျောက်ကတော့ ကိုယ့်ရာထူးတက်သိမ်းမဲ့သူမရှိနိုင်တာမို့ အညာသီဟတောဘုရားတော့ ခနခနရောက်ပါ့ဗျာ၊ ဒီစစ်ကိုင်းပြတ်ရွေ့ကြောကြီးက ဗမာပြည်အလယ်လူနေထူထပ်တဲ့နေရာကို
ဖြတ်သွားတော့ ဒီပြတ်ရွေ့ကြောကြီးရွေ့ရှားလို့ဖြစ်လာတဲ့ ငလျင်ဒဏ်ကို လူအများခံရတာပါပဲ၊ ၁၉၁၂
ခုနှစ်က ရစ်ချတာစကေး ၈.၀ နဲ့ အခုနေပြည်တော်နဲ့ မဝေးလှတဲ့ နေရာကို ဗဟိုပြုလှုပ်တဲ့ငလျင်ကြီး၊
၁၉၃၀ ခုနှစ်က လှုပ်တဲ့ ပဲခူးငလျင်ကြီးဆိုလဲ ဖြူးနဲ့ပဲခူးမှာလူတွေသေကြတာမနဲပါကလား။
ရွှေမော်ဓေါ ဘုရားရင်ပြင်မှာတွေ့ရတဲ့ငှက်ပျောဖူးတော်ကြီးဟာ အဲဒီတုန်းကပြိုကျခဲ့တာပေါ့၊ ၁၉၅၆ခု စစ်ကိုင်းငလျင်ကြီးကလဲ စစ်ကိုင်းတမြို့လုံးပျက်စီးသွားတာ၊ ကိုကြီးကျောက်ကတော့ မမွေးသေးပါဘူး၊ ကိုကြီးကျောက်မိဘတွေက အဲဒီတုန်းက စစ်ကိုင်းမှာဆိုတော့ သူတို့ပြန်ပြောပြတာမှာ ဆင်များရှင် ဘုရားကြီးပြိုကျပြီး ဘုရားထဲမှာ ရှိနေတဲ့သူတွေ ရာဂဏန်းနီးပါးလောက်သေကြသတဲ့၊
ကိုင်း..ဒီလိုပြတ်ရွေ့ကြောကြီးတွေ ကမ္ဘာအနှံ့မှာ တည်နေပြီး ငလျင်ကြီးတွေ လှုပ်၊ ဆူနာမီတွေဖြစ်နေတာ
လူတွေ မဆင်ချင်ကြ ဆပ်ဆော့ကြလွန်းလို့၊ ပတ်ဝန်းကျင်တွေ မထိန်းသိမ်းကြလို့ ဆိုပြီးခုမှစဖြစ်တာ မဟုတ်ပါဘူး ၊ ဟိုး..နှစ်ပေါင်းသန်းထောင်နဲ့ချီတဲ့ အချိန်ကထဲကဖြစ်ပျက်နေတာကလား၊စစ်ကိုင်းပြတ်
ရွေ့ ကြောကြီးဖြစ်ဖို့ အကြောင်းမှာ အိန္ဒိယကျွန်းဆွယ်ရဲ့ ရွေ့ရှားနေမှုက အဓိကအကြောင်းပါပဲ၊ အိန္ဒိယကျွန်း ဆွယ်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၂၅ သန်းလောက်က အာရှတိုက်နဲ့ တခြားစီ အဝေးကြီး၊ နှစ်သန်းပေါင်း ၂၀၀ လောက်ကမှ စလို့ တဖြေးဖြေး မြောက်ဖက်ကို ရွေ့လာလိုက်တာ နှစ်သန်းပေါင်း ၅၀ လောက်ကစလို့ ဟိမဝန္တာတောင်တန်းတွေ၊ ချင်းတောင်တန်းတွေ ၊ ရခိုင်ရိုးမတွေ သူ့ကြောင့် တွန့်ခေါက်ပြီး ပင်လယ်ထဲကနေ ထွက်လာရတော့တာပဲ၊


လွန်ခဲ့တဲ့နှစ်သန်း ၂၀၀ ဝန်းကျင်လောက်ကဆို ရှမ်းကုန်းပြင်မြင့်ကြီးဟာ ပင်လယ်ထဲမှာငုတ်ချည်
ပေါ်ချည် ပေါ့ဗျာ၊ အောင်ပန်းသားဘလော့ဂါလေး MKS တို့ဆိုရင် အဲဒီအချိန်ကအောင်ပန်းမှာရှိရင်
ဆလုံလေးလို လန်ကွတ်တိလေး ဝတ်ပြီးရေထဲခရုငုတ်နေမယ်ထင်ပါရဲ့ ..ခုတော့ဗျာ..တောင်ပေါ်သားတဲ့ ..အဟတ်၊ မယ်ချစ်တို့ ဆိုလဲ တောင်ကြီးကို သင်္ဘောစီးပြီးသွား၊ beachမှာ ရေမြင်းမကြီးလို အိုက်တင်ထုတ်၊ ကိုကြီးကျောက်ကတော့ သဲသောင်ပြင်မှာ ကောင်မလေးနဲ့ လူးလိုက်လှိမ့်လိုက်နဲ့ ဟို ..တောင်ကြီးက ဘာသာပြန်ဆရာမလေး ရောင်းတဲ့ ကင်းမွန်တို့ငါးတို့ အကင်လေးဝယ်စားနေမှာလို့ စဉ်းစားနေမိသဗျ။


