Friday, April 30, 2010

ကွဲကြလေသတည်း











အချစ်အကြောင်း မဟုတ်။ လင်မယားကွဲတဲ့အကြောင်း မဟုတ်။
ဗုံးကွဲတဲ့အကြောင်း စာစီကုံးမလို့ပါ။ ဗုံးကွဲတာများ အဆန်းလုပ်ပြီးပြောမနေ
ပါနဲ့တော့။ ဒီအကြောင်းက ဒို့ဆီမှာရိုး ဟိုး ဟိုး ၀ိုး နေတဲ့ကိစ္စလို့ပြောရင်လည်း
တတ်နိုင်ဘူး။ ဗုံးတွေက ဒလစပ်ကိုပဲ ကွဲနေတော့တာကိုး။

အဟမ်း ။ တလအတွင်း ဗုံးပဒေသာကို ကြေညာပါတော့မယ်။ ဧပြီတလထဲမှာကိုပဲ
ဒို့မြန်မာပြည်တလွှား ကွဲလိုက်တဲ့ဗုံးတွေများ အလုံး၃၀လောက်တောင်ရှိမလားပဲ။
ကချင်ပြည်နယ် မြစ်ဆုံမှာကိုပဲ ၁၀လုံးတဲ့။ ရန်ကုန်သင်္ကြန်ဗုံးက ၃လုံး။ ကယားပြည်
နယ်မှာ လွိုင်ကော်။ မွန်ပြည်နယ်မှာ ကျိုက်မရော။ ကရင်ပြည်နယ်မှာ ကော့ကရိတ်။
ပဲခူးတိုင်းမှာဆို သောက်ရေခပ်ချောင်း စီမံကိန်းတဲ့။ တရုတ်နယ်စပ်ဂိတ်တွေနားမှာ
ရောတဲ့။ အကျေရော အညာရော စုံလို့။

ဘယ်သူတွေခွဲနေမှန်းလဲ မသိပါဘူး။ သေချာတာကတော့ အရပ်သူအရပ်သားတွေ
သေကျေ ဒဏ်ရာရကြတယ်ဆိုတာပါပဲ။ သေတဲ့အထဲ ကိုယ့်အမျိုးအဆွေတွေတော့
မပါသေးပါဘူး။ နေပြည်တော်ကလွဲလို့ မြို့ မှာလည်းကွဲ၊ နယ်မှာလည်းကွဲဆိုတော့
ဘယ်နေ့ ကိုယ့်လူတွေပါမယ်မသိဘူး။

အာဖဂန်စစ်ပွဲမှာ အမေရိကန်တွေနာမည်ပျက်နေတာလည်း ဒါကြောင့်ပဲ။ မမြင်
မကန်းနဲ့ ဗုံးတွေလှိမ့်ကျဲ။ မဆိုင်တဲ့လူတွေ သေ။ ဆိုင်တဲ့လူတွေ ရှင်။ တာလီဘန်
တွေလည်း ဘာထူးလဲ လုပ်လိုက်ရင် ကိုယ့်ပြည်သူတွေပဲခံရတယ်။ အီရတ်မှာလည်း
ထိုနည်း၎င်း။ အီး အီး ဘယ်သူပေါက်ဆိုရင် မောင်ပေါက်လို့ပြောကြတယ်မဟုတ်လား။
အီးပေါက်တဲ့ တရားခံကိုရှာတဲ့နည်းက ရှိပေမဲ့ ဗုံး ဗုံး ဘယ်သူဖေါက် မောင်ဖေါက်လို့
တော့ပြောလို့ရမယ် မထင်။

ဒီအရှိန်အတိုင်းဆို မြန်မာပြည်လည်း ပေါက်ပေါက်ဖေါက်သလို ဗုံးရှိန်တက်လာတော့
မယ့် သဘောလား။ သေနပ်နဲ့ပစ်ခပ်ကြတဲ့ခေတ်ကုန်သွားပြီထင်တယ်။ ဗုံးထောင်တဲ့
ခေတ်ပြန်ရောက်နေပြီလား။ ငယ်ငယ်က လောက်စာလုံးလုံးပြီးစစ်တိုက်ကြသလို
အိမ်မှာတင် ဗုံးတွေကိုအလွယ်တကူလုပ်ပြီး ဖေါက်နေကြပြီလား။ အသေခံဗုံးခွဲတဲ့
ယဉ်ကျေးမှုကမြန်မာ့ဗုံးသမားတွေဆီ ကူးဆက်လာလေမလား။ ဗုံးလန့်တယ်ဆိုတာ
ဒါကိုပြောတာနေမှာ။

ဘယ့်နဲ့ကြောင့်များ ပြည်သူတွေသေမှာကို ထည့်တွက်ပြီးလုပ်နေကြပါလိမ့်။
ဗုံးသမားများ ကြည့်လုပ်ကြပါဦး။ ကျုပ်နဖူးလည်း လာမှန်နေပါဦးမယ်။ ဖေါက်ရာ
တခြား၊ ပေါက်ရာတခြား။ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး လက်ညှိုး
နံကြားထောက် အပျော်များဖေါက်နေကြသလား မောင်ရို့ ။

ဟုတ်မှလည်း လုပ်ကြပါဗျား။ သတိလေးများလည်းထားကြပါဦးလို့ သတိပေး
လိုက်ပါရစေ။ တောင်းပန်ပါတယ်။ အိမ်ခေါင်မိုးပေါ် သရက်သီးကြွေကျရင်ပဲ
ဗုံးကွဲပြီဟလို့ ထင်ရတဲ့ခေတ်ရောက်နေလို့ပါ။ အားလုံး ကျန်းမာကြပါစေ။

(ရုပ်ပုံ ထုံးစံအတိုင်း ဂူဂလ်)

3 comments:

သက်ဝေ said...

ဗုံး ပဒေသာကို လာဖတ်သွားတယ်...
တော်တော်တော့ စိတ်ပျက်စရာကောင်းတာနော်...
ကျွန်တော်တို့လက်ထဲမှာ ဗုံးရှိဖို့ဆိုတာ ဖြစ်နိုင်ချေ တအားနည်းတယ်လေ... ဒီတော့ကာ...

ပြောရင်းဆိုရင်း ဗုံး... အဲ.. အဲ... ဖုန်းလာနေလို့ သွားလိုက်အုံးမယ်နော်...း))

မြတ်မွန် said...

ဟုတ်ပါတယ်..ပေါက်လိုက်တဲ့ အုံးဆိုပြီး..
ပျောက်လိုက်တဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်..

Nge Naing said...

ကိုပေါ ဘလော့ဂ်က ရောက်လာပါတယ်။ ရေးသားပုံရော အကြောင်းအရာကိုပါ သဘောကျပါတယ်။