ဒီအိန္ဒိယကျွန်းဆွယ်က အာရှတိုက်ကို ဝင်တိုးနေတော့တရုပ်ပြည်အနောက်တောင်ပိုင်းမှာလဲ ပြတ်ရွေ့
ကြောတွေဖြစ်..ငလျင်တွေခနခနလှုပ်လိုက်တာ ၊တချို့ပြတ်ရွေ့ကြောတွေဆို ဗီယက်နမ်ကမြစ်နီမြစ်ဝှမ်း၊ ဗမာပြည်အရှေ့ပိုင်း ကျိုင်းတုံနယ်၊ မြောက်ပိုင်းက လားရှိုးနယ်က ပြတ်ရွေ့တွေနဲ့ ဆက်စပ်နေတော့တာပဲ၊
မတ်လ ၁၁ ရက်နေ့က တရုပ်ပြည်ယူနန်နယ်က ရင်ကျန်းမှာငလျင်လှုပ်ပြီးလို့ သိတ်တောင်မကြာသေးဘူး၊ ဗမာပြည် လွိုင်မွေမှာ ဆက်လှုပ်တော့တာပဲ၊


ကိုင်း...ကမ္ဘာကြီးကလဲ ဒီလောက်တောင် ဘာကိစ္စလှုပ်ရှားနေတာပါလိမ့်ဆိုတော့ ကမ္ဘာမြေကြီးဟာ ပထမအငွေ့ဘဝ၊ အဲဒီကမှ အရည်၊တဖြေးဖြေးအေးခဲလာတော့ ကျောက်လွှာချပ်ကြီးတွေ ဖြစ်လာ တာကိုး၊ ကျောက်လွှာချပ်တွေကလဲ မိုင် ၅၀ ကနေ မိုင်၂၅၀ လောက်ထိ ထူကြတယ်၊ သူတို့ကကမ္ဘာ့ အတွင်းပိုင်းက ကျောက်ရည်ပူပေါ်မှာ မျောနေသလိုဖြစ်နေတော့ တခုနဲ့တခု တွန်းလိုက်ကြတိုက်လိုက်ကြ၊ တိုက်မိခိုက်မိတော့ ငလျင်တွေ လှုပ်၊ ကျောက်လွှာတွေမှာ ပြတ်ရွေ့ကြောင်းတွေ ဖြစ်၊ ကျောက်ရည်ပူတွေက အတွင်းပိုင်းကနေ အက်ကြောင်းအတိုင်းတိုးထွက်လာတော့ မီးတောင်တွေဖြစ်ကုန်ရတာပေါ့၊


ကဲ..ကိုကြီးကျောက်လဲ စစ်ကိုင်းပြတ်ရွေ့ကနေ ကမ္ဘာတောင်တပတ် ပတ်မိတော့မယ်၊ ကိုယ့် field ဆင်းတဲ့နေရာပဲပြန်ကြရအောင်၊ ကိုကြီးကျောက်တို့ ကုတ္တက်သွားတော့ ရွှေဘို ကျောက်မြောင်းကနေ မော်
တော်စီးပြီး ကဘွက်ဆိုတဲ့ ရွာမှာဆင်းတယ်၊ ကဘွက်ဆိုတဲ့ရွာက မြစ်ကျဉ်းရဲ့ တောင်ဖက်အဆုံး၊
ကဘွက်ကနေ ၂ မိုင်လောက်လျှောက်လိုက်ရင် ကုတ္တက်ရောက်ပြီ၊ ကိုကြီးကျောက်တို့က ရိက္ခာဝယ်ရင် ကဘွက်ရွှေတောမှာလဲ ဝယ်ရင်ရတယ်၊ ဒါပေမဲ့ ကျောက်မြောင်းပဲ သွားဝယ်တယ်၊ ပစ္စည်းပိုစုံတာကိုး၊


တနေ့ ရိက္ခာသွားဝယ်တော့ လမ်းမှာ ကောင်မလေး ၃ ယောက်နဲ့ တွေ့ရော၊ ကိုကြီးကျောက်တို့ကလဲ
ကျောင်းပြီးစ အသက် ၂၀ ဝန်းကျင်၊ ကောင်မလေးတွေကလဲ အဲဒီဝန်းကျင် ဆိုတော့ ...အဟင်း... သိတယ်မို့လား..၊ ချက်ချင်းပဲ အဖွဲ့ကျသွားတော့တာပဲ၊ ကိုယ်ကလဲ အပျိုမြင်ရင် အာဝိဇ္ဇန်းကရွှင်၊
သူတို့ကလဲ ရွယ်တူကောင်လေးတွေ ဘာပြောပြောသဘောကျ ၊ ခိုးခိုးခစ်ခစ်နဲ့ ဖြစ်နေတာပဲ၊ သူတို့က ရွှေဘိုသူတွေ၊ ရွှေတောကို အလည်လာတာ၊ ရွှေဘိုပြန်မှာဆိုတော့ ကိုကြီးကျောက်က
မေပျိုရယ် နေညိုရင် ရွှေဘို မှာဆုံစို့ကွယ်လို့ ပြောတော့ ...အင်း..လိုက်ခဲ့လေတဲ့..၊ ကိုကြီးကျောက်တို့ကို ဘယ်ရွာကလဲလို့ မေးတော့ ကသုတ်ကရက်နဲ့ ကုတ်တက် ကကိုးဗျ....လို့ဖြေတော့ မယုံပါဘူးတဲ၊့


အင်း...ယုံချင်စရာလဲမရှိပါဘူး..၊ မန္တလေးမှာကျောင်းနေ၊ ရန်ကုန်မှာအလုပ်ဝင်တဲ့ ကိုကြီးကျောက်တို့
ဒီဇိုင်းက အဲဒီဖက်က ရွာသားတွေနဲ့ မတူတာတော့ အမှန်ပါပဲ၊ ဒါနဲ့ ကိုကြီးကျောက်က လမ်းဘေးက
ခြုံဖုတ်ကို လက်ညှိုးထိုးပြပြီး ဟိုမှာ...ယုံယုံ...လို့ ပြလို့ သူတို့လဲ ခြုံဖုတ်ကို လှမ်းကြည့်လိုက်ရော ကိုယ်ကလူပျိုလက်ဆိုတော့ သိတယ်မို့လား..ဘာလိုလိုဖြစ်နေတဲ့ ကောင်မလေး ကိုပခုန်းတန်းဖက် လိုက်တော့တာပဲ၊ ရုတ်တရက်အငိုက်ဆိုတော့ သူ့တကိုယ်လုံးတုန်သွားလိုက်တာ..စစ်ကိုင်းငလျင် လှုပ်သလိုပါပဲ..အဟင်း...စစ်ကိုင်းပြတ်ရွေ့ကလဲ မနီးမဝေးရှိတယ်မို့လား၊ ကျန်တဲ့ကောင်မလေးတွေ
က ဟေး...ဆိုပြီး လက်ခုတ်တီးကြသဗျ၊

အဲဒီနေ့က ကိုကြီးကျောက်တို့ ရွှေဘိုအထိတော့ မရောက်ပါဘူး၊ နောက်နေ့အလုပ်ကရှိတော့ ကျောက်
မြောင်းကနေပဲ ပြန်ခဲ့တော့တယ်၊ ကျောက်မြောင်းမှာလဲ မအိပ်တော့ပါဘူး..ကျောက်မြောင်းဘိုတဲက
သရဲ သိတ်ကြမ်းသဗျ၊ သစ်သားနဲ့ အသေရိုက်ပိတ်ထားရတဲ့ အခန်းဆိုရင် အခန်းထဲအိပ်မရအောင် တညလုံး ကုတင်ပေါ်ကဆွဲချ၊ ကြမ်းပြင်ပေါ်တရွတ်တိုက်ဆွဲနဲ့၊ မနက်လင်းတော့ အသက်ပျောက်နေတဲ့ သူတွေရှိလာလို့ အသေကိုပိတ်ထားရတာ၊ ခုတော့ သရဲလဲ အနှစ် ၃၀ လောက်ရှိပြီဆိုတော့ မရှိလောက်တော့ပါဘူး၊

ကိုကြီးကျောက်ရဲ့ ဘလော့ဂါညီဖြစ်တဲ့ ကိုအောင်(ပျူနိုင်ငံ) က၊ စစ်ကိုင်းပြတ်ရွေ့နဲ့ သူ့ကြောင့် ငလျင်လှုပ်
လာရင် ဘယ်လိုကာကွယ်နေထိုင်ရမယ်ဆိုတာ tag လာလို့ ရေးလိုက်ရပါတယ်၊ တကယ်တော့ ငလျင်လှုပ်လို့ လူသေတာမဟုတ်ပါဘူး၊ အဆောက်အဦးတွေပြိုကျ၊ ပိမိကြလို့ သေကြရတာပါ၊ စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်အကြီးစားမဖြစ်တာကြာပြီဖြစ်လို့ ခုတခါလှုပ်ရင် ပြင်းထန်နိုင်တာမို့ သတိရှိကြရင်တော့ အကောင်းဆုံးပါ၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ဖြူး၊ ပဲခူး၊ တို့ဟာအထူးသတိထားရမဲ့နေရာတွေပါ၊ ခေတ်မီနည်းပညာနဲ့ ဆောက် ထားတာမဟုတ်ပဲ ပြီးစလွယ်ဆောက်ထားတဲ့ မန္တလေးနဲ့ ပဲခူးက ကန်ထရိုက်တိုက်တွေမှာ နေသူတွေ အတွက်အန္တရာယ်ကြီးပါတယ်၊


LA မှာနေတဲ့ ကျောက်နှမချိုသင်းတို့ကတော့ ငလျင်လှုပ်ရင်ဘယ်လိုနေရမယ်ဆိုတာ သူ့ရုံးမှာလုပ်တုန်းက
ခနခန ရုံးတွေမှာ လေ့ကျင့်နေရတာမို့ သူက ကိုကြီးကျောက်ထက်ပို သိပါမှာပါ၊ ကိုကြီးကျောက်ကတော့
ရွှေစင်တို့မန်းမှာနေတဲ့သူတွေ အကြံပေးချင်တာကတော့ ပြိုကျလဲမသေနိုင်တဲ့ ထန်းလက်တဲမှာနေကြပါ၊ ပိုကောင်းတာကတော့ သစ်တပင်အောက်၊ဝါးတပင်အောက်မှာ နေပြီးတရားအားထုတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ၊


ဒါနဲ့ စကားမစပ် ဖတ်ဖူးတဲ့အကြောင်းလေး တခုတော့ ပြောပါရစေ၊ မင်းတုန်းမင်းကြီးရဲ့ မိဖုယားခေါင် စင်္ကြာဒေဝီမိဖုယားကြီးဟာဗေဒင်ပညာမှာ အလွန်ကျွမ်းကျင်တယ်လို့ ဖတ်ခဲ့ရဖူးပါတယ်၊ မန္တလေးမှာ ငလျင်လှုပ်မယ်ဆိုတာ ဗေဒင်ပညာနဲ့ ကြိုတင်သိနှင့် နေပါသတဲ့၊ ဒါ့ကြောင့် ယတြာချေတဲ့အနေနဲ့ မန္တလေးနန်းတော်တိုင်တွေကို တတောင်လောက် မြေဖို့ထားခိုင်းပါသတဲ့၊ ငလျင်လှုပ်တော့ အင်းဝနဲ့ စစ်ကိုင်းမှာပျက်စီးကြပေမဲ့ မန္တလေးမှာ ဘာမှမဖြစ်ဘူးတဲ့၊ ကိုကြီးကျောက်တို့ရဲ့ စက်ကြိုင်ဗေတီ မိဖုယား
ကြီးလဲ ငလျင်ရပ်ဝန်းကသူ့အိမ်တော်ကိုယတြာချေတဲ့အနေနဲ့ ခေါင်မိုးမြုပ်အောင် မြေဖို့နေအုန်းမလား မသိပါဘူး...။


ဒီ post ကို အရင်တပတ်ကထဲက ရေးပြီး တင်လိုက်တာ err ပြပြီး ပျောက်သွားလို့ ဘာကိုစိတ်တိုရမှန်း မသိဖြစ်သွားပါတယ်၊ ခုမှ ထပ်ရေးပြီးတင်တာ နဂိုရေးသလောက်မရှည်ပဲ ဟိုရောက်သည်ရောက် အဆက်အစပ်ပျောက်နေတာလဲ သည်းခံပေးကြပါ၊ ပညာရပ်ဆိုင်ရာတွေကို အမှန်အတိုင်းပြောရရင် မရေးချင်ပါဘူး၊ ကျောင်းတုန်းက ဆရာတွေ reference ညွှန်းသလို ဟိုစာအုပ်၊ ဒီစာအုပ်ရှာဖတ်လို့ သာပြောလိုက်ချင်တာပါပဲ၊ ကိုကြီးကျောက်ကိုယ်တိုင်ကလဲ ကိုယ်စိတ်မဝင်စားတဲ့အကြောင်းတွေကို အားနာပါးနာ သွားမဖတ်ချင်သလို သူများတွေကိုလဲ ရေးမပြချင်တာအမှန်ပါ ။


ပုံတွေအားလုံး google ကရှာပါသည်။

http://penai22.blogspot.com/2011/03/blog-post_30.html


သွားနှင့်သူ ဆရာကျောက် ပျော်ရွှင်ပါစေ...။